အွန်လိုင်း ဘောလုံးစွမ်းရည်ပြိုင်ပွဲ

0
554
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းအတွင်းတွင် ဘောလုံးစွမ်းရည်ပြိုင်ပွဲတစ်ခုကို အွန်လိုင်းမှ တစ်ဆင့် ကျင်းပရန်ရှိနေကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

၁၈ ကိုက်အကွာအဝေးတွင်ရှိသော ဂိုးတိုင်၊ ကိုးဘားတန်းတို့ကို ဘောလုံးဖြင့် ထိအောင်ကန်ပြခြင်း၊ အချိန်းငါးမိနစ်အတွင်း ဘောလုံးအား ခြေဖျားဖြင့် ဘယ်၊ ညာ အချက် ၂၀၊ ခြေခွင်ဖြင့် အချက် ၂၀၊ ဒူးဖြင့် အချက် ၂၀ စသည့်ဖြင့် ခတ်ပြခြင်း စသည့်စွမ်းရည်တို့ကို ပြသရမည်ဖြစ်သည်။

ယင်းသို့ ခတ်ပြ ပြိုင်ပွဲဝင်နေသည်ကို အွန်လိုင်းမှ တိုက်ရိုက်လွှင့်ပြီး အကဲဖြတ်အမှတ်ပေးမည်ဖြစ်သည်။

မြန့်မာ့လက်ရွေးစင်ကစားသမားနှင့် မြန်မာနေရှင်လိဂ်ပြိုင်ပွဲများတွင် ပါဝင်ဖူးသူများမှလွဲပြီး မည်သူမဆို အသက်အရွယ်မရွေး ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်သည်။

အဆိုပါပြိုင်ပွဲကို တိုင်းအတွင်း မြို့နယ်အားလုံးတွင် တစ်မြို့နယ်ချင်း စီအလိုက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပါဝင်လိုသူ များအနေဖြင့် သက်ဆိုင်ရာမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန (မြို့နယ်အား/ကာရုံး) တွင်သွားရောက် စာရင်းပေးရမည်ဖြစ်သည်။

အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီး ပြိုင်ပွဲဟု နှစ်မျိုးခွဲထားသည်။ ပြိုင်ပွဲဝင်ရန် စာရင်းပေးလာသူများကို သက်ဆိုင်ရာ မြို့နယ်အလိုက် ပြိုင်ပွဲကျင်းပကာ တစ်မြို့နယ်လျှင် အမျိုးသားသုံးဦးနှင့် အမျိုးသမီး သုံးဦးစီ လူရွေးချယ်မည်ဖြစ်သည်။

ဆယ်မြို့နယ်မှ ရွေးချယ်လာသည့် အမျိုးသားသုံးဆယ်၊ အမျိုးသမီးသုံးဆယ် က ဆက်လက်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲဝင် အားလုံးအနက်မှ အမှတ်အများဆုံးရသူ အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ခြောက်ဦးကိုရွေးချယ်ပြီး ဆုပေးမည်ဖြစ်သည်။

ပထမဆု ကျပ်သုံးသိန်း၊ ဒုတိယဆု ကျပ်နှစ်သိန်း၊ တတိယဆု ကျပ်တစ်သိန်း ဖြစ်သည်။

“အဓိကကတော့ ဒီကိုဗစ်ကာလ ကြီးထဲမှာ ဘောလုံးသမားတွေ ဘောလုံး စွမ်းရည်မပျောက်သွားအောင် ဒီပြိုင်ပွဲကို လုပ်တာပေါ့လေ” ဟု တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

အမျိုးသားပြိုင်ပွဲကို နိုဝင်ဘာလ ၁၁ ရက်မှ ၁၃ ရက်အထိ၊ အမျိုးသမီး ပြိုင်ပွဲကို နိုဝင်ဘာလ ၁၈ ရက်မှ ၂၀ ရက် အထိ ကျင်းပမည်ဖြစ်သည်။

Dawei Watch