တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်းထမ်းများ ရန်ကုန်သို့ ပို့လိုက်သော်လည်း ကုသရေးအခက်အခဲမရှိနိုင်ဟုဆို

0
1254
Dawei Watch, Dawei News, Dawei News Media

ရန်ကုန်တိုင်းတွင် ကိုဗစ်ရောဂါ ကူးစက်မှုများပြားနေသည်ကို ကူညီရန် တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်ထမ်းများကို ပို့လိုက်ရသော်လည်း တိုင်းအတွင်း ကုသရေးပိုင်းတွင် အခက်အခဲ မရှိနိုင်ကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဥက္ကာက ပြောသည်။

တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၂၅ ဦးသည် ရန်ကုန်တိုင်းတွင် ကိုဗစ်ကူးစက်မှုကိုထိန်းချုပ်ရေး ကူညီရန် စက်တင်ဘာလ နောက်ဆုံးအပတ်က ထွက်ခွာသွားခဲ့သည်။ အောက်တိုဘာလ ပထမအပတ်တွင် မြိတ်ခရိုင်မှ ကျန်းမာရေးဝန်ထမ်း ၂၂ ဦးလည်း ထပ်မံသွားရောက်ခဲ့သည်။

ကုန်ကားသမားများကို ကိုဗစ်စစ်၊ တစ်ဦးတွင် ပိုးတွေ့

၎င်းတို့မှာ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသာ ဖြစ်ပြီး ကုသရေးပိုင်းမှ ဝန်ထမ်းများ မဟုတ်သဖြင့် တိုင်းအတွင်း ကုသရေး ပိုင်းမှာ အခက်အခဲမရှိနိုင်ခြင်းဖြစ်ကြောင်း ဒေါက်တာဥက္ကာက ဆိုသည်။

“ကုသရေးက လောလောဆယ် ပြဿနာတော့ မရှိသေးဘူးလို့ အကြမ်း ဖျင်းပြောရမှာပေါ့လေ” ဟု ၎င်းက ဆို သည်။

ကျန်းမာရေးဌာနတွင် ဆေးရုံသည် ကုသရေးအပိုင်းအဖြစ်ပြီး ဆေးရုံအုပ်ကြီး က ဦးဆောင်သည်။ ကိုဗစ်ကုသရေး၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါ စသည့်ရောဂါများကို စစ်ဆေးကုသမှုများကို ပြည်သူ့ ကျန်းမာရေးအပိုင်းက ဆောင်ရွက်ပြီး တိုင်းပြည်သူ့ကျန်းမာရေးဦးစီးမှူးက ဦးဆောင်သည်။

ရန်ကုန်တိုင်းအား ကူညီရန် ထွက်ခွာသွားသူ ကျန်းမာရေးဝန်ထမ်းများမှာ ကိုဗစ်ရောဂါနှင့်ပတ်သတ်ပြီး သတင်းပြန်ကြားပေးနေသော တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိ သူ ဒေါက်တာထွေးမြစိုးအပါအဝင် ဆရာဝန်နှစ်ဦး ပါဝင်သည်။

၎င်းအစား ဒေါက်တာဥက္ကာက ကိုဗစ်ရောဂါအခြေအနေကို ထုတ်ပြန်ပေးနေသည်။

၎င်းတို့မှာ ရန်ကုန်တိုင်းတွင် ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းများကို တစ်လခန့်ကူညီရမည်ဖြစ်ပြီး ထပ်မံခေါ်ယူပါက နောက်တစ်သုတ်ကို ထပ်မံစေလွှတ်ရန် လည်းရှိသေးကြောင်း ဒေါက်တာဥက္ကာက ပြောသည်။

ကျော်သူစိုး