မေးခွန်း အထုတ်မခံရဲသော နိုင်ငံရေးသမားများ

0
941
editorial

မီဒီယာ၊ သတင်းစာသည် ဒီမိုကရေစီ၏ အောက်ဆီဂျင် ဖြစ်ကြောင်း တနင်္သာရီ အပတ်စဉ်က မကြာခဏ ညွှန်းဆိုလေ့ရှိပါသည်။ သတင်းအချက်အလက် ပွင့်လင်းမြင်သာစွာ သိရှိရေး၊ လွှတ်တော်၊ အစိုးရ စသည်တို့ကို ထိန်းကျောင်း နိုင်ရေး၊ ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာအတွက် ကြိုးပမ်းနေသော နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများကို မေးခွန်းထုတ်ရေး သတင်းမီဒီယာ၏ အခန်းကဏ္ဍမှာများစွာ အရေးပါသည်။

ယခုအချိန်ကဲ့သို့သော ရွေးကောက်ပွဲကာလတွင် သတင်းမီဒီယာများ၏ အခန်းကဏ္ဍမှာ အထူးအရေးပါလှသည်။ ပြည်သူများ မှန်ကန်စွာ ရွေးချယ်မဲပေးနိုင်ရန် နိုင်ငံရေး ပါတီများ၊ နိုင်ငံရေး သမားများ၏ စွမ်းဆောင်ရည်၊ လုပ်ဆောင် ချက်များကို အလေးပေး၍ ဖော်ထုတ် တင်ပြကြသည်။ မေးခွန်းထုတ်ကြသည်။ ကတိကဝတ်များ တောင်းကြသည်။

ဒီမိုကရေစီနိုင်ငံများတွင် ဆိုလျှင် ရွှေးကောက်ပွဲဝင် နိုင်ငံရေးသမားများကို မီဒီယာများက မေးခွန်းထုတ်ရုံမက လူထုကလည်း မေးခွန်းထုတ်နိုင်ရန် လမ်းကြောင်းများစွာရှိသည်။ ယင်းအပြင် ရွေးကောက်ပွဲဝင် နိုင်ငံရေးသမားများ၏ အရည်အချင်း ပေါ်လာစေရန် အချေအတင် အငြင်းအခုံပွဲများ ပြုလုပ်လေ့ရှိသည်။ နိုင်ငံရေးသမားများကလည်း မိမိ၏ စွမ်းရည်ကို လူထုရှေ့ မှတ်ကျောက် တင်ခံနိုင်ရန် လူအများရှေ့၊ မီဒီယာအရှေ့ ထွက်လေ့ရှိသည်။

မြန်မာနိုင်ငံတွင်လည်း ပိုမိုလွတ်လပ်လာသည်နှင့် အမျှထိုသို့သော အချေအတင် အငြင်းအခုံပွဲများ လွန်ခဲ့သော ရွေးကောက်ပွဲများတွင် ရှိသလောက် ရှိခဲ့သည်။

သို့သော် ကိုဗစ်ကပ်ဘေးအကြား ကျင်းပရန် ရှိနေသော ရွေးကောက်ပွဲအကြို ကာလတွင် ထိုသို့သော အချေအတင် အငြင်းအခုံပွဲများအကြောင်းအမျိုးမျိုးကြောင့် နည်းပါးသွားသည်ကို တွေ့ရသည်။ ယင်းကြောင့် နိုင်ငံရေးသမားများ၏ အရည်အသွေးကို အကဲဖြတ်နိုင်သော ပေတံတစ်ရပ် အားလျော့သွားသည်။

သာ၍ ဆိုးသည်မှာ လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်လောင်းများမှာ သတင်းမီဒီယာများ၏ တွေ့ဆုံ မေးမြန်းမှုကို လက်မခံခြင်းဖြစ်သည်။ သတင်းမီဒီယာများမှာ အာဏာရ နိုင်ငံရေးသမားများကို ပို၍ဖိကာ မေးခွန်းထုတ်ပြီး ယင်းတို့ကို နောက်လာမည့် ရွေးကောက်ပွဲတွင် ပြန်လည်အရွေးရရန် ထိုက်တန်ခြင်း ရှိ၊ မရှိ ပြည်သူများကို တာဝန်ခံရန်၊ မေးခွန်း အထုတ်ခံရဲရန် များစွာလိုအပ်သည်။

အာဏာရပါတီမှ နိုင်ငံရေးသမားများ၊ ရွေးကောက်ပွဲဝင် လွှတ်တော် ကိုယ်စားလှယ်လောင်းများမှာ ပြည်သူများ ရှေ့မှောက်တွင် ရဲရဲဝံ့ဝံ့ အကဲဖြတ်ခံ နိုင်ရန် များစွာတာဝန်ရှိသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိအာဏာရ နိုင်ငံရေးသမားများ ဖြစ်သောကြောင့် ဖြစ်သည်။

ဒီမိုကရေစီ စနစ်ပိုကောင်းအောင် လုပ်ဆောင်မည်ဟု ကြွေးကြော်နေသော အာဏာရ နိုင်ငံရေးပါတီနှင့် နိုင်ငံရေးသမားတို့မှာ ရွေးကောက်ပွဲအကြို သတင်း မီဒီယာများနှင့် တွေ့ဆုံမေးမြန်းရန် ရင်မဆိုင်ရဲသော၊ မေးခွန်းအထုတ်မခံရဲသည့် သူများဖြစ်ကြောင်း ဤနေရာမှ မှတ်ကျောက်တင်အပ်ပါသည်။

အယ်ဒီတာ (အောက်တိုဘာ ၉၊ ၂၀၂၀)