ကျေးရွာတာဝန်ခံ လိမ်လည်ပေါင်နှံထားသည့် ပုံစံ(၇) တောင်သူလက်ဝယ် မရောက် ရှိသေး

0
498
Dawei Watch, Dawei News, Dawei News Media

ကျေးရွာတာဝန်ခံက လိမ်လည် ပေါင်နှံခဲ့သည့် ပုံစံ(၇) လက်ဝယ်မရောက် ရှိသေးသောကြောင့် မူလပိုင်ရှင်တောင် သူများအနေနှင့် မကျေမနပ်ဖြစ်နေကြ သည်။

ကျွန်းစုမြို့နယ်၊ ဒုံးပုလဲ‌အော်ကျေးရွာနေ တောင်သူကိုးဦးပိုင် ပုံစံ(၇) များ အား ပုံစံ ၁၀၅ ၊ နှင့် ပုံစံ ၁၁ လျှောက် ထားရန်ဟုဆိုကာ ကျေးရွာတာဝန်ခံမှ ၂၀၁၈ ခုနှစ်က တောင်းယူပြီး ပေါင်နှံအလွဲသုံးစား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တောင်သူများမှ သက်ဆိုင်ရာအုပ်ချုပ်ရေးဌာနများသို့ ၂၀၂၀ မေလမှ စတင်တိုင်ကြားခဲ့ရာ ဖြစ်စဉ်အား စုံစမ်းစစ်ဆေးပြီး ကျေးရွာ တာဝန်ခံအား ၂၀၂၀ စက်တင်ဘာ ၁၇ ရက်နေ့တွင် တာဝန်မှ ရပ်ဆိုင်းခဲ့သည်။

နှင်းဆီပါတီ ကိုယ်စားလှယ်လောင်းတစ်ဦး မဲဆွယ်စည်းရုံးအပြန် အမှုဖွင့်ခံရ

ယင်းသို့တာဝန်မှ ရပ်ဆိုင်းခဲ့သော်လည်း လက်ရှိအချိန်အထိ ပုံစံ(၇) များမှာ တောင်သူများ၏လက်ဝယ်သို့ မရောက်ရှိသေးကြောင်း ကိုယ်တိုင် အလိမ်ခံရသည့် ကလင်းကိုကိုဦးက ပြောသည်။

ပုံစံ(၇)နှင့်ပတ်သက်ပြီး အပေါင်ခံထားသူသည် မြိတ်မြို့မှ နာမည်ကြီး သူဌေးတစ်ဦးဖြစ်နေသည်ကို လတ်တလော စုံစမ်းသိရှိရပြီး တာဝန်ရှိသူအချို့ မှလည်း ပုံစံ(၇) အဟောင်းအစား အသစ်ပြန်ထုတ်ပေးရန် ပြောဆိုလာခြင်းများ ရှိခဲ့သည်ဟု ကိုလင်းကိုကိုဦးက ပြောပြ သည်။

“ဒီ ပုံစံ(၇) က မီးလောင်ပျက်စီးသွားတာလည်းမဟုတ်ဘူး။ ဘယ်သူ အပေါင်ခံထားတာလဲလည်း ခုထိရှင်း ရှင်းလင်းလင်း မသိရသေးဘူး။ ကျွန်တော်တို့က မူလအဟောင်းကိုပဲ ပြန်လိုချင်တယ်” ဟု ၎င်းက ပြောသည်။

ကျေးရွာတာဝန်ခံအား ထိရောက်စွာအရေးယူပေးပါရန် တိုင်ကြားခဲ့သော် လည်း လက်ရှိအချိန်တွင် တာဝန်မှရပ်စဲခြင်းသာ ပြုလုပ်ထားသဖြင့် ယင်းအပေါ် တွင်လည်း တောင်သူများက ကျေနပ်ခြင်းမရှိကြပေ။

“ကျွန်တော်က လိမ်လည်မူ၊ အလွဲသုံးစားလုပ်မူ၊ ယုံကြည်အပ်နှံရေး ဖောက်ဖျက်မူ အဲဒါတွေနဲ့ တရားစွဲချင်နေတာ။ ပြီးတော့ ကျွန်တော်တို့ အားလုံးရဲ့ သွားလာကုန်ကျစရိတ်၊ အဲဒါတွေရော ဘယ်လို ပြန်လုပ်ပေးမလဲ” ဟု ကိုလင်းကိုကိုဦး က မေးခွန်းထုတ်သည်။

မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကျွန်းစုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ စက်တင်ဘာ ၁၅ ရက်နေ့စွဲဖြင့် ညွှန်ကြားသည့်စာတွင် ပုံစံ(၇)များအား တောင်သူများ လက်ဝယ်သို့ အမြန်ဆုံးပြန်ရောက်အောင် ဆောင်ရွက်ရေးနှင့် ပြန်လည်ပေးအပ်နိုင်ခြင်းမရှိပါက သက်ဆိုင်သူများမှ ဥပဒေကြောင်းအရ ဆောင်ရွက်သင့်ပါကြောင်း ရေးသားထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျွန်းစုမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီက ပုံစံ(၇) အပေါင်ခံထားသူအား စုံစမ်းနေဆဲ အခြေအနေသာရှိသေးပြီး တိတိကျကျ မသိရှိသေးသလို ပြန်လည်ရယူရေး အခက်အခဲရှိသဖြင့် မူလပုံစံ(၇) အဟောင်းအား တရားဝင် ဖျက်သိမ်းကာ အသစ်များ ပြန်ထုတ်ပေးရန် အစီစဉ်ရှိကြောင်း ပြောဆိုသည်။

“မြေက လက်ရှိပိုင်ရှင်ရဲ့ လက်ထဲ မှာပဲရှိတယ်။ အပေါင်ခံထားသူက လာယူ လို့မရဘူး တရားဝင် ပြန်ထုတ်ပေးမှာပါ” ဟု ၎င်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး စစ်ဆေးတွေ့ရှိရသည်မှာ ကျေးရွာတာဝန်ခံတစ် ဦးတည်းမဟုတ်ဘဲ ၎င်းနောက်ကွယ်တွင် စေခိုင်းသူလည်း ရှိနေသည်ဟု သိရှိရ သဖြင့် အမှန်တရား ပေါ်ပေါက်ရေး၊ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး တွန်း အားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကိုဆန်း