နှင်းဆီပါတီ ကိုယ်စားလှယ်လောင်းတစ်ဦး မဲဆွယ်စည်းရုံးအပြန် အမှုဖွင့်ခံရ

0
1193
Dawei Watch, Dawei News, Dawei News Media

ညီညွတ်သောဒီမိုကရက်တစ်ပါတီ (နှင်းဆီပါတီ)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးကို အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဘုတ်ပြင်းမြို့နယ် ကိုယ်စယ်းလောင်းဖြစ်သူ ဦးတင့်လွင်ကို မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ရာဇသတ်ကြီး ပုဒ်မ- ၂၇၉ နှင့် ၃၃၇ တို့ဖြင့် ပြည်ကြီးမဏ္ဍိုင်နယ်မြေရဲစခန်းတွင် အောက်တိုဘာလ ၄ ရက်နေ့က အမှုဖွင့်ထားခြင်း ဖြစ်သည်။

ရာဇသတ်ကြီးပုဒ်မ-၂၇၉ မှာအများ ပြည်သူဆိုင်ရာလမ်းတွင်မဆင်မခြင် မောင်နှင်ခြင်းဖြစ်ပြီး ပုဒ်မ-၃၃၇ မှာ အခြားသူ၏အသက်ကို သို့မဟုတ် လုံခြုံရေးကို ဘေးဖြစ်စေသောပြုလုပ်မှု (နာကျင်စေမှု) ဖြစ်သည်။

လူတစ်သိန်းကျော်ကို တစ်ပတ်အတွင်း အိမ်တိုင်ရာရောက် မဲစာရင်း စစ်ပေး

ဖြစ်စဉ်မှာ အောက်တိုဘာလ ၄ ရက်နေ့က ကိုယ်စားလောင်းအပါအဝင် ပါတီဝင်များနှင့် ဝန်းရံသူ အပါအဝင် စုစုပေါင်း ၁၅၀ ဦးခန့်က ကား၊ ဆိုင်ကယ်များဖြင့် ဘုတ်ပြင်းမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေးဆောင်ရွက်ခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။

ထိုသို့ မဲဆွယ်စည်းရုံးပြီး ပြန်လာစဉ် ကိုယ်စားလှယ်လောင်းဦးတင့်လွင် မောင်းနှင်သည့် ကားပေါ်တွင် အခြားသူ ငါးဦးလိုက်ပါလာခဲ့သည်။ အဆိုပါ ကားမှာ လေညာ-ရတနာပုံသွားသည့် လမ်းပေါ်ရှိ ဆယ်မိုင်တံတားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တံတားဘောင်အား ဝင်တိုက်ခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။

ထိုသို့ဝင်တိုက်မိသဖြင့် ကိုယ်စားလှယ်လောင်းအပါအဝင် ကားပေါ်ပါသူများ ဒဏ်ရာရရှိခဲ့ပြီး ပြည်ကြီးမဏ္ဍိုင်ဆေးရုံသို့ ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မောင်းလာသည့်ကားတွင် လိုင်စင် ရှိ/ မရှိ စိစစ်နေဆဲဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

Dawei Watch