ကိုဗစ်ကာလ ရန်ကုန်တွင်နေရန် ခက်သောကြောင့် စက်ဘီးစီးပြန်လာသူ

0
2209

ကိုဗစ်ကာလအတွင်း ရန်ကုန်မြို့တွင် နေထိုင်ရန် ငွေရေးကြေးရေး အခက်အခဲရှိလာသဖြင့် နေရပ်သို့ စက်ဘီးစီးပြန်လာသူသည် အောက်တိုဘာလ ၉ ရက် ညကိုးနာရီကျော်တွင် ထားဝယ် မြို့မှ မြိတ်မြို့သို့ ထွက်ခွာသွားပြီဖြစ်သည်။

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင်နေထိုင်ပြီး အသက် ၂၆ နှစ်အရွယ် ကရင်တိုင်းရင်းသားဖြစ်သူ စောလာဘွယ်ထူးသည် ရန်ကုန်မြို့မှ အောက်တိုဘာလ ၄ ရက်တွင် စက်ဘီးတစ်ဖြင့် ထွက်ခွာလာခဲ့သည်။

ကုန်ကားသမားများကို ကိုဗစ်စစ်၊ တစ်ဦးတွင် ပိုးတွေ့

“အခုက အလုပ်လုပ်လို့လည်းမရတော့ဘူးဆိုတော့ ပိုက်ဆံလည်းအဆင်မပြေတော့လို့ ပိုက်ဆံမကုန်မခင် ပြန်လာချင်တာပေါ့။ ဒီအချိန်ကားလည်း မရဘူးဆိုတော့ ဘာနဲ့ပြန်မလည်း စဉ်းစားရင်းနဲ့ စက်ဘီးနဲ့ပြန်မယ်ဆိုပြီး ပြန်လာတာပါ” ဟု စောလားဘွယ်ထူး က ဆိုသည်။

စက်ဘီးတစ်စီးကို လေးသောင်းကျပ်ဖြင့်ဝယ်ယူပြီး ပြန်လာခဲ့ခြင်းဖြစ်သည်။

လမ်းတစ်လျှောက် ပဲခူးတိုင်း ဝေါမြို့နယ် စစ်ဆေးဂိတ်တွင်တစ်ညအိပ်ပြီး ယင်းမှတစ်ဆင့် မွန်ပြည်နယ် ရေးမြို့သို့ ရောက်လာခဲ့သည်။

ရေးမြို့နယ်အရောက်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့်တွေ့ပြီး သူ့အား ထားဝယ်မြို့အထိ အရေးပေါ်ကား ဖြင့်လာရောက်ပို့ပေးခဲ့သည်။ ထားဝယ် အဝေးပြေးကားဝင်းအနီးရှိ စစ်ဆေးရေးဂိတ်တွင် မြိတ်မြို့နယ်မှ ‌ကားဖြင့် လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်။

မြိတ်မြို့ရှိ ကွာရန်တင်းစခန်းတာဝန်ရှိသူများနှင့် တိုင်ပင်ပြီး ကျွန်းစုမြို့နယ်ရှိ နေအိမ်သို့ပို့ဆောင်နိုင်ရန် ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အရေးပေါ်ကားမောင်းသူတစ်ဦးက ပြောသည်။

ကျော်သူစိုး