ကုန်ကားသမားများကို ကိုဗစ်စစ်၊ တစ်ဦးတွင် ပိုးတွေ့

0
358
Dawei Watch, Dawei News, Dawei News Media

တိုင်းခြား၊ ပြည်နယ်ခြား နေရာများသို့ သွားမည့် ကုန်ကားသမားများအား ကိုဗစ်ရောဂါရှိ/ မရှိ စစ်ဆေးလျက်ရှိရာ တစ်ဦးတွင် ပိုးတွေ့ရှိရကြောင်း တနင်္သာရီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် စစ်ဆေးခဲ့သူများအနက် အဆိုပါတစ်ဦးတွင် တွေ့ရှိရခြင်း ဖြစ်သည်။

၎င်းမှာ မြိတ်မြို့မှ လာရောက်သည့် ကုန်တင်ကား ယာဉ်မောင်းဖြစ်ပြီး လက်ရှိတွင် ထားဝယ်ဆေးရုံကြီးသို့ ခေါ်ဆောင်ကုသပေးနေကာ ယာဉ်နောက် လိုက်ကိုမူ ကွာရန်တင်းစခန်းတွင် စောင့် ကြည့်နေထိုင်စေကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဥက္ကာ က ပြောသည်။

“သူက မြိတ်ကလာတာ ရန်ကုန်ပြန် ဖို့ပေါ့နော်၊ အထွက်မှာစစ်လိုက်တော့လေ၊ ပေါ့စတစ်(ပိုးတွေ့) ဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။

ကုန်ကားယာဉ်မောင်းနှင့်ယာဉ် နောက်လိုက်တို့ကို အောက်တိုဘာလ ၆ ရက်မှ စတင်ပြီး ကိုဗစ်ရောဂါ ရှိ၊ မရှိကို စစ်ဆေးနေခြင်းဖြစ်ပြီး ၉ ရက် နေ့အထိ သုံးရက်တာအတွင်း စုစုပေါင်း ၂၂၁ ဦးကို စစ်ဆေးပေးခဲ့ပြီးဖြစ်သည်။

ထားဝယ်နည်းပညာတက္ကသိုလ် ရှေ့ရှိ ကိုဗစ်စစ်ဆေးရေး ယာယီစခန်းတွင် နမူနာယူ စစ်ဆေးပေးနေခြင်း ဖြစ်သည်။ ယင်းသို့ စစ်ဆေးရာတွင် စစ်ဆေးခအဖြစ် တစ်ဦးကို တစ်ကြိမ်စစ် လျှင် ငွေကျပ်နှစ်သောင်းကို တရားဝင် ပေးသွင်းရန် သတ်မှတ်ထားသည်။

ကိုဗစ်ရောဂါပိုးရှိ/ မရှိကို အချိန်နှစ်နာရီခန့်အတွင်း အဖြေထုတ်ပေးနိုင်မည်ဖြစ်ပြီး ပိုးမတွေ့ပါက ထောက်ခံ ချက်လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းကိုဗစ်ကော်မတီ အတွင်း ရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

ရန်ကုန်-ထားဝယ် လမ်းခရီးရှိ စစ်တောင်းတံတား၊ ရေးမြို့နယ် အစရှိသည့် နေရာများတွင် ကိုဗစ်ထောက်ခံ ချက်ပါ/ မပါကို စစ်ဆေးနေပြီး ကိုဗစ် ထောက်ခံချက်လက်မှတ်ရှိမှသာ သွားလိုသည့် တိုင်း သို့မဟုတ် ပြည်နယ်သို့ သွားခွင့်ရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စစ်ဆေးချက်လက်မှတ်ပါမလာဘူးဆိုရင် ကျွန်တော်တို့ကလည်း အဝင်ခံ မှာမဟုတ်ဘူး” ဟု ဗိုလ်မှူးကြီးကျော်ဇေယျ က ပြောသည်။

အလားတူပင် မွန်ပြည်နယ်တွင်လည်း စစ်တောင်းတံတား၊ ဒုံသမိနှင့် ရေးမြို့နယ်တို့တွင် စစ်ဆေးရေးဂိတ် များဖွင့်ပြီး ကုန်တင်ကားသမားများကို ကိုဗစ်ရောဂါရှိ မရှိစစ်ဆေးနေကြောင်း ရေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံဝင်း က ပြောသည်။

ယခင်က မွန်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်း ယာဉ်နောက်လိုက်တို့ကို အစပိုင်း Test kits ဖြင့် အခမဲ့စစ်ဆေးပေးရာမှ စက်တင်ဘာ ၆ ရက်နေ့မှစကာ တစ်ဦး လျှင် ကျပ်နှစ်သောင်းနှုန်း ကောက်ခံနေသည်။

ကိုဗစ်ရှိ/မရှိ စစ်ဆေးချက်ရလဒ်ကို အချိန်နှစ်နာရီခန့်အတွင်း ထုတ်ပေးမည်ဟု တိုင်းကိုဗစ်ကော်မတီအတွင်း ရေးမှူးမှ ပြောဆိုထားသော်လည်း မြေပြင်တွင် မနက်ပိုင်းနမူနာယူထား သည့် အဖြေကို ညနေပိုင်းမှရမည်ဟု ချိန်းဆိုထားကြောင်း ကုန်တင်ယာဉ် မောင်းအချို့က ဆိုသည်။

ဓာတ်ခွဲအဖြေကို အချိန်ကြာမြင့်ပါက နေထိုင်စားသောက်သည့်စရိတ်စက ပိုမိုကုန်ကျနေရကြောင်း ကုန်တင်ကားယာဉ်မောင်း ဦးကျော်စိုးလင်းက ဆိုသည်။

ဦးကျော်စိုးလင်းမောင်းနှင်သည့် ကုန်ကားမှာ အောင်ပန်းမြို့မှ မြိတ်မြို့သို့ ကုန်စိမ်းလာပို့ခြင်းဖြစ်ပြီး လက်ရှိတွင် ဒေသထွက် ရော်ဘာနှင့် ကွမ်းသီးတင်ကာ မန္တလေးနှင့် မုံရွာမြို့တို့သို့ သွား မည်ဖြစ်သည်။

ထို့အပြင် ကိုဗစ်စစ်းဆေးခငွေ ကျပ်နှစ်သောင်းကို ကုန်တင်ကားပိုင်ရှင်က မကျခံသည့်အတွက် ရေရှည်တွင် အဆင်မပြေနိုင်ကြောင်း ဦးကျော်စိုးလင်း က ပြောသည်။

“ကျွန်တော်ကတော့ နောက်တစ် ခေါက်ဆိုရင် သွားဖို့မရှိတော့ဘူး။ အဲလိုမျိုး နှစ်သောင်းတွေ ကျနေတော့ ကျွန်တော်တို့ရတာက ဘယ်လောက်မှ ရတာမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

ယခင်က ကိုဗစ်မရှိကြောင်း ထောက်ခံချက်လက်မှတ်၏ သက်တမ်းကို ၁၄ ရက်သတ်မှတ်ထားသော်လည်း လက်ရှိတွင် ယင်းသတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ပြီဖြစ်သည်။

ဥပမာအနေဖြင့် ရန်ကုန်တွင် ဆေးစစ်ပြီး ကိုဗစ်မရှိကြောင်းထောက်ခံချက်ဖြင့် ထားဝယ်သို့ ကုန်လာပို့ပါက ထားဝယ်မှ ပြန်အထွက်တွင်လည်း ကိုဗစ်ပြန်စစ် ရမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ထားဝယ်ခရိုင် ဦးစီးမှူး ဒေါက်တာဥက္ကာက ရှင်းပြသည်။

ယင်းကဲ့သို့ စစ်ဆေးရန် အောက်တို ဘာလ ၇ ရက်နေ့က ညွှန်ကြားထားကြောင်း ၎င်းက ပြောသည်။

Dawei Watch