အပင်ကျန်းမာရေးနှစ်

0
661

ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်ကို နိုင်ငံတကာ အပင်များ ကျန်းမာရေး နှစ်အဖြစ် ကြေညာသတ်မှတ်ထားပါသည်။ ရည်ရွယ်ချက်မှာ အပင်များကို ကာကွယ်ထိန်းသိမ်းခြင်းက ငတ်မွတ်ဆာလောင်နေရမှုများကို အဆုံးသတ်ရန်၊ ဆင်းရဲမွဲတေမှုလျှော့ချရန် သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန်နှင့် စီပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားဖြစ်စေရန်တို့ကို မည်ကဲ့သို့ အထောက်အပံ့ပြုသနည်းဆိုသည်ကို ကမ္ဘာတစ်ဝန်းသို့ အသိပညာ မြှင့်တင်ပေးနိုင်ရန် ဖြစ်ပေသည်။

အပင်များကိုကာကွယ်ခြင်းက အသက်များကို ကာကွယ်ခြင်းပင် သိပြီးဖြစ်သော်လည်း အမှတ်တမဲ့ ဖြစ်တတ်သော အရေးကြီးအကြောင်းအရာများကိုပြန်လည်ကာပြောဆိုဆွေး နွေးရပေဦးမည်။ အပင်များမှာ ကျွန်ုပ်တို့ ရှူရှိုက်နေရသော လေ၏ အရင်းအမြစ် များပင်ဖြစ်သည်။ ကျွန်ုပ်တို့စားသုံးနေ သော အစားအစာအများစုကို အပင်များ ထံကရနေပေသည်။ သို့ရာတွင် ထိုသို့ ကျွန်ုပ်တို့၏ အသက်ရှင်ရေးအတွက် မရှိမဖြစ်သော လေနှင့် အစားအစာများကို ပေးနိုင်စွမ်းသော အပင်များ၏ ကျန်းမာရေး တစ်နည်းဆိုရသော် အပင်များ သန်စွမ်းကာ ရေရှည်တည်တံ့ရေးအတွက် ကျွန်ုပ်တို့ မကြာခဏ တွေးမိနေ လေ့မရှိကြပေ။ ဤသို့မတွေးမိကြခြင်းကပင် အပင်များအတွက် ဆိုးရွားလှသော ရလဒ်များရရှိလာနိုင်ပေသည်။ ဆိုလိုသည်မှာ အပင်များကို ဂရုတစိုက် အလေးမထားခြင်းကြောင့် အပင်များ တစ်နည်းနည်းနှင့် ပျက်စီးဆုံးရှုံးနေရကာ အကျိုးဆက်အနေနှင့် စားဖွယ်ကောက်ပဲသီးနှံ များမှာလည်း ဆုံးရှုံးပျက်စီးနေရပေသည်။

ကမ္ဘာစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ ကြီး၏ ခန့်မှန်းချက်အရ အပင်ဖျက်ပိုးမွှားများနှင့် အပင်များတွင် ကျရောက်သော ရောဂါများကြောင့် နှစ်စဉ်နှစ်တိုင်း စားဖွယ် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးရမှုမှာ ၄၀ ရာခိုင်နှုန်းလောက်အထိ ပင်ရှိနိုင်သည်ဟု ဆိုသည်။ ဤအခြေအနေမျိုးမှာ သန်းပေါင်းများစွာသော လူများကို စားနပ်ရိက္ခာ မလောက်ငမှုကြုံစေပြီး ကျေးလက်နေ ဆင်းရဲသော ပြည်သူများ၏ ပင်မ ဝင်ငွေရလမ်းဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ဆိုးဆိုးဝါးဝါး ပျက်စီးသွားစေတတ်ပေသည်။

ထို့ကြောင့် အပင်များ၏ ကျန်းမာရေးမှာ တိုးလာနေသော ခြိမ်းခြောက်မှုများအောက်ရောက်နေပေသည်။ ဥတုရာ သီပြောင်းလဲလာမှုနှင့် လူ့ပယောဂများက ဂေဟဗေဒစနစ်ကို ကမောက်ကမ ဖြစ်သွားစေခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲများ ကြွယ်ဝမှုကို လျော့ကျလာစေခြင်းနှင့် အဖျက်ပိုးမွှားများအတွက် ရှင်သန်နေ ထိုင်ရာ နေရာကောင်းများဖြစ်လာစေခြင်း တို့ကဲ့သို့သော အကျိုးဆက်များကို ဆောင်ယူလာသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံရပ်ခြား ဖြတ်ကျော် ခရီးသွားလာမှု များနှင့် ကုန်သွယ်မှု ပမာဏများက လွန်ခဲ့သော ဆယ်စုနှစ်အတွင်း သုံးဆ ခန့်ရှိလာခဲ့ပြီး ယင်းသို့သော အခြေအနေမျိုးက အဖျက်ပိုးမွှားများနှင့် အပင်ရောဂါများကို ကမ္ဘာအနှံ့အလွယ်ပြန့် နိုင်စေကာ မူရင်းအပင်များနှင့် ပတ်ဝန်းကျင်ကို ကြီးမားစွာ ပျက်ယွင်းသွားစေနိုင်ပေသည်။ အပင်ဖျက် ပိုးမွှားများနှင့် ရောဂါများမှာ မကြာခဏဆိုသလိုပင် တိုက်ဖျက်ပစ်ရန် မဖြစ်နိုင်သလိုပင် ထိုပိုးမွှား ရောဂါများကို တိုက်ဖျက်ရေးမှာ အချိန်ကုန်၍ အကုန်အကျများတတ်ပေသည်။

စိုက်ပျိုးရေးလုပ်ငန်းများ၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများနှင့် စားနပ်ရိက္ခာ ဖူလုံရေးကိစ္စများတွင် ဆိုးကျိုးများစွာနှင့် ဒုက္ခပေးတတ်သော အပင်ဖျက်ပိုးမွှား တိရစ္ဆာန်များနှင့် ရောဂါများ၏ ရန်မှ ရှောင်ရှားနိုင်ရန် ကာကွယ်ခြင်းသည် အင်မတန်မှပင် အရေးကြီးသကဲ့သို့ ကျွန်ုပ်တို့အားလုံးတွင်လည်း တာဝန်ရှိပေသည်။ အထက်ပါပြဿနာများကို အဖြေရှာရန် အောက်ပါအချက်များကို ဆောင်ရွက်ရန် ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီးက အကြံပြုထားပေသည်။

ဂေဟစနစ်နှင့်ချဉ်းကပ်ခြင်း
အပင်ဖျက်ပိုးမွှားများနှင့် ရောဂါများကို ကာကွယ်ခြင်းနှင့် ယင်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းနှစ်ခုစလုံးကို သဘာဝကျသော နည်းလမ်းများဖြင့် လုပ်ဆောင်နိုင်ပေသည်။ ဥပမာ၊ အဖျက် ပိုးမွှားတိရစ္ဆာန်များကို ပေါင်းစပ်စီမံခန့် ခွဲခြင်းဟူသောနည်းလမ်းမျိုးဖြစ်သည်။ ဤဂေဟစနစ်နှင့်သဟဇာတဖြစ်သော ချည်းကပ်နည်းတွင် မတူကွဲပြားသော စီမံခန့်ခွဲဆိုင်ရာဗျူဟာများနှင့် အလေ့အထများကို ပေါင်းစပ်ထားကာ အပင် များကောင်းစွာဖြစ်ထွန်းရန်နှင့် ပိုးသတ်ဆေးသုံးစွဲမှုလျှော့ချသော စိုက်ပျိုးရေးမျိုး ဖြစ်ရန်လည်းကြိုးပမ်းသည်။ အဖျက်ပိုးမွှားများကို နှိမ်နင်းရာတွင် အဆိပ်ခတ်ထားသော အရာများကို အသုံးမပြုဘဲ ရှောင်ရှားခြင်းက ပတ်ဝန်းကျင်ကို ကာကွယ်ရုံမျှမက ဝတ်မှုံကူးပေးသော သက်ရှိများ၊ အဖျက်ပိုးမွှားများကို စားသောက်တတ်သော သတ္တဝါများ၊ အပင်များကို အကျိုးပြုသော သဘာဝပစ္စည်းများနှင့် လူနှင့် တိရစ္ဆာန်ကဲ့သို့ အပင်ကို မှီခိုနေရသော သက်ရှိများကိုလည်း အကာအကွယ် ပေးပါလေသည်။

ကျွန်ုပ်တို့အားလုံးလည်းတာဝန်ရှိပါသည်
လူတိုင်းသည် အပင်များ၊ အပင်များမှပြုလုပ်ထားသော ပစ္စည်းများကို နယ်မြေရပ်ခြားသို့ ခရီးထွက်ရာတွင် ဆောင်ကြဉ်းသွားခြင်းကို ရှောင်ကြဉ်ကြရန် လိုအပ်ပါသည်။ ပို့ဆောင်ရေးကဏ္ဍတွင် အလုပ်လုပ်ကိုင်လျက် ရှိကြသော သူများသည် သင်္ဘောများ၊ လေယာဉ်ပျံများ၊ ကုန်တင်ကားများနှင့် ရထားများတွင် အပင်ဖျက်ပိုးမွှား တိရစ္ဆာန်များနှင့် ရောဂါများကို နယ်မြေအသစ်များသို့ ယူမသွားမိအောင်၊ မပါလာအောင် ဂရုပြုရမည်ဖြစ်ပါသည်။ အစိုးရများသည် တစ်နိုင်ငံလုံးနှင့် ဒေသအသီးသီးရှိ အပင်များအတွက် ရှေ့တန်းခံတပ်သဖွယ် အကာအကွယ်ပေးနေသော အပင်ကာကွယ် ထိန်းသိမ်းစောင့်ရှောက်နေသည့် အဖွဲ့အစည်းများကို အထောက်အပံ့များ တိုးမြှင့်ပေးရန်လိုပေသည်။

အပင်များကျန်းမာသန်စွမ်းမှ ငတ်မွတ်ဘေးက ကင်းဝေးရ
ကျွန်ုပ်တို့ စားသုံးနေသော အစား အစာများ၏ ၈၀ ရာခိုင်နှုန်းလောက်ကို အပင်များက ရပေသည်။ ယခုအခါတွင်မူ ယင်းအပင်များမှာ အပင်ဖျက်ပိုး မွှားများနှင့် ရောဂါများကြောင့် နှစ်စဉ် နှစ်တိုင်း ပျက်စီးနေရပေသည်။ ဤသို့ ပျက်စီးရခြင်းကြောင့်လည်း သန်းပေါင်းများစွာသော လူများအဖို့ စားနပ်ရိက္ခာ လောက်ငခြင်းမရှိသော အဖြစ်မျိုးရောက် စေသလိုပင် ကျေးလက်ဒေသနေပြည်သူများ၏ ပင်မဝင်ငွေဖြစ်သော စိုက်ပျိုးရေးကိုလည်း ထိခိုက်စေသည်။ ထို့အပြင် တောင်သူများကော ကုန်သည်များပါ အဆုံးအရှုံးများကြုံရသော အဖြစ်မျိုးလည်း ဖြစ်သည်။ အပင်များ ကောင်းစွာ ရှင်သန်ဖြစ်ထွန်းရန် တွန်းအားပေးပံ့ပိုးသော မူဝါဒများနှင့် လုပ်ငန်းစဉ်များသည် ဆာလောင်ငတ်မွတ်နေရမှုနှင့် အာဟာရမပြည့်ဝမှုကို အမြစ်ဖြတ် တိုက်ဖျက်ခြင်း၊ ဆင်းရဲမွဲတေမှုနှင့် ပတ်ဝန်းကျင်အတွက် ခြိမ်းခြောက်မှုများကို လျှော့ချခြင်းတည်းဟူသော ရည်မှန်းချက်များကို ရရှိနိုင်ပေသည်။

နယ်မြေရပ်ခြား ခရီးသွားလျှင် အပင် ဆောင်ကြဉ်းမှုသတိပြု
အဘယ်ကြောင့်နည်းဟုမူကား တနယ်မှတနယ်သို့ အပင်များယူသွား သည်ရှိသော် ထိုအပင်၌အဖျက်ပိုးတမျိုး မျိုးပါတတ်သည် တစ်ကြောင်း၊ အပင်တွင် စွဲကပ်နေတတ်သော ရောဂါတစ်မျိုးမျိုး ရှိနေတတ်သည် တစ်ကြောင်း ထိုအကြောင်းနှစ်ချက်သည် အခြားသော ဒေသရှိ အပင်များကို ထိခိုက်စေနိုင် သည်သာလျှင်ဖြစ်၏။ ပတ်ဝန်းကျင်၊ စားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေးကို ထိခိုက်နိုင်စေသော ပိုးမွှားများဖြန့်သလို၊ ရောဂါများကို အရပ်တစ်ပါးသို့ ဖြန့်ဖြူးသလို ဖြစ်တတ်၏။ ထို့ကြောင့် မိမိ၏ အပင်များကို အရပ်တစ်ပါးသို့ မဆောင်ယူခင် အဖျက်ပိုးနှင့် ရောဂါ ရှိမရှိသေချာစေရ ပေမည်။ ထိုအရာများ ကင်းပမှသာ ဆောင်ကြဉ်းလိုက ဆောင်ကြဉ်းသွားနိုင်ပေ၏။ သို့ရာတွင် အပင်တစ်မျိုးသည်ပင်လျှင် အရပ်တပါး၌ ရှိပေထသော မျိုးရင်းပင်များကို ပျက်စေတတ်ခြင်းကြောင့် အပင်များကို နယ်ခြားရပ်တစ်ပါးသို့ သယ်မသွားခင် စေ့စေ့ဆင်ခြင် သုံးသပ် ရပေမည်။ အင်တာနက်ဆက်သွယ်ရေးကတစ်ဆင့် မှာယူလျှင်သော်လည်းကောင်း၊ စာတိုက် ပို့ဆောင်ရေးဝန် ဆောင်မှုများကတစ်ဆင့်မှာယူရာတွင် လည်းကောင်း အပင်များ ဝယ်ယူရာတွင် သတိပြုရမည်မှာ ထိုအရောင်းဆိုင်များက အပင်များ၊ အပင်ထွက်ပစ္စည်းများသည် ပိုးမွှားရောဂါကင်းစင်ကြောင်း စစ်ဆေးထိန်းချုပ်မှုမှ ကင်းလွတ်နေသော အရာများဖြစ်နေတတ်ခြင်းဖြစ်ပါသည်။

အပင်နှင့်အပင်ထွက်ပစ္စည်းများ ကုန်သွယ်ရာတွင် နိုင်ငံတကာ စံနှုန်းများကို လိုက်နာပါ။
နိုင်ငံအများအပြားပင်လျှင် စိုက်ပျိုးရေးကို အခြေပြု၍ အပင်နှင့်အပင် ထွက်ကုန်များကို ရောင်းချကုန်သွယ်ကာ စီးပွားရှာနေကြသည်ဖြစ်ရာ အနယ်နယ် အရပ်ရပ်သို့ အပင်များပို့ဆောင်နေခြင်းသည် အပင်ဖျက်ပိုးနှင့် ရောဂါများ နေရာ အနှံ့ရောက်နိုင်ရန် လွယ်နေပေသည်။ ဤသို့အခြေအနေမျိုးတွင် အပင်နှင့် အပင်ထွက်ကုန်များ ကုန်သွယ်မှု ဘေးကင်းစေရန် နိုင်ငံများက လုပ်ဆောင်လျက် ရှိကြကုန်သည်။ အထူးအားဖြင့် နိုင်ငံတကာ အပင်များထိန်းသိမ်းရေးသဘော တူညီချက်များကဲ့သို့သော စံများကို လိုက်နာကြကာ အပင်နှင့် အပင်ထွက်ကုန်များ ကုန်သွယ်ခြင်းမှ ရောဂါနှင့်ပိုးမွှား မပျံ့ရအောင် ထိန်းသိမ်းလုပ် ဆောင်ကြပါသည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် အပင်ရောဂါ နှင့်အဖျက်ပိုး အသစ်အန္တရာယ်မှ ကင်းလွတ်ကာ လူမှု စီးပွားနှင့် ပတ်ဝန်းကျင်အပေါ်ထိခိုက်မှုများ လျော့နည်းပေသည်။ ထို့ကြောင့် အပင်နှင့် အပင်ထွက်ကုန်များ ကုန်သွယ်ရာတွင် နိုင်ငံတကာ စံများကို တိကျစွာ လိုက်နာသင့်ပေသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရင်း အပင် များကိုရှင်သန်ကြီးထွားပါစေ
ဥတုရာသီပြောင်းလဲလာမှုနှင့် လူ့ ပယောဂများက ဂေဟစနစ်ကို ကမောက် ကမဖြစ်စေသလို အဖျက်ပိုးမွှား တိရစ္ဆာန်များအတွက် နေရာကောင်းများ ဖြစ်လာစေနိုင်သည်ဟု အထက်တွင်ဆို ခဲ့ပြီးဖြစ်ပါသည်။ အဖျက်ပိုးမွှား တိရစ္ဆာန် များကျရောက်ခြင်း၊ အပင်ရောဂါများ စွဲကပ်ခြင်းဖြစ်လာလျှင် တောင်သူများအနေနှင့် တတ်နိုင်သမျှ ထိုပြဿနာများကို ကိုင်တွယ်ရပေမည်။ သို့ရာတွင် ဓာတုဆေးဝါးများသုံးကာ အလွယ်ဖြေ ရှင်းခြင်းက ဘေးထွက်ဆိုးကျိုးများရှိသည်ကို ဂရုပြုရန်ဖြစ်ပါသည်။ ထိုဓာတု ဆေးများကြောင့် အပင်များကို အကျိုးပြုသော သက်ရှိများ၊အဖျက်ပိုးများကိုစားသောက်သော သတ္တဝါများ၊ မြေဆီလွှာများ ပျက်စီးခြင်းတို့ဖြစ်နိုင်ပါ၏။ ထို့ကြောင့်တတ်နိုင် သမျှသဘာဝနှင့် သဟဇာတဖြစ်သော နည်းမျိုးသုံးကာ ဆောင်ရွက်သင့်ပါသည်။ အကောင်းဆုံးမှာ ထိုအန္တရာယ်မျိုးမဖြစ်အောင် ကြိုတင်ကာကွယ်ရန် ဖြစ်ပါသည်။

အပင်ကျန်းမာသန်စွမ်းရေး ရင်းနှီးမြှုပ်နှံပါ
အစိုးရများ ဥပဒေပြုအမတ်များနှင့် မူဝါဒ ချမှတ်သူများသည် အပင်များ ကိုကာကွယ်ထိန်းသိမ်းပေးနေသည့်အဖွဲ့အစည်းများကို အားဖြည့်ထောက်ပံ့ သင့်ပါသည်။ ထိုသို့အားဖြည့်ရာတွင် ငွေရေးကြေးရေးတစ်ခုတည်းသာမက လုံလောက်သော လူအင်အား (သက်ဆိုင်ရာပညာရပ်ကျွမ်းကျင်သူများ) ကိုလည်း ပံ့ပိုးအားဖြည့်သင့်ပါသည်။ အပင်များထိန်းသိမ်းရေး ဥပမာ ဒေသမျိုးရင်း အပင်များထိန်းသိမ်းခြင်း၊ ရိုးရာ စိုက်ပျိုးရေးအလေ့အထများကို သုတေသနပြုခြင်း၊ နည်းနာအသစ်များ ကြံဆဆန်း သစ်ခြင်းကဲ့သို့သော ကဏ္ဍများတွင် အစိုးရများအနေနှင့် ရင်းနှီးမြှပ်နှံသင့်ပေသည်။

လေ့လာစောင့်ကြည့်ရေးနှင့်ကြိုတင်သတိပေး စနစ်ထားရှိအားဖြည့်ပါ
အစိုးရများနှင့် မူဝါဒချမှတ်နိုင်သူများ အနေနှင့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် တွေးဆမျှော်မြင် ကြိုဆင်ပြင်လျက် အချက်အလက် အခြေပြုဆုံးဖြတ် မှုမျိုးဖြစ်သင့်ပေသည်။ အပင်များကို ပုံမှန်စောင့် ကြည့်မှုများ လုပ်ဆောင်ခြင်း၊ ဖြစ်ပွားလာနိုင်သော ဘေးများအတွက် ကြိုတင်သတိပေးနိုင်ရန် သတင်း အချက်အလက်များရရှိထားမှုနှင့် အပင်များ၏ ရှင်သန်ကြီးထွားမှုနှင့် ပတ်သက်သော တိုင်းတာနိုင်မည့် စံများချထားခြင်းကို လုပ်ဆောင်သင့်လှပေသည်။

ကိုးကား- http://www.fao.org/plant-health-2020/home/en

Dawei Watch