မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် ပညာရေးဝန်ထမ်း ၁၅၀ဝ၀ ကျော် လျာထား

0
562

မွန်ပြည်နယ်အတွင်း ထားရှိမည့် မဲရုံများတွင် တာဝန်ထမ်းဆောင်ရန်အတွက် ပညာရေးဝန်ထမ်း ၁၅၀ဝ၀ ကျော် လျာထားသည်ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

၎င်းတို့အနက် မဲရုံမှူးတာဝန်အတွက် ၉၅၈ ဦး၊ ဒုမဲရုံမှူးအတွက် ၉၅၅ ဦးနှင့် မဲရုံအဖွဲ့ဝင်အတွက် ၁၃၇၁၇ ဦး ပါဝင်သည်ဟု ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ပြောသည်။

မွန်ပြည်နယ်တွင် မဲရုံပေါင်း ၉၇၃ ရုံကို လျာထားပြီး ၈၄၀ ကျော်မှာ အခြေခံ ပညာကျောင်းများဖြစ်သည်။ ယင်းတို့အတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်မှုများ အဆင်သင့်လုပ်ဆောင်ထားသည်ဟု ပြည်နယ် ပညာရေးမှူးက ပြောသည်။

“ကျောင်းပြန်ဖွင့်ဖို့ ပြင်ဆင်ချိန် ကတည်းကိုက ကျောင်းတွေမှာ (ကူးစက် ရောဂါ) ကြိုတင်ကာကွယ်တဲ့စနစ်တွေ၊ ဘေစင်ကအစ အကုန်လုံးပေါ့။ ကျွန်မတို့မှာ အဆင်သင့်ရှိပါတယ်” ဟု ဒေါက်တာ ချိုချိုမြတ်အောင်က ပြောသည်။

မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်တာဝန်ထမ်းဆောင်သူများကို ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲဆိုင်ရာသင် တန်းပေးရမည်ဖြစ်သည်။

လတ်တလောတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါအခြေအနေကြောင့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား သင်တန်းမပို့ချပေးနိုင်သေးကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။

“မဲရုံမှူးသင်တန်းတွေကျတော့ ကိုဗစ်ကန့်သတ်ချက်ရှိတဲ့အခါကျတော့ ကိုဗစ်ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်ရရင် ဆက်လုပ်မယ်။ ဆက်လုပ်လို့မရဘူးဆိုရင် လမ်းညွှန်စာအုပ်တွေနဲ့ ဗီဒီယိုဖိုင်တွေ နဲ့ လုပ်ဖို့ရှိတယ်” ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲနည်းဥပဒေအရ မဲရုံများကို သတ်မှတ်ရာတွင် မဲဆန္ဒရှင် ၃၀ဝ မှ ၃၀ဝ၀ ထိရှိလျှင် မဲရုံတစ်ရုံထားရှိရန် သတ်မှတ်ထားသည်။

မဲရုံတစ်ရုံတွင် မဲရုံမှူး တစ်ဦး၊ ဒုတိယမဲရုံမှူး တစ်ဦး၊ မဲစာရင်းစစ်ဆေးသူ သုံးဦး၊ ဆန္ဒမဲလက်မှတ်ထုတ်ပေးသူ သုံးဦး၊ မဲရုံလုံခြုံရေး တစ်ဦးနှင့် လက်များကိုမှင်တို့ပေးမည့်အဖွဲ့ဝင်တစ်ဦး စုစုပေါင်း မဲရုံဝန်ထမ်း ၁၀ ဦးသတ်မှတ်ထားပြီး လိုအပ်ပါက မဲရုံဝန်ထမ်းတိုးချဲ့ခန့်အပ်နိုင်ကြောင်း ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်တွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၈ သိန်းနီးပါး ရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှ သိရသည်။

Dawei Watch