သပိတ်မျှောပွဲကျင်းပရန် မသေချာသေး

0
473
Dawei Watch, Dawei News, Dawei News Media

သီတင်းကျွတ်လတွင် ကျင်းပမြဲဖြစ်သည့် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို ယခုနှစ်တွင် ကျင်းပရန် မသေချာသေးကြောင်း တိုင်းအစိုးရအဖွဲ့မှ လူမှုရေး နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က ပြောသည်။

ယခင်နှစ်များက ယခုအချိန်ဆိုလျှင် ပွဲတော်ကျင်းပရန်အတွက် ထားဝယ်ရိုးရာသပိတ်မျှောပွဲကျင်းပရေးကော်မတီများနှင့် အစည်းအဝေးပွဲများ၊ ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ် ပွားနေသဖြင့် ယင်းအစည်းအဝေးများနှင့် ဆွေးနွေးပွဲများကို မပြုလုပ်နိုင်ဟု ဆိုသည်။

“မဖြစ်ဖို့တော့ များတယ်” ဟု ဝန်ကြီးဦးဟိုပင်က ဆိုသည်။

အွန်လိုင်းကနေ ဈေးရောင်းမယ်

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေမှုမြင့်တက်နေခြင်းကြောင့် မဖြစ်မနေပြုလုပ်ရမည့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးဟောပြောခြင်းကိစ္စများအပြင် ဝါတွင်းကာလ ဥပုသ်သီတင်းသီလဆောက်တည်ခြင်းများကိုပါ ကန့်သတ်ထားသဖြင့် လူစုလူဝေးနှင့် ပြုလုပ်ရသည့် သပိတ်မျှောပွဲတော်ကို ကျင်းပရန် မှာ မသေချာသေးဟု ဝန်ကြီးက ပြောသည်။

သို့သော် အခြေအနေနှင့် အချိန်အခါအရ အပြောင်းအလဲရှိနိုင်သည်ဟုလည်း ဝန်ကြီးက ဆိုသည်။

ထားဝယ်ခရိုင်အထွေထွေအုပ်ချုပ် ရေးမှူး ဦးအောင်စိုးမိုးကလည်း ပြီးခဲ့သည့်နှစ်က ယခုကာလတွင် သပိတ်မျှော ပွဲတော်ကျင်းပရေးနှင့် ရန်ပုံငွေရှာပွဲများအတွက် အစည်းအဝေးများပြုလုပ်ကာ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေပြီဖြစ် သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ကြောင့် တိုင်းအစိုးရကို တင်ပြပြီးမှသာ ပွဲတော်ကျင်းပဖြစ်မဖြစ်ဆိုသည်ကို သိရမည်ဖြစ်ကြောင်း ပြောသည်။

“မဖြစ်ဖို့တော့ များမှာပေါ့။ ဒါကလည်း အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက် အပေါ်မှာပဲ မူတည်မှာပေါ့” ဟု ၎င်းက ဆိုသည်။

ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော် ကျင်းပရေးကော်မတီဝင် ဦးရဲထွဋ်နိုင်က ပွဲတော်အတွက် ဆွေးနွေးညှိနှိုင်းမှုများ မပြုလုပ်ရသေးသဖြင့် ကျင်းပဖြစ် မဖြစ် ကို မသိရသေးဟု ပြောသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည် တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မြင့်တက်လာနေပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဓာတ်ခွဲ အတည်ပြုလူနာ ၈၅၁၅ ဦးထိရှိလာကာ သေဆုံးသူဦးရေမှာ ၁၅၅ ဦးအထိရှိလာ ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စက်တင်ဘာ ၂၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။

မိုးမြင့်