အွန်လိုင်းကနေ ဈေးရောင်းမယ်

83
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

လက်ဖက်ရည်ဆိုင်လေးဖွင့်ထားတဲ့ မမို့မို့ တစ်ယောက် အွန်လိုင်းကနေ အသီးစုံအသုပ်တွေ ရောင်းနေတာ တစ်လကျော်လောက် ရှိနေပါပြီ။

ကိုဗစ်ကပ်ရောဂါကြောင့် စားသောက်ဆိုင်တွေ ပါဆယ်သာ ရောင်းရတော့မယ်လို့ အစိုးရက သတ်မှတ်လိုက်တာကြောင့် မမို့မို့တို့ လက်ဖက်ရည်ဆိုင်လေးက အရောင်းအဝယ် အေးသွားခဲ့ပါတယ်။

အရောင်းအဝယ် အေးသွားနေတာကို သူ့အနေနဲ့ ဒီအတိုင်း ထိုင်ကြည့်နေလို့ မဖြစ်ပါဘူး။ သမုဒ္ဒရာဝမ်းတစ်ထွာဆိုတဲ့အတိုင်းပဲ အချိန်တန်လာရင် ဗိုက်က ဆာလောင်လာတာပါပဲ။

အဲဒါကြောင့် ဆိုင်အရောင်းအဝယ်ပါးနေချိန်မှာ တစ်ဖက်တစ်လမ်းက ဝင်ငွေရပါစေဆိုပြီး အွန်လိုင်း ဈေးဆိုင်ကလေးကို ဖွင့်လှစ်ဖို့ စိတ်ကူးရပါတော့တယ်။ အသီးစုံအသုပ်တွေ ရောင်းမယ်လို့လည်း တွေးလိုက်ပါတယ်။

“သူများတွေရောင်းတာနဲ့မတူတဲ့ဟာလေး ရောင်းမယ်ဆိုပြီးတော့ပေါ့။ ဒီအသီးသုပ်ကတော့ ဘယ်သူမှမရောင်းဘူးလေ။ ကိုယ်က စမ်းပြီးထ လုပ်လိုက်တာ” လို့ မမို့မို့ကဆိုပါတယ်။

သူ့လက်ဖက်ရည်ဆိုင်က ထားဝယ်မြို့၊ ကျောက်မော်ကြီးရပ်ကွက်၊ ကားလမ်းမဘေးမှာရှိပါတယ်။

ကိုဗစ်ကပ်ရောဂါဟာ သမားရိုးကျဈေးရောင်း ချတာတွေကို လျော့ကျစေခဲ့တယ်ဆိုပေမဲ့ အွန်လိုင်းဈေးကွက်ကိုတော့ ပိုတွင်ကျယ်လာစေဖို့ တွန်းအားသဖွယ်ပါ။

အခုဆိုရင် ထားဝယ်မုန့်လက်သုပ်ကို ငါးဥနဲ့ စားချင်လား၊ အသီးစုံအသုပ် ချဉ်ငံစပ်စားချင်လား၊ ဝက်ခြေထောက်စွပ်ပြုတ် သောက်ချင်လား၊ ရခိုင်မုန့်တီကို ငရုပ်သီးစပ်စပ်လေးနဲ့ စားချင်လား၊ အဲဒီသရေစာတွေကို အွန်လိုင်းဈေးဆိုင်မှာ ဝယ်လို့ ရနေပါပြီ။

ကိုဗစ်ကပ်ရောဂါ မတိုင်ခင်ကတော့ အဲဒီလိုအစားအသောက်တွေစားချင်တယ်ဆိုရင် လမ်းဘေးက ဆိုင်တစ်ဆိုင်ကို တကူးတက သွားဝယ်စားမှ ရတာ မျိုးပါ။ အခုကတော့ အဲဒီအခြေအနေတွေကို နောက်ကောက်ချပစ်လိုက်ပါပြီ။

တချို့ဆိုရင် အစားအသောက်တွေကို တစ်နေ့ တစ်မျိုးမရိုးအောင်ချက်ပြီးတော့ အွန်လိုင်းဈေးဆိုင် ပေါ်တင်ရောင်းကြပါတယ်။

မချစ်သိရီဇော်ရဲ့ လူမှုကွန်ရက်စာမျက်နှာ (Facebook Account)မှာဆိုရင် သူကိုယ်တိုင်ချက်ထားတဲ့ ကြာဇံသုပ်၊ မုန့်တီထောင်း၊ ကော်ပြန့်စိမ်း၊ ရှမ်းမုန့်တီစတဲ့ သရေစာအစားအသောက်တွေကို တင်ထားတာဟာ တစ်နေ့တစ်မျိုး မရိုးရအောင်ပါပဲ။

အဲဒီအကောင့်မှာတင်ထားတဲ့ ပိုစ့်တော်တော် များများက ဝယ်ယူစားသုံးသူတွေဆီကနေ အမှာကောက်ထားတဲ့ပိုစ့်တွေက အများစုပါ။

“မနက်ဖြန်အတွက်ကတော့ ကြာဇံသုပ်တစ်ပွဲ တစ်ထောင်ကျပ်၊ ရှောက်သီးနဲ့ သျှားသီးရောသုပ် တစ်ပွဲ ခြောက်ရာကျပ်၊ မုန့်တီထောင်းက တစ်ပွဲ ရှစ်ရာကျပ်။ နှစ်ပွဲဆို ပို့ခ အလကား။ မနက်ဖြန် နေ့လယ် ၁ နာရီဆို စပို့ပါမယ်” လို့ ပို့စ်တစ်ခုမှာ တွေ့ရပါတယ်။

မချစ်သီရိဇော်လည်း အရင်က အွန်လိုင်းမှာ မုန့်ပဲသရေစာတွေရောင်းတဲ့သူတော့ မဟုတ်ပါဘူး။ နိုင်ငံကူးလက်မှတ် လုပ်ချင်တဲ့သူတွေကို ဝန်ဆောင်မှု ပေးတဲ့အလုပ်ကို လုပ်ကိုင်နေတဲ့သူပါ။

“အခုက နိုင်ငံခြားကိုလည်းသွားလို့မရဘဲကို၊ သွားတဲ့သူလည်းမရှိဘူးဆိုတော့ အဲဒါကြောင့် အဆင်ပြေတာကို လုပ်တာပေါ့လေ” လို့ မချစ်သီရိဇော် က ဆိုပါတယ်။

ကိုဗစ်ကပ်ဘေးကြောင့် တက္ကသိုလ်တွေ၊ စာသင်ကျောင်းတွေပိတ်ထားကြတော့ ကျောင်းသူ၊ ကျောင်းသားတွေက အချိန်ပိုနေတာရယ်၊ မိဘဆီက လက်ဖြန့်ပိုက်ဆံတောင်းရတာ ကြာလာတော့ အဆင်မပြေဖြစ်လာတာတွေကြောင့် လွယ်လွယ်လုပ်လို့ရတဲ့ အွန်လိုင်းက အထည်ရောင်းတာကို တက္ကသိုလ် ကျောင်းသူ တော်တော်များများက လုပ်လာကြပါတယ်။

မချစ်သီရိဇော်လည်း အစက အွန်လိုင်းပေါ်မှာ အထည်တွေကိုရောင်းခဲ့ပါသေးတယ်။ ဒါပေမဲ့ သူ့လိုပဲ တက္ကသိုလ်ကျောင်းသူအရွယ်တွေ တော်တော်များများကလည်း လုပ်နေကြတာဆိုတော့ သိပ်အဆင်မပြေဘူး။ အဲဒါကြောင့် သရေစာတွေဘက်ကို ဦးလှည့်ရောင်းချဖြစ်သွားတာပါလို့ မချစ်သိရီဇော်က ဆိုပါတယ်။

အွန်လိုင်းကနေ ရောင်းတာက အမှာကြိုကောက်ပြီး ရောင်းတာဆိုတော့ အစားအသောက်တွေကို အပိုအလိုမရှိ ချက်နိုင်တယ်။ ပိုလို့လွှင့် ပစ်လိုက်ရတယ်ဆိုတာ သိပ်မရှိတော့ဘူး။ မှာထားပြီသား အစားအသောက်‌တွေကို မယူတော့ဘူးလို့ ငြင်းပယ်တာမျိုးလည်းမကြုံရသေးဘူးလို့ အွန်လိုင်း အစားအသောက်ရောင်းသူအချို့က ဆိုကြပါတယ်။

“တစ်ခါတလေကျတော့လည်း လူတွေက တစ်ယောက်နဲ့ တစ်ယောက်မတူဘူးလေ။ တချို့တွေကလည်း မြန်မြန်လိုကြတယ်။ ကိုယ်က ကျောက်မော်ဘက်ကို သွားပို့နေတုန်း လက်ဝဲကျွန်းဘက်ကလူက လိုနေပြီဆိုရင် တိုင်ပတ်နေရောပဲ” လို့ မချစ်သီရိဇော်က ဆိုပါတယ်။

တကယ်တော့ အွန်လိုင်းဈေးရောင်းချဖို့အတွက်က စည်ပင်ခွင့်ပြုချက်နဲ့ အစားအသောက်နဲ့ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) ခွင့်ပြုချက်ရှိဖို့လို အပ်ပါတယ်။ စားသုံးသူတွေ နစ်နာမှုဖြစ်ပေါ်ခဲ့ရင် အွန်လိုင်းဈေးရောင်းသူဟာ စားသုံးသူများ အကာအကွယ်ပေးရေး ဥပဒေအရ ငွေဒဏ်သိန်းငါးဆယ်၊ ထောင်ဒဏ် သုံးနှစ် အထိကျခံရနိုင်ပါတယ်။

အဲဒါက ၂၀၁၇ ခုနှစ်က ရန်ကုန်တိုင်းလွှတ်တော်မှာ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ပြောထားတာပါ။

ထားဝယ်က အွန်လိုင်းဈေးရောင်သူအချို့ကို မေးမြန်းချက်အရတော့ ခွင့်ပြုချက်နဲ့ တရားဝင်ရောင်းတာမျိုး မရှိကြသေးပါဘူး။ သူတို့တတွေက တစ်နိုင်တစ်ပိုင်ရောင်းနေတာဆိုတော့ အဲဒီလိုခွင့်ပြုချက်နဲ့ အခွန်ဆောင်ပြီးရောင်းရမယ်ဆို အဆင်မပြေဘူးလို့ ဆိုကြပါတယ်။

ကိုဗစ်ကာလထဲမှာ ထားဝယ်က အွန်လိုင်း သရေစာရောင်းသူအချို့ဟာ တစ်နေ့ကို ကျပ်သုံးထောင်ကနေ ကျပ်တစ်သောင်းအထိ အမြတ်ရကြ တယ်လို့ဆိုကြပါတယ်။

“အခုကိုဗစ်ချိန်မှာတော့ ဆိုင်ရောင်းတာထက် အွန်လိုင်းကဈေးရောင်းတာကပိုအဆင်ပြေနေတာပေါ့။ ကိုဗစ်ချိန်မဟုတ်ရင်တော့ ဆိုင်ရောင်းတာက ပိုရတာပေါ့” လို့ မမို့မို့က ဆိုပါတယ်။

အွန်လိုင်းကနေ ဈေးရောင်း၊ ဈေးဝယ်ကြတာက တယ်လီဖုန်းတစ်လုံးရှိတာနဲ့အဆင်ပြေပါတယ်။ မြန်မာနိုင်ငံရဲ့ တယ်လီဖုန်းသုံးစွဲမှုဟာ နိုင်ငံလူဦးရေ ထက်ကို ပိုများနေပါသေးတယ်။

အိုင်တီနည်းပညာသုံးစွဲမှုနဲ့ပတ်သတ်ပြီး လိုအပ်သလို ထိန်ကျောင်းမှုတွေပြုလုပ်ဖို့ အဆို တစ်ခုကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတုန်းက ပြည်သူ့လွှတ်တော်က လက်ခံခဲ့ပါတယ်။ အဲဒီအဆိုအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၃ ဒသမ ၂၉ သန်းရှိနေပါ တယ်။ တယ်လီဖုန်းဆင်းမ်ကတ် အသုံးပြုမှုကတော့ ၅၄ ဒသမ ၃၄ သန်းရှိတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံလူဦးရေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တယ်လီဖုန်းဆင်းမ်ကတ်အသုံးပြုတဲ့ ရာခိုင်နှုန်းက ၁၀၁ ဒသမ ၇၈ အထိရှိပါတယ်။ အဲဒီထဲမှာမှ Facebook အသုံးပြုသူက ၁၂ သန်းကျော်ရှိပါတယ်။

အဲဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် အွန်လိုင်းဈေးကွက် ဘယ်လောက်အထိ ကျယ်ပြန့် နိုင်သလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။

ထားဝယ်က အွန်လိုင်းကတစ်ဆင့် စားအသောက်တွေကိုမှားဝယ်ဖူးတဲ့သူတွေကို မေးကြည့်ရာမှာတော့ အွန်လိုင်းကနေ ဝယ်ယူစားသုံးရတာ သဘောမတွေ့သလိုခံစားရတယ်လို့ ဖွင့်ဟကြသူ တွေရှိပါတယ်။

“ဆိုင်မှာသွားဝယ်စားရတာကို ပိုသဘောကျတယ်။ သူငယ်ချင်းတွေနဲ့ ဆိုင်မှာသွားထိုင်စားရတာက အရသာတစ်မျိုးပဲ။ ပျော်လည်းပျော်တယ်။ အိမ်မှာစားရတာက ပျင်းစရာကောင်းတယ်” လို့ အသက် ၂၀ အရွယ် မနွယ်နီက ဆိုပါတယ်။

အစိုးရဌာနဆိုင်ရာဝန်ထမ်းတစ်ဦးဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်း အွန်လိုင်းကနေ အစားအသောက်တွေဝယ်စားရတာက ကရိကထပိုများစေတယ်လို့ ဆိုပါတယ်။

“ကိုယ်မှာထားတာ အချိန်မီလာပို့မလား၊ လာမပို့ရင်ဘယ်လိုလုပ်မလဲ အဲဒါတွေလည်းရှိသေးတယ်” လို့ သူကဆိုပါတယ်။

“ဆိုင်မှာသွားဝယ်စားရင် ပန်းကန်တွေလည်း ဆေးစရာမလိုတော့ဘူးလေ” လို့လည်း သူက ပြောပါတယ်။

အဲဒီလို သဘောမကျတဲ့သူအချို့ရှိနေပေမဲ့လည်း အွန်လိုင်းဈေးကွက်ကတော့ တွင်ကျယ် လာနေပါတယ်။ အွန်လိုင်းကနေ အစားအသောက်တွေရောင်းနေတဲ့သူတွေမှာ တစ်နေ့ကို အစားအသောက် ပွဲသုံးဆယ်ကနေ တစ်ရာအထိ ရောင်းချနေရတဲ့သူ တွေလည်း ရှိနေတာပါ။

ဘယ်လိုပဲပြောပြော ရောင်းဝယ်မှုပုံစံတွေက များစွာပြောင်းလဲလာခဲ့ပါပြီ။ ဆက်သွယ်ရေးတွေ တိုးတက်လာနဲ့အမျှ တယ်လီဖုန်းတစ်လုံးရှိရုံမျှနဲ့ အိမ်ပေါက်ဝအထိ ကုန်ပစ္စည်းတွေ ရောက်လာပါပြီ။ အခုနောက်ဆုံးကတော့ အင်တာနက်ကနေ စာတစ်ကြောင်းပို့လိုက်တာနဲ့ကို ကိုယ်လိုချင်တာ ဝယ်နိုင်တဲ့ အခြေအနေအထိ အဆင့်ဆင့်ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါတယ်။

ထားဝယ်မှာ တွင်ကျယ်လာတဲ့ အွန်လိုင်းကနေ အစားအသောက်ဝယ်/ ရောင်းနေတာက ကိုဗစ် အလွန်ကာလမှာရော ဆက်ရှိနေမှာလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

အခု ထားဝယ်က အစားအသောက်ရောင်းတဲ့ မမို့မို့နဲ့ မချစ်သီရိဇော်ကတော့ ကိုဗစ်ကပ်ရောဂါ အလွန်မှာ ဒီလုပ်ငန်းက အဆင်မပြေနိုင်ဘူးလို့ သုံးသပ်ကြပါတယ်။ ဒါကြောင့် သူတို့နှစ်ဦးဟာ ကိုဗစ်အလွန်မှာ အရင်ကလုပ်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်နဲ့ နိုင်ငံကူးလက်မှတ်ဝန်ဆောင်မှု အလုပ်တွေကိုပဲ ဆက်လုပ်မယ်လို့ ပြောဆိုကြပါတယ်။

“ကိုဗစ်ပြီးရင်တော့ ပါဆယ်စနစ်လည်း မရှိတော့ဘူးဆိုတော့ ဒီအလုပ်က အဆင်ပြေမယ်မထင် တော့ဘူး” လို့ မမို့မို့က ဆိုပါတယ်။

ကျော်သူစိုး