ခြောက်လကြာသည်အထိ ကမ်းနီးရေလုပ်သားများကို လှေဂရန် ထုတ်ပေးနိုင်ခြင်းမရှိ

0
274

တိုင်းအစိုးရ၏ ခွင့်ပြုချက်ဖြင့် တနင်္သာရီတိုင်း ရေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက ထုတ်ပေးခွင့်ရှိသော ရေယာဉ်မှတ်ပုံတင်(ခရိုင်လှေဂရန်) ကို ခြောက်လကြာသည်အထိ တစ်စီးမှ ထုတ်ပေးနိုင်ခြင်းမရှိသေးကြောင်း ယင်း ဌာနထံမှ သိရသည်။

အလျားပေ ၄၀၊ အင်ဂျင်ပါဝါ မြင်းကောင်ရေ ၅၀ နှင့် အောက်၊ GT ငါးတန်နှင့်အောက် ကမ်းနီးလှေများအတွက် ရေယာဉ်မှတ်ပုံတင်လက်မှတ်ကို တိုင်းရေကြောင်းပို့ဆောင်ရေးညွန်ကြားမှုးဦးစီးဌာနက ထုတ်ပေးရန် တိုင်းအစိုးရ က ၂၀၂၀ ခုနှစ်၊ ဧပြီလကတည်းက ညွှန်ကြားထားခြင်းဖြစ်သည်။

ထိုင်းငါးဈေးပိတ်၊ မြိတ်ရေလုပ်ငန်းများ အကျပ်ရိုက်

“အခုချိန်အထိတော့ ထုတ်ပေးထားတာတစ်စီးမှ မရှိသေးဘူး” ဟု ယင်းဦးစီးမှူးဦးဇာနည်ကျော်ကျော်က ဆိုသည်။

ရေလုပ်သားများက လာရောက် လျှောက်ထားသော်လည်း ကွင်းဆင်းစစ် ဆေးသည့်အခါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသဖြင့် ရေယာဉ်မှတ်ပုံတင် ထုတ်ပေးနိုင်ခြင်းမရှိသေးခြင်းဖြစ်ကြောင်း ဦးဇာနည်ကျော်ကျော်က ရှင်းပြသည်။

“ကွင်းဆင်းစစ်ဆေးလိုက်ရင် တစ်ခုမဟုတ် တစ်ခုကတော့ ငြိနေတာပဲ” ဟု ၎င်းက ဆိုသည်။

ကမ်းနီရေလုပ်သာများသည် လှေဂရန်၊ စက်ဂရန်အပြင် ငါးဖမ်းခွင့်လိုင် စင်ရှိမှသာ ပင်လယ်ပြင်တွင် တရားဝင် ငါးဖမ်းဆီးခွင့်ရကြသည်။

ငါးဖမ်းခွင့်လိုင်စင်ရရှိရန်မှာလည်း သက်ဆိုင်ရာ ခရိုင်ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးသည့် ရေယာဉ်မှတ်ပုံတင်လက်မှတ်ရှိရမည်ဖြစ်သည်။

လက်ရှိတွင် ရေယာဉ်မှတ်ပုံတင်လက်မှတ်မရရှိသဖြင့် ငါးလုပ်ငန်းဦးစီး ဌာနက ထုတ်ပေးသော ငါးဖမ်းလိုင်စင်လည်း မရရှိဘဲ ဖြစ်နေကြသည်။

လောင်းလုံးမြို့နယ် ရေလုပ်သားများ သမဂ္ဂဥက္ကဌ ဦးမောင်ဦးကမူ ခရိုင်လှေ ဂရန် ထုတ်ပေးနိုင်ရန်အတွက် သတ်မှတ်ထားသော လှေအရွယ်အစား၊ စက် အရွယ်အစားများမှာ လက်ရှိအခြေအနေနှင့် ကိုက်ညီခြင်းမရှိတော့သဖြင့် သတ် မှတ်ချက်ပြင်ဆင်ပေးရန်လိုနေကြောင်း ထောက်ပြသည်။

“ရိုင်းရိုင်းပြောရမယ်ဆိုရင် အကုန်လုံးက တက်တက်စင်လွဲနေတယ်” ဟု ၎င်းက ဆိုသည်။

ရေယာဉ်မှတ်ပုံတင်လက်မှတ်ထုတ် ပေးရန်အတွက် ဌာနဘက်က ကြန့်ကြာမှုရှိနေသဖြင့် ရေလုပ်သားများ အခက်တွေ့နေရသည်ကို တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဗိုလ်ထွေးက မေလ ၁၉ ရက်က ပြုလုပ်သော တိုင်းလွှတ်တော် အစည်းအဝေးတွင်လည်း မေးခွန်းထုတ်ခဲ့ဖူးသည်။

ယခု ရေယာဉ်မှတ်ပုံတင်လက်မှတ် ထုတ်ပေးသည့်အချိန်တွင်လည်း သတ်မှတ်ချက်မကိုက်ညီဘဲဖြစ်နေပြန်သည်။

ယင်းအတွက်ကြောင့် ကိုဗစ်ကပ်ဘေးအတွင်း ရပ်နားထားသော ငါးလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ အမြန်ဆုံး ပြန်လည်စတင်ရန် လိုအပ်နေကြောင်း ဦးမောင်ဦးက ပြောသည်။

ကျော်သူစိုး