ပိုး မတွေ့ကြောင်း အဖြေထွက်ပြီးမှ ကိုဗစ်လူနာဖြစ်ရသည့် မိသားစု

0
334
Dawei Watch, Dawei News, Dawei News Media

ကိုဖိုးဝတစ်ယောက် အိမ်မွေးခွေး တစ်ကောင်နှင့် ထားဝယ်မြို့လယ်ရှိ ကွာရန်တင်းစခန်းတွင် အတူနေထိုင် လာသည်မှာ ခြောက်ရက်ခန့် ရှိပြီဖြစ်သည်။

သားဖြစ်သူတွင် ကိုဗစ်ရောဂါပိုး တွေ့သည့်အတွက် ကျန်သည့်မိသားစုဝင် ငါးဦးက ဟိုတယ်ကွာရန်တင်း ဝင်နေကြပြီး သူကတော့ ခွေးလေးနှင့်အတူ ထားဝယ် မြို့ရှိ အထက ၃ ကျောင်းတွင် ကွာရန် တင်းဝင်နေခြင်းဖြစ်သည်။

အိမ်တွင်မွေးထားသည့် ခွေးကိုလည်း တစ်ပါတည်းခေါ်ကာ ကျူ (Q) ဝင်နေခြင်းဖြစ်သည်။

မူးယစ်ဆေးအမှုဖြင့် ရန်ကုန်တွင် ထောင်ဒဏ် ၁၀ နှစ်ကျနေသည့် သားဖြစ်သူသည် အကျဉ်းထောင်အတွင်းတွင် လေးနှစ်ကျော် နေထိုင်ခဲ့ပြီးနောက် ထောင်မှ လွတ်လာပြီး မိဘအိမ်ရှိရာ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်သို့ ယခုလ အစောပိုင်းက ပြန်လာခဲ့သည်။

၎င်းမှာ ယခုနှစ် တက္ကသိုလ်ဝင် အောင်စာရင်းတွင် နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့်အတွက် လွတ်ငြိမ်း သက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာခြင်းဖြစ်သည်။

သားဖြစ်သူနှင့်အတူ လွတ်ငြိမ်းခွင့်ဖြင့် ရန်ကုန်မှ ပြန်လာသူလေးဦးရှိသည်။ ၎င်းတို့အနက်က သားနှင့် အခြားတစ်ဦး မှာ ကြက်စားပြင်ရပ်ကွက်ရှိ စောမိညိုစာသင်ကျောင်းတွင်ဖွင့်ထားသည့် ကွာရန်တင်းစခန်းတွင် တစ်ခန်းတည်း အတူတူ နေထိုင်ခဲ့သည်။ တစ်ပတ်ခန့်အကြာတွင် ၎င်းတို့ကို ဓာတ်ခွဲနမူယူပြီး စစ်ဆေးရာ ကိုဗစ်ရောဂါပိုး မတွေ့ခဲ့ရပေ။

သို့ရာတွင် သူတို့မိသားစုမှာ အချိန် ကြာကြာ ဝမ်းသာခွင့်မရလိုက်ပေ။

အကြောင်းမှာ ပိုးမတွေ့အဖြေထွက် ပြီးနောက် ကွာရန်တင်းစခန်းရှိ ၎င်းတို့ ၏အခန်းအတွင်းသို့ နောက်ထပ်နှစ်ဦး ထပ်မံရောက်ရှိလာခြင်းကြောင့် ဖြစ် သည်။ ၎င်းနှစ်ဦးမှာ မောင်နှစ်မ ဖြစ်ကြပြီး ရန်ကုန်မှပြန်လာကြသူများဖြစ် သည်။

“အိပ်ရာခြားထားတယ်ဆိုတာ လောက်ပဲ။ လူသွားလမ်းလေးပဲ ခြားထားတယ်” ဟု ကိုဖိုးဝက ပြောသည်။

ထိုသို့ ကိုဗစ်ပိုးမစစ်ဆေးရသေးသူ နှစ်ဦးနှင့်အတူတူ နေခိုင်းခြင်းကို ဖခင်ဖြစ်သူ ကိုဖိုးဝက ကန့်ကွက်ခဲ့သေးသည်။ သို့ရာတွင် တာဝန်ရှိသူများက ၎င်း၏ ကန့်ကွက်မှုကို လက်မခံခဲ့ကြဟု ဆိုသည်။

“နောက်လာတဲ့သူကို အခန်းထဲ ထည့်တာ အဆင်ပြေမှာမဟုတ်ဘူးလို့ ပြောတာကို သူတို့က ဘာမှမဖြစ်ဘူး၊ ရတယ်လို့ ပြောတော့ ကိုယ်က ဘာမှ ပြောလို့မရဘူး” ဟု ကိုဖိုးဝက ပြောသည်။

နောက်ထပ် ခုနစ်ရက်အကြာတွင် သားဖြစ်သူမှာ ကွာရန်တင်း ၁၄ ရက် ပြည့်သဖြင့် နေအိမ်သို့ ပြန်လာခွင့်ရရှိ ခဲ့သည်။ နေအိမ်ကွာရန်တင်းဖြင့် ခုနစ်ရက်ကြာ ထပ်မံနေရဦးမည်ဖြစ်သည်။

နေအိမ်သို့ရောက်ပြီးနောက် သားဖြစ်သူက မှတ်ပုံတင်လုပ်ရန် သွေးသွား စစ်လိုက်သေးသည်။ ထို့အပြင် ဆံပင်လည်း ညှပ်ခဲ့သေးသည်။

ထိုနောက် နေအိမ် ကွာရန်တင်းနေ ထိုင်စဉ် နှစ်ရက်အကြာတွင်မူ ကိုဗစ် ရောဂါက ဇာတိက ပြလာသည်။ နှာစေးလာခြင်းဖြစ်သည်။

သို့သော် အိမ်သားများကမူ ရာသီဥတုအပြောင်းအလဲ၊ နေရာအပြောင်းအလဲတို့ကြောင့် ဖြစ်နိုင်သည်ဟု စိတ်ဖြေခဲ့ကြသည်။ သို့ရာတွင် ကိုဗစ်လက္ခဏာပြသမှုမှာ တဖြည်းဖြည်းတိုးလာသည်။ လေးရက်မြောက်နေ့ ရောက်ချိန်တွင်မူ နှာခေါင်းက အနံ့မရတော့ကြောင်း သားဖြစ်သူက ဖွင့်ပြောလာသည်။

မိဘနှစ်ပါး အပါအဝင် မိသားစုဝင်များလည်း ထိတ်လန့်သွားကြသည်။ ထိုအချိန်မှစ၍ သားဖြစ်သူက သူ၏အိပ်ခန်း အတွင်းသို့ မည်သူမျှ ဝင်ခွင့်မပေးတော့ပေ။

အနံ့မရတော့သည့်အပြင် လည်ပင်းပါ နာလာချိန်တွင်မူ မိသားစုဝင်များမှာ ကိုဗစ်သံသယ ပိုကြီးထွားလာကြသည်။ မိခင်ဖြစ်သူကမူ မိခင်မေတ္တာအပြည့်ဖြင့် အခန်းထဲဝင်ပြီး သားဖြစ်သူအား ပရုတ် ဆီလိမ်းပေးလိုက်သေးသည်။

ထို့နောက် သားဖြစ်သူကိုယ်တိုင်က ကိုဗစ်ရောဂါပိုးရှိနိုင်သည်ဟု မသင်္ကာ ဖြစ်လာသည့်အတွက် စောမိညိုကွာရန် တင်းစခန်းသို့ သတင်းသွားပို့ခဲ့သည်။

သတင်းပို့ပြီး မကြာမီအချိန်တွင်ပင် စောမိညိုကွာရန်တင်းစခန်း၌ သားဖြစ်သူနေသည့်အခန်းသို့ နောက်မှရောက် လာသည့် မောင်နှမနှစ်ဦးတွင် ကိုဗစ်ပိုး တွေ့သည့်အတွက် ဆေးရုံပို့မည့် အရေးပေါ်လူနာတင်ယာဉ် ရောက်လာတော့သည်။

အတူနေထိုင်ခဲ့သည့်အခန်းဖော်နှစ်ဦးတွင် ပိုးတွေ့ကြောင်း သိရပြီးနောက် ပိုင်းတွင် ကိုဖိုးဝတို့ မိသားစုက အပြင်မထွက်တော့ဘဲ အိမ်တံခါးပိတ်နေလိုက် တော့သည်။ သားဖြစ်သူကလည်း နေအိမ်တွင် မနေတော့ဘဲ စောမိညို ကွာရန် တင်းစခန်းတွင် သွားနေလိုက်သည်။

ကွာရန်တင်းစခန်းတွင် တစ်ည အိပ်ပြီးနောက် မနက်ပိုင်းတွင် ကျန်းမာရေး ဌာနမှ ဆရာမဖြစ်သူက ကိုယ်အပူချိန် တိုင်းပေးလိုက်သည်။

“ဆရာမပြန်သွားတဲ့အချိန်မှာမှ သူ့သဘောနဲ့သူ ဆရာမကို ဖုန်းဆက်လိုက်တယ်။ ကျွန်တော်ဆေးရုံကို လာချင်ပြီပေါ့။ ဘာမှအနံ့မရတော့ဘူးဆိုပြီးတော့” ဟု ဖခင်ဖြစ်သူ ကိုဖိုးဝ ပြောပြသည်။

ထိုသို့ ဖုန်းဆက်ပြီးနောက် အရေးပေါ်ကားဖြင့် သားဖြစ်သူကို ဆေးရုံသို့ လာခေါ်သွားကြောင်း ကိုဖိုးဝက ဆိုသည်။

ထိုနောက် သားဖြစ်သူကို စစ်ဆေးရာ ကိုဗစ်ရောဂါပိုးတွေ့ရှိတော့သည်။

ထိုနေ့ညနေပိုင်းတွင် မိသားစုဝင်များကို လာခေါ်သည့်အတွက် ကိုဖိုးဝ၏ ယောက္ခမနှစ်ဦး၊ ဇနီး၊ ခယ်မတစ်ဦး၊ သားအငယ်တစ်ဦးနှင့် တူတစ်ဦးကို အရေးပေါ်ကားဖြင့် လိုက်သွားခဲ့သည်။

၎င်းတို့ကိုလည်း ကိုဗစ်ရောဂါပိုး စစ်ဆေးရာ ကိုဖိုးဝ၏ ဇနီးတွင် ကိုဗစ်ပိုး တွေ့သဖြင့် ဆေးရုံပို့လိုက်ရပြန်သည်။

လက်ရှိတွင် ကိုဖိုးဝ၏ သားနှင့် ဇနီးမှာ ကျန်းမာရေးကောင်းမွန်နေပြီး အနံ့လည်းပြန်ရနေပြီဖြစ်သည့်အတွက် မကြာမီဆေးရုံမှ ဆင်းခွင့်ရတော့မည်ဟု ဆရာဝန်ကြီးက ပြောထားသည်ဟု ဆိုသည်။

ကိုဖိုးဝ အပါအဝင် ကျန်သည့် မိသားစုဝင်များတွင်မူ ကိုဗစ်ပိုးမတွေ့ ရပေ။ ထိုကြောင့် မိသားစုဝင်ငါးဦးက ထားဝယ်မြို့ရှိ ဟိုတယ်တွင် ကွာရန်တင်း သွားနေခဲ့ပြီး ကိုဖိုးဝကမူ အိမ်တွင်မွေးထားသည့် ခွေးလေးအပေါ်ထားသည့် သံယောဇဉ်ကြောင့် ဟိုတယ်ကွာရန်တင်းတွင်မနေဘဲ အထက ၃ စာသင်ကျောင်းတွင် ဖွင့်ထားသည့် ကွာရန်တင်းစခန်းတွင် နေထိုင်ခဲ့ဟု ဆိုသည်။

“ကျွန်တော့်မှာဆိုရင် ခွေးလေးတစ်ကောင်နဲ့ နေနေရတယ်။ ခွေးကအစ ခေါ်သွင်းလာရတယ်” ဟု ကိုဖိုးဝက ပြောသည်။

Dawei Watch