အွန်လိုင်းမှ တရားစီရင်ခြင်း

0
412
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကပ်ဘေးသည် တရားရေး မဏ္ဍိုင်သို့လည်း ရိုက်ခတ်ခဲ့သည်။

လူစုလူဝေးဖြစ်ပေါ်မှုနှင့် တစ်ဦးနှင့် တစ်ဦး နီးကပ်စွာ ဆက်ဆံမှုတို့အား ရှောင်လွှဲနိုင်ရန် တရားရုံးများ၏ တရား စီရင်ရေးပုံစံကိုလည်း ပြောင်းလဲပေးခဲ့ရသည်။

တရားလို၊ တရားခံနှင့် ရှေ့နေများ၊ လုံခြုံရေးတာဝန်ယူထားရသည့် ရဲတပ်ဖွဲ့ဝင်များ စသည်တို့အနေနှင့် တရားရုံးများသို့ သွားစရာမလိုတော့ဘဲ ချုပ်နှောင်ထားသည့် အကျဉ်းထောင် သို့မဟုတ် ရဲစခန်းမှပင် အမှုရင်ဆိုင်သည့်ပုံစံကို ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

တရားသူကြီးက သက်ဆိုင်ရာ တရားရုံးမှာပင်ထိုင်ပြီး အင်တာနက် အွန်လိုင်းစနစ် (Microsoft Teams) ဖြင့် အကျဉ်းထောင် သို့မဟုတ် ရဲစခန်းရှိ စွပ်စွဲခံရသူကို စီရင်သည့် ပုံစံဖြစ်သည်။

ထိုသို့အွန်လိုင်းစနစ်ဖြင့် တရား စီရင်သည့်ပုံစံကို တနင်္သာရီတိုင်းအတွင်းရှိ တရားရုံးအားလုံးတွင် စက်တင်ဘာလ ၂၉ ရက်နေ့တွင် စတင်ကျင့်သုံးနေကြောင်း တိုင်းတရားလွှတ်တော်ရုံး ထံမှ သိရသည်။

အွန်လိုင်းစနစ်ဖြင့် စတင်စဉ်က အခြားအွန်လိုင်းဆော့လ်ဝဲဖြစ်သည့် Zoomကို သုံးစွဲနေရာမှ လက်ရှိတွင် အထက်ပါဆော့လ်ဝဲဖြင့် စတင်အသုံးပြုနေကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

“လူအများနဲ့ ထိတွေ့ဆက်ဆံမှု မရှိတဲ့အတွက်ကြောင့်မို့လို့ ကိုဗစ် ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အလားတူပင် မြိတ်ခရိုင်တရားရုံးတွင်လည်း ယင်းစနစ်ကို ကျင့်သုံးနေပြီဖြစ်ပြီး လက်ရှိအနေအထားတွင် အခက်အခဲမရှိသေးကြောင်း ခရိုင်တရားသူ ကြီးဒေါ်ရီရီခင်က ပြောသည်။

“လောလောဆယ် အနေအထားမှာ အခက်အခဲက မရှိသေးပါဘူး” ဟု ဒေါ်ရီရီခင်က ဆိုသည်။

လက်ရှိတွင် အွန်လိုင်းစနစ်ဖြင့် တရားစီရင်ရာတွင် ချုပ်ရက်ရမန်ပေးခြင်းနှင့် စီရင်ချက်အမိန့်ချခြင်းသာ လုပ်ဆောင်ပြီး အမှုစစ်ဆေးခြင်းကို ရွှေ့ဆိုင်း (ယာယီရပ်နား) ထားသည်။

ထိုကဲ့သို့ အမှုစစ်ဆေးခြင်းကို ရွှေ့ဆိုင်းထားသည့်အတွက် အချို့သော စွပ်စွဲခံရသူများအတွက် နစ်နာမှုများရှိ လာနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ထောက်ပြသည်။

စွပ်စွဲခံရသူများ ကျခံရနိုင်သည့် ပြစ်ဒဏ်ထက် ချုပ်ရက်က ပိုများသွား နိုင်သောကြောင့် ဖြစ်သည်။

အကယ်၍ ဖမ်းဆီးထိန်းသိမ်းခံရသူသည် မှားယွင်းဖမ်းဆီးခံရသူဖြစ်ပါ က ပိုမိုနစ်နာနိုင်ကြောင်း ဦးအောင်ဇာနည်စိုး က ပြောသည်။

ယင်းသို့သော အခြေအနေမျိုးတွင် ဥပဒေအရ အာမခံပေးနိုင်သည့်ပုဒ်မဖြင့် စွဲဆိုခံရသူကို အာမခံပေးခြင်းနှင့် အာမခံမပေးနိုင်သည့်ပုဒ်မဖြစ်သော်လည်း ဥပဒေအရ ခြွင်းချက်အနေဖြင့် အာမခံပေးနိုင်သူကိုလည်း အာမခံပေးသင့်ကြောင်း ၎င်းက ဆိုသည်။

ကျင့်ထုံးဥပဒေအရ အမျိုးသမီး၊ အသက်ငယ်ရွယ်သူ၊ ကျန်းမာရေးမကောင်းသူများကို သေဒဏ် သို့မဟုတ် တစ်သက်တစ်ကျွန်း ဒဏ်ထိုက်သည့် ပြစ်မှုမဟုတ်ပါက အာမခံပေးနိုင်သည် ဟု ပြဋ္ဌာန်းထားသည်။

“ဒီကာလမှာ ခြွင်းချက်ကို သုံးစွဲပြီးတော့ အာမခံပေးမယ်ဆိုရင်တော့ မှားယွင်းဖမ်းခံရသူတွေကျတော့ အထိုက် အလျောက်တော့ (နစ်နာမှု) လျော့နည်းသွားမယ်” ဟု ဦးအောင်ဇာနည်စိုး က ပြောသည်။

အွန်လိုင်းမှ တရားစီရင်ရာတွင် အင်တာနက်ဆက်သွယ်မှု ကောင်းမွန်ရန် လိုအပ်သည်။

ထို့ကြောင့် အင်တာနက်လိုင်း မကောင်းသည့် ပုလောမြို့နယ်၊ ကျွန်းစု မြို့နယ်နှင့် တနသာ်ရီမြို့နယ်ရှိ တရားရုံးများတွင်မူ လတ်တလော မလုပ်နိုင်သေးကြောင်း ဒုခရိုင်တရားသူကြီး ဦးဇော်ဇော်သန့် က ပြောသည်။

ကိုဗစ်ရောဂါကူးစက် ပျံ့နှံ့မူမှာ တစ်နိုင်ငံလုံးအတိုင်းအတာအထိ ကျယ်ပြန့်လာသည့်အတွက် ရုံးဝန်ထမ်းများ၊ အချုပ်သူအချုပ်သားများ၊ ရုံးသို့လာ ရောက်ကြသူများအား လူအများနှင့် ထိတွေ့မူမရှိစေရေးအတွက် ရုံးကိစ္စနှင့် ခေါ်ယူခြင်း ခံရသူများမှလွဲ၍ အခြားသူများအား ရုံးအတွင်း ဝင်ရောက်မူကိုလည်း စက်တင်ဘာ ၉ ရက်နေ့မှစတင် တားမြစ်ထားသည်။

ရုံးစာပို့ခြင်း၊ အမူတွဲတင်ခြင်း၊ အမူတွဲ မိတ္တူကူးခြင်း စသည့်လုပ်ငန်းများကို ရုံးရှိ စာပေးစာယူဌာနနှင့်သာ ဆက်သွယ်ဆောင်ရွက်နေကြောင်း မြိတ် ခရိုင်တရားရုံးထံမှ သိရသည်။

ကိုဗစ်ကပ်ဘေးကြောင့် တရားရုံးများအပြင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ရှိုးဖောင်ကို တိုင်းလွှတ်တော်တွင် စွပ်စွဲပြစ်တင်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး အခြေခံဥပဒေဆိုင်ရာခုံရုံး၏ ကြားနာစစ်ဆေးမှုကိုလည်း အွန်လိုင်း တရားခွင် (e-court) စနစ်ဖြင့်ပင် လုပ်ဆောင်မည် ဖြစ်သည်။

Dawei Watch