ထိုင်းငါးဈေးပိတ်၊ မြိတ်ရေလုပ်ငန်းများ အကျပ်ရိုက်

0
664

ထိုင်းနိုင်ငံ၏ အဓိကငါးဈေးကြီး များဖြစ်ကြသည့် ဘန်ကောက်မြို့ တောင်ဘက် စမွတ်စုမ်ခရမ်ခရိုင်ရှိ မဲ့ကလောင်ငါးဈေးနှင့် ထလေထိုင်း (မဟာချိုင်)ငါးဈေးကြီးတို့မှာ မြန်မာ ရေထွက်ကုန်များဝယ်ယူနေခြင်းကို စက်တင်ဘာလ ၂၁ ရက်နေ့မှစပြီး ယာယီရပ်နားလိုက်ပြီဖြစ်သည်။

အဆိုပါငါးဈေးတို့တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပင်လယ်ပြင်မှ
ရရှိသည့် သားငါးများအား ရနောင်းမှတစ်ဆင့် တင်ပို့‌ရောင်းချလေ့ရှိပြီး ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ ကင်းမွန်(ပြည်ကြီးငါး)များအား မြဝတီ နယ်စပ်မှတဆင့် တင်ပို့ရောင်းချမှုအချို့ရှိကြောင်း ‌ငါးဖမ်းလုပ်ငန်းအသိုင်း အဝိုင်းမှ သိရသည်။

မြန်မာရေထွက်ကုန်များ ဝယ်ယူမှု ယာယီရပ်နားကြောင်းကို စမွတ်ဆာခွန် ခရိုင် ငါးရောင်းဝယ်သူများအသင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းထုတ်ပြန်ချက်အရ မြန်မာပြည်တွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိသူ မြင့်မားလာနေပြီး ရေထွက်ကုန်ပစ္စည်းများမှတစ်ဆင့် ရောဂါပိုးများပါရှိလာနိုင်သည့်အတွက် ယာယီရပ်နားလိုက်ခြင်းဖြစ်ကြောင်း မြန်မာ-ထိုင်းနှစ်နိုင်ငံ ဆက်ဆံရေး တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

သိုသော် ရနောင်းငါးအဝယ်ဒိုင်များမှာ ဖွင့်လှစ်ထားသော်လည်း ငါးဈေးနှုန်းများကျဆင်းခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှသန်းက ပြောပြသည်။

“ဈေးကတော့ သုံးဆယ်ငါးလေး ဆယ်ပါစင့် (ရာခိုင်နှုန်း) လောက် ကျသွားပြီ” ဟု ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှသန်းက ပြောသည်။

အောက်တိုဘာလ ၂ ရက်နေ့မှ စတင်ကာ ထားဝယ်-ထီးခီးကားလမ်းနှင့် မြိတ်-မောတောင်ကားလမ်းကို ထိုင်းနိုင်ငံဘက်က ပိတ်မည်ဖြစ်ပြီး ယင်းလမ်းများ မပိတ်ခင်မှာပင် ရေထွက် ပစ္စည်းဈေးနှုန်းမှာ သုံးပုံတစ်ပုံခန့်လျော့ ကျနေသည်ဟု ထားဝယ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်သက် က ပြောသည်။

ရေလမ်းကသွားရသည့် ကော့သောင်း -ရနောင်းလမ်းကိုမူ ဖွင့်ထားမည်ဟု သိရကြောင်း ၎င်းက ပြောသည်။

ရေထွက်ကုန်ဈေးနှုန်းမှာ ရာသီအစတည်းက အကျဘက်ကို ဦးတည်နေပြီး မော်လမြိုင်နှင့် ရေးရှိ အအေးခန်း စက်ရုံမှတစ်ဆင့် တရုတ်ပြည်‌ဈေးကွက်သို့ တင်ပို့မှုတွင်လည်း ဝယ်လက်မရှိဘဲ ဖြစ်နေသည်ဟု ဦးကျော်ကျော်သက်က ပြောသည်။

“ဈေးကွက်အခြေအနေက ဝယ်သမားလည်း မဝယ်နိုင်ဘူး၊ ရောင်းသမားလည်း မရောင်းနိုင်ဘူးဖြစ်နေတာ ပေါ့နော်။ တချို့တွေဆို နားကို နားထားရဖို့ အနေအထားမျိုးဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ရနောင်းငါးအဝယ်ဒိုင်များမှ မြန်မာသားငါးများအား ဝယ်ယူပြီး မဲ့ကလောင်နှင့် မဟာချိုင်ငါးဈေးကြီးများထံ ပြန်လည်ရောင်းချခြင်းကို ခွင့်ပြုပေးထားကြောင်း မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေး တာဝန်ရှိသူက ပြောပြသည်။

“မြန်မာငါးတွေကို အခြားအမည် တပ်ပြီး ပို့တဲ့သဘောပါ” ဟု ၎င်းက‌ ပြောသည်။

လက်ရှိ တိုင်းအတွင်းရှိ ကမ်းဝေး ငါးဖမ်းအစီးရေ ခြောက်ရာကျော်ခန့်မှာ လုပ်ငန်းခွင်သို့ ရောက်ရှိနေပြီဖြစ်သည်။

“ပင်လယ်ပြင်မှာ ရေခဲတွေတောင် မကုန်သေးဘူး” ဥက္ကဋ္ဌ ဦးလှသန်းက ပြောသည်။

ယင်းကဲ့သို့ ထိုင်းငါးဈေးမှ မြန်မာသားငါးများအား ဝယ်ယူမှုပိတ်ခဲ့သည့်အတွက် မြိတ်မြို့ရှိ ရေလုပ်ငန်းရှင်များ၏ စီးပွားရေးထိခိုက်မှုရှိခဲ့ပြီး လုံးဝ မဝယ်ယူသည့်အခြေအနေရောက်ပါက ဌာနအနေဖြင့်တစ်စုံတစ်ရာ သက်ရောက်မှုရှိလာမည်ဖြစ်ကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးထွန်းနောင်ဦးက ပြောပြသည်။

ပင်လယ်ပြင်ထွက် သားငါးများအား ကုန်ကြမ်းအနေဖြင့် ထိုင်းသို့တင် ပို့ရောင်းချနေရရာ စက်ရုံအလုပ်ရုံများ အနေဖြင့် ငါးဈေးကွက်အား ကိုယ်တိုင်ရပ်တည်နိုင်‌အောင် ပြုလုပ်ထားရန်လိုအပ်ကြောင်း တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှသန်းက ပြောပြသည်။

ထားဝယ်မြို့မှ ကိုယုယအောင်မှာ ထိုင်းနိုင်ငံသို့ အခြားကိုယ်စားလှယ်ဖြင့် တင်ပို့ရောင်းချနေသူဖြစ်သည်။

ယင်းသို့ တင်ပို့ရောင်းချရာ ထိုင်းနိုင်ငံ မဲ့ကလောင်ငါးဈေးတွင် ဝယ်ယူသူနည်းပြီး ၎င်းတို့ ပေးသည့် ဈေးနှင့် မကိုက်သဖြင့် မြန်မာပြည်ဈေးကွက်တွင်သာ ပြန်လည်ရောင်းချနေရသည် ဟု ဆိုသည်။

ဝလုံးသုံးလုံးပုံပါသည့် ကဏန်းမှာ ထိုင်းနိုင်ငံ မဲ့ကလောင်ငါးဈေးတွင် တစ်ပိဿာ ၁၅၀ဝ ကျပ်ခန့်သာရသဖြင့် တွက်ခြေမကိုက်သောကြောင့် ထားဝယ်မှ တစ်ဆင့် ပြည်တွင်းစားသုံးသူများကို တစ်ပိဿာ၂၅၀ဝ မှ ၃၀ဝ၀ ကျပ်ဖြင့် ပြန်လည်ရောင်းချနေသည်ဟု ကိုယုယအောင်က ဆိုသည်။

ကင်းမွန်ဖား တစ်ပိဿာလျှင် ယခင် ၉၅၀ဝ ကျပ်ခန့်ရှိပြီး ယခုအခါ ၄၅၀ဝ ကျပ်မှ ၅၀ဝ၀ ဝန်းကျင်ခန့်သာရှိသည်ဟု ၎င်းက ပြောသည်။

ဈေးနှုန်းများ ထပ်မံကျဆင်းလာပါက တွက်ခြေမကိုက်ဘဲ ငါးဖမ်းလုပ်ငန်းများအားလုံး ရပ်နားသွားနိုင်ဖွယ်ရှိနေကြောင်း သုံးသပ်သူများလည်း ရှိနေသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခဲ့သည့် မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုန်ရှိ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာအဆင့် မီငါးလေလံဈေးအား ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေသော်လည်း လက်ရှိအချိန်အထိ မဖွင့်လှစ်နိုင်သေးပေ။

ရင်းနှီးမြှပ်နှံမှုဒေါ်လာသန်းခုနစ်ဆယ်အနက် ဆယ်သန်းအား ရင်းနှီးမြှုပ်နှံပြီးဖြစ်ကာ ထပ်မံရင်းနှီးမြှုပ်နှံမည့် ဒေါ်လာသန်း နှစ်ဆယ်လွှဲပြောင်းခွင့်မှာ သက်ဆိုင်ရာဝန်ကြီးဌာနတွင် ကြန့်ကြာနေရကြောင်း ယင်းငါးလေလံဈေး အမှုဆောင်ဒါရိုက်တာ ဒေါ်ဌေးဌေးဝင်း ထံမှ သိရသည်။

Dawei Watch