ပြည်တော်ပြန်ခရီး မဝေး မနီး

132
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အမှတ် (၁၀၆)၊ အော်စတင်လမ်း၊ ဝိတိုရိယတောင်ရပ်၊ ဝယ်လင်တန်မြို့။
အိမ်နောက်ဧည့်ခန်းဆောင် မှန်ပြတင်းမှကြည့်သော် မြင်ရသည့် မြင်ကွင်းများကို ကျွန်တော် အမြဲလိုလို ငေးကြည့်ဖြစ်ပါသည်။ ပြတင်းမှန်၏ တူရူ တောင်ကုန်းမြင့်တွင်ရှိသော ဝိတိုရိယတက္ကသိုလ်၊ ကယ်ဘန်း ပရဝုဏ်ရှိ အဆောက်အအုံကြီးများ၊ ဘရွတ်ကလင်း လေရဟတ်ဟု သိကြပြီး လက်တံကြီးများ အမြဲအလုပ်ရှုပ် လျက်ရှိတတ်သည့် လျှပ်စစ်ထုတ်လေရဟတ်ကြီး၊ အဆောက်အအုံများအကြား သီးခြားထိုးထွက်လျက်ရှိသော စစ်ပွဲမှတ်တရ အဆောက်အအုံ ကြီးနှင့် များစွာသော ရောင်စုံ အိမ်ခေါင်မိုးများ၊ အဆောက်အအုံများ၊ ဝယ်လင်တန်၏ လေပြင်းကြောင့် တရစပ် ပုံပြောင်း ရွေ့လျားနေသော တိမ်များနှင့် အနှောင်အဖွဲ့ကင်းကင်းနှင့် လွတ်လပ်စွာ လိုရာကို ပျံသန်းနေကြသော ငှက်များ။

သည်မြင်ကွင်းများသည် ကျွန်တော် မြင်နေကျမြင်ကွင်းများပင်။ သို့သော် မကြာမီ သည်မြင်ကွင်းများသည် ကျွန်တော်၏ အတိတ်၌ ရေးရေးသာ ပေါ်တော့မည့် သို့တည်းမဟုတ် လုံးဝ ပျောက်ကွယ်သွားတော့မည့် မြင်ကွင်းမျိုး ဖြစ်သွားတော့မည်။

ဟုတ်ပါသည်။ မကြာမီ ကျွန်တော် အိမ်ပြန်ရတော့မည်။ မြန်မာပြည်သို့ ပြန်ရတော့မည်။ ယနေ့ခေတ် အသုံးများလားသည့် စကားလုံးကို ယူသုံးရသော် ပြည်တော်ပြန်ရတော့ပေမည်။

တကယ်တော့ မြန်မာပြည်မှ ထွက်မလာခင်ကတည်းက မြန်မာပြည် သို့ပြန်ရမည့် နေ့ကို ကြိုသိထားနှင့်ပြီးသား။ အပြန်ခရီးအတွက် လေယာဉ် ခရီးကိုပင် ခြောက်လလောက်ကြိုစော၍ စီစဉ်ပေးထားသည်ကို စသိလိုက်ရသည့် အချိန်က ကျွန်တော် စိတ်ထင့်မိခဲ့သည်။ ဘာရယ်တော့မဟုတ်။ မထင်ထားသည်များဖြစ်လာတတ်သော သည်လောကကြီးဝယ် စီစဉ်သမျှ အစီစဉ်တကျဖြစ် နိုင်ပါမည်လောဟု သံသယကလေး စွက်မိခဲ့၍ပင်။

နယူးဇီလန်သို့ရောက်ပြီး၍ သုံးပတ်ခန့်သာကြာပြီးသည့် မတ်လနှောင်းဝယ် ကိုဗစ် အခြေအနေဆိုးလာ၍ ကျွန်တော်တို့ကို အိမ်ပြန်ပို့မည်ဟူသော အရေးပေါ် အစီအစဉ်မျိုးဖြစ်လာသည်။ သို့ရာတွင် ကမန်းကတမ်း စီစဉ်လိုက်ရ၍လောမသိ။ လေယာဉ်မှာ ဧပြီလဆန်းလောက်မှ ရနိုင်တော့သည်။ သို့ရာတွင် နယူးဇီလန်နိုင်ငံအတွင်း အသွားအလာတင်းကျပ်လိုက်ခြင်း၊ တစ်နိုင်ငံလုံးလော့ဒေါင်းချခြင်းနှင့် နိုင်ငံတကာလေကြောင်းများကို ကန့်သတ်ခြင်းတို့မှာ ရက်ပိုင်းအတွင်း ဖြစ် သွားခဲ့သည်။ ရန်ကုန်လေဆိပ်မှာလည်း ပိတ်သွားခဲ့ရာ ကျွန်တော်တို့၏ ပြည် တော်ပြန်ခရီးမှာ အထမမြောက်ဘဲ တစ်ခန်းရပ်သွားခဲ့တော့သည်။

တက္ကသိုလ်တက်ခြင်း၊ သင်တန်းတက်ခြင်း၊ လေ့လာရေးခရီးများ အစရှိသည့် အစီအစဉ်များ နိဋ္ဌိတံခဲ့ပြီ။ အစီ အစဉ်ပြီးဆုံး၍ အပန်းဖြေခရီးထွက်ရန်သာ ကျန်တော့သည်။ ခြောက်လတာ သင်ယူမှုအစီအစဉ်မှာ သြဂုတ်တတိယ အပတ်ဆိုလျှင် ပြီးမည်။ သြဂုတ်လဆန်းခဲ့ပြီ။ အိမ်အပြန်ခရီးအတွက် အစီအစဉ်များမှာ စိတ်ကူးနှင့် စာရွက်များထဲတွင်သာ ထင်ထင်ရှားရှားရှိနေသေးသည်။ လက်တွေ့တွင်မူ မည်သူမျှ အတပ်မပြောနိုင်သေး။ စိတ်ကူးများမှာ ဤသို့ဖြစ်သည်။ (၁) နယူးဇီလန်မှ စင်ကာပူသို့ သာမန်လေကြောင်းဖြင့်သွားကာ စင်ကာပူတွင် မြန်မာကယ်ဆယ်ရေးလေယာဉ် စောင့်စီးရန်။ (၂) နယူးဇီလန်မှ တောင်ကိုရီးယား အင်ချွန်းလေဆိပ်သို့သွားကာ ကယ်ဆယ်ရေးလေယာဉ် စောင့်စီးရန်။ (၃) သြဇီတွင်လာကြိုလေ့ရှိသော မြန်မာကယ်ဆယ်ရေးလေယာဉ်ကို စောင့်စီးရန်။ နံပါတ် (၃) စိတ်ကူးမှာမူ လက်တွေ့ အကျဆုံးဖြစ်သော်လည်း ကယ်ဆယ်ရေးလေယာဉ်မှာ သြဂုတ်လဆန်းကပင် ထွက်သွားခဲ့ပြီ။ ဆိုတော့ ဘယ်အချိန်ပြန်လာမည်မသိသော နောက်တစ်စီးကို စောင့်ရုံရှိတော့သည်။ သည်အချိန်က ကျွန်တော်တို့ ကျောင်းသူ/သားများ အကြားတွင် ရွှေပြည်တော် မျှော်တိုင်းဝေးဟူသော စကားက ရေပန်းစားသည်။ အိမ်ပြန်ချင်ကြသည်လေ။ မည်မျှပင် ကုံလုံပြည့်စုံသော ဘဝမျိုး၊ ကျန်းမာရေး၊ နေရေးထိုင်ရေး သွားလာစားသောက်ရေး မပူပင် မကြောင့်ကြရသည့် အခြေအနေမျိုးနှင့် ချမ်းသာသောနိုင်ငံတွင် နေနေရသည်ဖြစ်သော်လည်း ကိုယ့်နိုင်ငံမဟုတ်၊ ကိုယ့်အိမ်မဟုတ်ဟူသော စိတ်ကလေးက အိမ်ပြန်ချင်စိတ်ကို တဖွားဖွားပေါ် လာစေခဲ့သည်လားတော့ မပြောတတ်။

ကီဝီတောတွင် မည်မျှထပ်ကြာနေရ ဦးမည်မသိ၍ သြဂုတ်လအကုန်တွင် သက်တမ်းကုန်တော့မည့် ဗီဇာကို သက်တမ်းတိုးရပြန်ရာ နည်းနည်း အလုပ်ရှုပ်သည်။ ဥပမာ ဓာတ်မှန်ရိုက်ရခြင်းမျိုး ဖြစ်သည်။ တီဘီရောဂါကို စစ်ရန်ဟုဆိုလေ၏။ ထိုသို့ အလှုပ်ရှုပ်စဉ် သတင်းကောင်းနှင့် သတင်းမ‌ကောင်းများကို ရှေ့ဆင့်နောက်ဆင့် ကြားရသည်။ သတင်းကောင်းမှာ လကုန်ရက်တွင် သြဇီ၊ ဆစ်ဒနီတွင် ကယ်ဆယ်ရေးလေယာဉ်ရှိမည်။ သိပ်မကောင်းလှသည့် သတင်းများမှာ နယူးဇီလန်နှင့် သြဇီ လေယာဉ်လက်မှတ်မရှိတော့ခြင်း။ သြဇီသို့ ပြည်ဝင်ခွင့် ဗီဇာလျှောက်ရမည်။ ဆစ်ဒနီ လေဆိပ်ရှိရာ နယူးဆောက်ဝေးပြည်နယ်၏ ဥပဒေသစ်အရ နိုင်ငံရပ်ခြားမှ သြဇီသို့ လာသူများ နှစ်ပတ် ကျူဝင်ရမည် စသည်တို့ဖြစ်သည်။ ကျူဝင်ရမည့်ကိစ္စက ကျွန်တော်တို့အဖို့ မည်သို့မျှ မဖြစ်နိုင်။ ပြီးတော့ ဆစ်ဒနီတွင် လည်ပတ်ကြမည့်ခရီးမဟုတ်။ မတတ်သာ၍သာ လေယာဉ်လာစီးရခြင်းပင်။ ကယ်ဆယ်ရေးလေယာဉ်ရှိသည်ဟု သတင်းရသည့် နေ့နှင့် လေယာဉ်ထွက်မည့်အချိန်အကြား ရက်ပေါင်း ၂၀ ခန့် အချိန်ရသော်လည်း ဗီဇာလျှောက်၍ ခွင့်ပြုချက်စောင့်ရဦးမည်။ ကီဝီတောနှင့် သြဇီ လေယာဉ်က မသေချာသေး။

သည်ကြားထဲတွင် သြဇီ၌ ကျူဝင်ရပါက ကယ်ဆယ်ရေး လေယာဉ် မီအံ့မထင်။ မည်သို့လုပ်ကြပါ မည်နည်း။ ထို့အပြင် သည်ရက်ပိုင်း အတွင်း ကီဝီတောတွင် ကိုဗစ် ဒုတိယလှိုင်း စတော့သည်။ အစိုးရက ရောဂါ ပျံ့နှံ့နေသော နိုင်ငံတကာလေဆိပ်ရှိရာ အော့ကလန်မြို့ကြီးကို အဝင်အထွက် အသွားအလာ ကန့်သတ်တင်းကျပ်လိုက် ပြန်၏။ ပြည်တော်ပြန်ခရီးမှာ ဒုတိယမ္ပိအကြိမ် မြူတွေအထပ်ပိတ်နေခဲ့လေပြီ။

“အော့ကလန်ကို ဘာသွားလုပ် မှာလဲ။ စာရွက်စာတမ်းတွေပါသလား”
ဝယ်လင်တန်မှ အော့ကလန်သို့ ထွက်ခွာမည့်လေယာဉ်သို့မတက်မီ လေဆိပ်တွင် ရဲများက စစ်ဆေးနေပေသည်။ ကိုဗစ်အခြေအနေဆိုးနေသော အော့ကလန်သို့ ခရီးထွက်ရန် တင်းကျပ်ထားသဖြင့် ကျန်းမာရေးဌာန၏ ထောက်ခံချက်မရှိဘဲ ခရီးသွား၍မရ။ ကျွန်တော်တို့အတွက် သည်လို စာရွက်စာတမ်း များစွာကို ပညာသင်ဆုပေးသော အဖွဲ့ က အကုန်စီစဉ်ပေးထား၍ ထုတ်ပြလိုက် ရုံပင်ဖြစ်သည်။ နယူးဇီလန်ကဲ့သို့သော တစ်ဦးချင်းလွတ်လပ်ခွင့်ကို အင်မတန် အလေးထားသော နိုင်ငံမျိုးတွင်ပင်လျှင် အာဏာပိုင်များ၏ ခွင့်ပြုချက်ရမှသာ ခရီးသွားခွင့်ရသော အနေအထားမျိုး ဖြစ်နေခဲ့အောင် ကိုဗစ်က စွမ်းဆောင် ပေးလိုက်ပြီဖြစ်ကြောင်း မျက်ဝါးထင် ထင်တွေ့လိုက်ရ၍ နည်းနည်းတော့ အံ့အားသင့်မိသွားခဲ့သည်။ စစ်ဆေးနေသောရဲသားထံသို့ ကျန်းမာရေးဌာန၏ ထောက်ခံချက်နှင့် တည်းခိုမည့်နေရာကိုပါအသိပေးခဲ့ရသည်။

အော့ကလန်လေဆိပ်မှ ထွက်ခွာ ပျံသန်းလာသော နယူးဇီလန်လေ ကြောင်းပိုင် လေယာဉ်သည် စတင်ထွက် ခွာပြီးနောက် နှစ်နာရီခွဲခန့်အကြာတွင် သြစတေးလျတိုက်၊ ဆစ်ဒနီမြို့သို့ဆင်း သက်ခဲ့ပေပြီ။ လေယာဉ်ပြတင်းမှန်မှ တစ်ဆင့် မြန်မာအမျိုးသားလေကြောင်းပိုင် လေယာဉ်ကလေးကို သားပိုက်ကောင်အရုပ်ပါ လေယာဉ်ကြီးများ အကြား ရပ်ထားသည်ကို ရုတ်တရက် တွေ့လိုက်ရသော် စိတ်ကြည်နူးလာမိ သည်။ ဆစ်ဒနီလေဆိပ်ကြီးသည် ခြောက်ကပ်နေသည်။ ခရီးသည်ဟူ၍ ကျွန်တော် တို့ တစ်ဖွဲ့သာ ရှိသလိုပင် ခံစားရသည်။ ပစ္စည်းများကို ဇီဝလုံခြုံရေးစစ်ဆေးမှုပင် အသေအချာမလုပ်နိုင်တော့ဘဲ လူအများကိုသာ အသေအချာ ကျန်းမာရေးစစ်သည်။ လေဆိပ်မှ ထွက်သော် ရဲများနှင့် စစ်သားများကို ရုတ်တရက်တွေ့လိုက်ရ၍ ကျွန်တော် လန့်သွားသည်။ ရဲတစ်ယောက် က ကျွန်တော်တို့ နယူးဇီလန်မြန်မာ ကျောင်းသားအဖွဲ့အားလုံးကို မှတ်တမ်းယူပြီးနောက် ဘတ်စ်တစ်စီးတည်းပေါ် တွင်တက်စေသည်။ စစ်သားများကား ကျွန်တော်တို့၏ ပစ္စည်းများကို ကား ပေါ်တင်ပေးသည်။ ထို့နောက် ကျွန်တော်တို့ကို ဟိုတယ်တစ်ခုသို့ပို့၏။ ထိုဟို တယ်တွင်လည်း စည်းကမ်းကျပ်စွာချထား၏။

ကွာရန်တင်းဟိုတယ်ဖြစ်၍ ဟိုတယ်တွင်တာဝန်ကျ ရဲများ၊ လဝက အရာရှိများက ကျွန်တော်တို့၏ ပြည် ဝင်ခွင့်အထောက်အထားများကို အသေအချာစစ်၏။ ဟိုတယ်ကမူ သဘော ကောင်းသည်ဆိုရမည်။ မတည့်သော အစားအစာကအစ ဂရုတစိုက်မေးကာ လိုက်နာရမည့် အချက်များပါသော စာအိတ်ကို ထည့်ပေးလိုက်၏။ သွားရမည့်အခန်းသို့ ရဲသားတစ်ယောက်က ကြီးကြပ်ကာ လိုက်ပို့ပြီးနောက် ရဲက ခွင့်မပြုမချင်း ဟိုတယ်အခန်းမှ တစ်လက်မမျှ မခွာရန် သတိပေးချက်ရ၏။ ဤသည်ကား သြဇီ ကွာရန်တင်းဖြစ်သည်။ သည်ကွာရန်တင်းတွင် ကယ်ဆယ် ရေးလေယာဉ်သို့ မတက်မီ တစ်ညတာ နေရမည်ဖြစ်သည်။ ဤသို့ ကွာရန်တင်း ဝင်ခိုင်းကာ ကယ်ဆယ်ရေးလေယာဉ်ထံ ပို့ဆောင်ပေးသည်က နယူးဆောက်ဝေး ပြည်နယ်အစိုးရ၏ စီမံကုန်ကျခံမှုပင်ဖြစ်လေသည်။

ဟိုတယ်သည် အတော်ကြီး သန့်ပြန့်လှသလို မီးဖိုမှလွဲလျှင် ကျန်သည့် ပစ္စည်းများအတော်စုံစုံရှိနေသည်။ ဆစ်ဒနီသည် ဝယ်လင်တန်နှင့်စာလျှင် ပူအိုက် လှသည်ကော။ ပင်ပန်းသလိုရှိသဖြင့် နေ့ခင်းဘက်တွင် ခဏ အိပ်ရန်ကြိုးစား သော်လည်းမရ။ ကီဝီတောမှ သြဇီသို့ ခရီးအတွက် စိတ်ပင်ပန်းခဲ့ရမှုများကို ပြန်သတိရနေသည်။

မိမိတို့ကို ပညာသင်ဆုပေးခဲ့သော အဖွဲ့နှင့် ထိုအဖွဲ့ကို ငွေကြေးထောက်ပံ့သော နယူးဇီလန်နိုင်ငံခြားရေးနှင့် ကုန်သွယ် ရေးဝန်ကြီးဌာနတို့သည် သြဇီဗီဇာ ကိစ္စ၊ ကျူကင်းလွတ်ခွင့်ရရေးကိစ္စများအတွက် သြဇီမှတာဝန်ရှိသူများနှင့် စကားပြောခဲ့ ရသလို သြဇီ၊ ကမ်ဘာရာမြန်မာသံရုံးကလည်း တတ်နိုင်သမျှ ဝင်ကူခဲ့ရ၏။ နယူးဇီလန်မှ သြဇီသို့ လေယာဉ်လက်မှတ်ရရေး နယူးဇီလန်လေကြောင်းနှင့် စကားပြောခဲ့ရသည်။ (လေယာဉ်၏ ထိုင်ခုံတိုင်းတွင် လူမတင်ဘဲ ခပ်ခွာခွာ ဖြစ်အောင်စီမံရသဖြင့် လူဦးရေကန့် သတ်ထားခဲ့ခြင်းကို ဖြေလျှော့ရန် ညှိ နှိုင်းရခြင်းပင်။) ယခုတော့ ခရီးတစ်ဝက် ရောက်ခဲ့ပြီ။ ရှေ့လျှောက် မြန်မာပြည် ပြန်ရောက်သော် မည်သို့ကြုံဦးမည်မသိ။ အခုတလော ကိုဗစ် ဒုတိယလှိုင်းက အရှိန်နှင့်လာနေသည်။

အိမ်ပြန်ချင်ကြသူများနှင့် ပြည့် နေသည့် ဆစ်ဒနီလေဆိပ်၏ ပြည်ပ ထွက်ခွာဆောင်ကို မြင်ရသော အခါနည်းနည်းတော့ အတွေးပွားမိသည်။ ပြည်တော်ပြန်ချင်သူများ သည်လောက်များ မည် မထင်ထားခဲ့။ ကိုယ့်တစ်နိုင်ငံတည်း မဟုတ်။ အခြားနိုင်ငံများက လူအများ အပြားပင်တွေ့ရသည်။ အိမ်ဟူသည် လူအများအတွက် မည်မျှပင် တန်ဖိုးထား အရေးပါသော နေရာ၌ ရှိနေသည်မသိ။

“နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်” ဟူသော သီချင်းစာသားလေး ကိုပင် သတိရမိသည်။ သည်လို ဒုက္ခများ လှသည့် ကပ်ဆိုးခေတ်ထဲတွင် စိတ်နွမ်း လျမှုများနှင့် ကြုံနေရသူများအဖို့ နှလုံး သားအနွေးဓာတ်ပေးနိုင်မည့် နေရာတစ်ခုတော့ တောင့်တမိကြမည်ဟုထင်ပါသည်။ အထူးသဖြင့် ရပ်ဝေးမြေခြားတိုင်း တစ်ပါး သူစိမ်းများအကြားတွင် ဒုက္ခ ရောက်နေရှာသူများအဖို့ မိမိတို့ အသိုက် အမြုံလေးရှိရာ နှလုံးသားခွန်အားပေးနိုင်ရာ အိမ်ရှိရာအရပ်သို့ ပြန်ချင်စိတ်ဖြစ် မည်မှာ ကိုယ်ချင်းစာကြည့်၍ရနိုင်ပါ သည်လေ။

တွေး၍ကောင်းဆဲ၌ပင် ရဲတစ်ယောက်က ကျွန်တော်တို့ နယူးဇီလန်အဖွဲ့ထံ နိုင်ငံကူးလက်မှတ်များလိုက်တောင်းနေသဖြင့် အတွေးစပြတ်သွား၏။ ထိုရဲက ကျွန်တော်တို့အတွက် လေယာဉ်လက် မှတ်ရရန် ကူပေးပြီး ကျွန်တော်တို့ကို လေဆိပ်တစ်နေရာတွင် သီးသန့်စုနေစေ တော့သည်။ ရဲများက ကျွန်တော်တို့ကို မျက်ခြည်အပြတ်မခံ။ ကျွန်တော်တို့ကို သူတို့ တိုင်းပြည်တွင် နေခဲ့မည်စိုး၍ လောမပြောတတ်ပေ။ လေဆိပ်တွင် သြစတေးလျနိုင်ငံ၊ ကမ်ဘာရာမြို့ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် အဖွဲ့က ကျွန်တော်တို့ မြန်မာပြည်ပြန်မည့် အဖွဲ့ကို တခုတ်တရလာနှုတ်ဆက်သည်။ စကားစမြည် လာပြောပေးခဲ့သည်။ ကျွန်တော့်မှာ သည်လိုကြုံရတော့ ကိုယ့်နိုင်ငံက ကိုယ်တွေကို ပစ်မထားပါလားဟူသော စိတ်ကလေးနှင့် ပီတိဖြစ်ခဲ့ရ၏။

ရန်ကုန်လေဆိပ်သို့ ဘေးမသီ ရန်မခရောက်ခဲ့လေပြီ။ ရန်ကုန်၏ အပူကြောင့် ကိုယ်ခန္ဓာမှာ ချွေးပြိုက်ပြိုက်ကျ လာသော်လည်း စိတ်နှလုံးသာယာနေသည်။ မေမေ့ထံ ပထမဆုံး အသိပေးဖြစ်သည်။ ဝမ်းသာနေရော့မည်။ ပြည်ဝင်ခွင့် ကိစ္စများပြုပြီးသော် ဟိုတယ်ကျူဝင်မည့် ကျွန်တော်တို့ကို PPE အပြည့်နှင့်လူများ က ဦးဆောင်ကာ မီနီဘတ်စ်များနှင့် ကျူဟိုတယ်သို့ စနစ်တကျ ပို့လိုက်ကြသည်။ ကျွန်တော်တို့၏ ခရီးဆောင် သေတ္တာများပင်လျှင် ပိုးသတ်ဆေးအကြိမ် ကြိမ်ဖျန်းပက်သွန်းလောင်းခြင်း ခံခဲ့ရပေမည်။ ကျူဝင်ပြီး ငါးရက်ခန့်ကြာသော် တို့ဖတ် (Swab)များလာယူ၏။ နှာခေါင်းထဲသို့ ဆေးစစ်တံထည့်ရာတွင် အနေရ ခက်သည်မှအပ နာကျင်ခြင်း အလျဉ်းမရှိခဲ့။ နောင်ရက်များကား ကျန်းမာရေး ဌာန၏ ကြေညာချက်များထွက်တိုင်း ရင်ခုန်စွာ ဖတ်ခဲ့ရသည်။ ပိုးကင်းကြောင်း သိခဲ့ရ၍ ပျော်သည်။ ကျူနှစ်ပတ်သာဝင် ရမည်ဟုဆိုလာသဖြင့် ကျေနပ်နေရ၏။

သို့ရာတွင် ကျူမထွက်ခင်ကလေးတွင် ရန်ကုန်အခြေအနေဆိုးလာကာ လေကြောင်းလိုင်းများ၊ ယာဉ်လိုင်းများ ပိတ်လိုက်ပြီဟု ကြား၏။ ထားဝယ်သို့ ပြန်ရမည့် ကျွန်တော့်အဖို့ ခက်ကုန်တော့သည်။ ကျူပြီးသော် မည်သည့်နေရာတွင် နေမည်နည်း။ အန္တရာယ်များလှသော မဟာရန်ကုန်တွင် သောင်မတင်နေချင်တော့။ မိမိတို့ကို အိမ်ပြန်မရောက်မချင်း ရန်ကုန်တွင် နေဖို့စားဖို့ ထောက်ပံ့ပေးမည်ဟု နယူးဇီလန်ရှိ ပညာသင်ဆုပေးသော အဖွဲ့က ဆိုလာသေး၏။ အားဖြစ်ရပါ၏။ သို့ရာတွင် ကျွန်တော်သည် အိမ်နှင့် မိသားစု၊ ထားဝယ်ဟူသော လူ့ရပ်ဝန်းလေးတစ်ခုကို အင်မတန် တောင့်တနေမိသူသာဖြစ်ရာ ခက်ကုန်တော့သည်။ ကိုဗစ်သည် ကျွန်တော့်ကို အိမ်နှင့် မိသားစု လူ့အဖွဲ့အစည်းများ၏ တန်ဖိုးကို ပို၍သိတတ်လာအောင် သင်ပေးသည်ဟူ၍သာ နှလုံးပိုက်လျက် နေရပါ သတည်း။

ဝေယံထွဏ်း