၀န်ထမ်းလစာ လချီမရှင်းနိုင်သည့်အတွက် ပုလဲကုမ္ပဏီ မန်နေဂျာ အလုပ်ထွက်

0
568
Dawei Watch, Dawei News, Dawei News Media

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မလိကျွန်း ပုလဲမွေးမြူရေး ကုမ္ပဏီတွင်ဝန်ထမ်းလစာများအား မရှင်းနိုင်သည်မှာ လချီရှိနေပြီဖြစ်ပြီး ယင်းအတွက်ကြောင့် မန်နေဂျာကိုယ်တိုင် အလုပ်မှနုတ်ထွက်ခဲ့ပြီဖြစ်ကြောင်း ကာယကံရှင် ထံမှသိရသည်။

ကိုဗစ်ကပ်ဘေး စတင်ဖြစ်ပွားခဲ့သည့် အချိန်ကစပြီး ယနေ့အချိန်အထိ အကွာဂိုလ်း (Aqua Gold Co.ltd) ဟုခေါ်သည့် ယင်းကုမ္ပဏီတွင် မန်နေဂျာ အပါအဝင် ဝန်ထမ်းများအား လုပ်ခလစာ မရှင်းပေးနိုင်သေးခြင်း ဖြစ်သည်။ သို့ကြောင့် လက်ရှိတာဝန်မှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်လည်း လစာတွေ မရနိုင်လို့ ခုအလုပ်ကထွက်လိုက်ပြီ” ဟု ယင်း ကုမ္ပဏီမန်နေဂျာ ဦးမျိုးသန့်က ပြော သည်။

၎င်းမှာ ကုမ္ပဏီထံမှ ခုနစ်လစာ ရရန် ကျန်နေသေးပြီး ယခုအခါ ရန်ကုန်တွင် ပြန်လည်နေထိုင်နေပြီ ဖြစ်သည်။

ကိုဗစ်စဖြစ်သည့် အချိန်မှစပြီး ကုမ္ပဏီမှ ထွက်ရှိသည့်ပုလဲများကို ရောင်းချနိုင်ခြင်းမရှိသောကြောင့် ဝန်ထမ်းများအား လစာမရှင်းနိုင်ခြင်းဖြစ်ပြီး ယင်းအတွက် ရုံးချုပ်သို့ တင်ပြခဲ့ရာ သြဂုတ်လကုန်တွင် ရှင်းပေးမည်ဟု ရုံးချုပ်က အကြောင်းပြန်ခဲ့သော်လည်း လက်တွေ့တွင်မူ ရှင်းမပေးနိုင်ခဲ့ပေ။

ယင်းကုမ္ပဏီတွင် ယခင်က ဝန်ထမ်း ရှစ်ဆယ်ခန့်ရှိပြီး လစာမရသည့်အတွက် အလုပ်ထွက်သူ များလာကာ လက်ရှိအချိန်တွင် ဝန်ထမ်းနှစ်ဆယ်ဦးခန့်သာ ကျန်တော့ကြောင်း ဝန်ထမ်းများက ပြောပြသည်။

“လစာဘယ်တော့ရမလဲ။ ခုထိ အကျိုးအကြောင်း မသိရသေးဘူး” ဟု ပြီးခဲ့သည့် နှစ်လခန့်က အလုပ်ထွက်ခဲ့သူ ကိုစိုးမင်းသူက ပြောသည်။

၎င်းသည် ကုမ္ပဏီထံမှ ငါးလစာ ငွေကျပ်ဆယ်သိန်းခန့် ရရန်ကျန်နေသေးပြီး လက်ရှိရွာတွင် ပြန်လည်နေထိုင်ကာ မိသားစုတွင်လည်း အကြွေးများဖြင့် အခက်အခဲကြုံနေရသည်။

လက်ရှိတာဝန်ထမ်းဆောင်နေဆဲဖြစ်သည့် ဝန်ထမ်းနှစ်ဆယ်ခန့်သည်လည်း လုပ်ခလစာ မရသည့်အတွက် အခက်အခဲကြုံနေရကြောင်း ဝန်ထမ်းမိသားစုဝင် များကပြောသည်။

ခုနစ်လစာခန့် လစာမရသည့်အတွက် ချေးငှားထားသည့် ငွေများလည်း အတိုးတက်နေကာ ဈေးဆိုင်များမှလည်း အကြွေးမရောင်းချင်ကြတော့ဟု ယင်းကုမ္ပဏီဝန်ထမ်း မိသားစုဝင် အမျိုးသမီးက ပြောသည်။

ကုမ္ပဏီဘက်ကမူ လစာမရှင်းနိုင်သော်လည်း ၁၅ ရက်တစ်ကြိမ် ထမင်းစရိတ် နှစ်သောင်းနှစ်ထောင့်ငါးရာကျပ်ကိုမူ ပုံမှန်ပေးလျက်ရှိသည်။

သို့သော် မိသားစုငါးယောက်အတွက် ယင်းပမာဏသည် မလောက်ငကြောင်း ၎င်းက ပြောသည်။

ကိုဗစ်စဖြစ်သည့် အချိန်မှစပြီး လစာမရတော့သလို ကုမ္ပဏီသူဌေးကိုလည်း မတွေ့ရတော့ဟု ဝန်ထမ်းများ က ဆိုသည်။

နုတ်ထွက်သွားသည့် မန်နေဂျာနေရာတွင် တာဝန်ခံတစ်ဦးအား အစားထိုးထားကြောင်း သိရပြီး လတ်တလောတွင် ၎င်းအားဆက်သွယ်၍ မရသေးပေ။

သို့သော် ယခုစက်တင်ဘာလကုန်မှ စတင်ပြီး ဝန်ထမ်းလစာများအား တစ်လချင်းစီ ရှင်းပေးတော့မည်ဖြစ်ကြောင်း အကြောင်းကြားစာကို ကုမ္ပဏီရုံးခန်းရှေ့တွင် မကြာခင်ရက်ပိုင်းကတွင်းက ကပ်ထားသည်ကို တွေ့ရကြောင်း ဝန်ထမ်းများက ဆိုသည်။

ကိုဆန်း