တနင်္သာရီတိုင်းမှ ထွက်ခွာမည့် ကုန်ကားသမားများ ကိုဗစ်စစ်ဆေးမှုခံရမည်

0
694

ထားဝယ်၊ အောက်တိုဘာ ၆/ Dawei Watch

တနင်္သာရီတိုင်းမှ အခြားတိုင်းနှင့် ပြည်နယ်သို့သွားမည့် ကုန်ကားသမားများအနေနှင့် ကိုဗစ်ရောဂါရှိ/ မရှိ စစ်ဆေးခံရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ကုန်ကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ စစ်ဆေးခံရမည်ဖြစ်ပြီး စစ်ဆေးခအဖြစ် တစ်ဦးကို တစ်ကြိမ်စစ်လျှင် ငွေကျပ်နှစ်သောင်းအား တရားဝင်ပေးသွင်းရမည်ဖြစ်ကြောင်း အဆိုပါကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

ကိုဗစ်ရောဂါပိုးရှိ/ မရှိကို အချိန် နှစ်နာရီခန့်အတွင်း အဖြေထုတ်ပေးနိုင်မည်ဖြစ်ပြီး ပိုးမတွေ့ပါက ထောက်ခံချက်လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းထောက်ခံချက်ပါ/ မပါကို ရန်ကုန်-ထားဝယ် လမ်းခရီးရှိ စစ်တောင်းတံတား၊ ရေးမြို့နယ် စသည့် နေရာများတွင် စစ်ဆေးနေပြီး ထောက်ခံချက်ပါရှိမှသာ ဆက်လက်သွားခွင့်ပြုမည်ဖြစ်သည်။

အလားတူပင် တနင်္သာရီတိုင်းသို့ ဝင်ရောက်လာမည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအနေနှင့်လည်း ထောက်ခံချက်ပါရှိရမည်ဖြစ်သည်။

 “စစ်ဆေးချက်လက်မှတ်ပါမလာဘူးဆိုရင် ကျွန်တော်တို့ကလည်း အဝင်ခံမှာမဟုတ်ဘူး”ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

ကိုဗစ်ထောက်ခံချက်လက်မှတ်၏ သက်တမ်းကို ၁၄ ရက်သတ်မှတ်ထားပြီး ယင်းကာလထက်ကျော်လွန်ပါက ရောက်ရှိရာ ပြည်နယ်/တိုင်းတွင် ထပ်မံစစ်ဆေးခံရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ကိုဗစ်ရောဂါ ရှိ၊ မရှိကို ထားဝယ်နည်းပညာတက္ကသိုလ်အရှေ့ရှိ ကိုဗစ်စစ်ဆေးရေး ယာယီစခန်းတွင် တစ်ရက်လျှင်နှစ်ကြိမ် စစ်ဆေးပေးမည်ဖြစ်ပြီး မနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ တစ်ကြိမ်၊ နေ့လည် ၂ နာရီခွဲမှ ၄ နာရီခန့်အထိ တစ်ကြိမ် သတ်မှတ်ထားကြောင်း တိုင်းကိုဗစ်ကော်မတီထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်းသို့ ကုန်တင်ကားမှအပ အခြားအိမ်စီးကားနှင့် ခရီးသည်တင်ကားဝင်ထွက်သွားလာခွင့်ကို အောက်တိုဘာလ ၁ ရက်နေ့ကတည်းက ပိတ်ပင်ထားသည်။