နတ္ထိပစ္စယော

0
762
editorial

နတ္ထိပစ္စယောကို မရှိခြင်းဖြင့် ကျေးဇူးပြုမှုဟု ရိုးရိုးရှင်းရှင်းအနက် ပြန်ကြလေ့ရှိပါသည်။ ဘာသာရေးဆိုင်ရာ စကားလုံးဖြစ်သော်လည်း နိုင်ငံရေးနှင့် အခြားသောနယ်ပယ်များတွင်ပါ ချိတ်ဆက်အသုံးပြုလာကြပါသည်။

လူဟူသည်ကား သာမန်အားဖြင့်မူ အရေးအရာကိစ္စများတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်လိုကြသည်။ အချို့က မိသားစု၏ အရေးတွင် ဝင်ပါကြသည်။ အချို့က ရပ်ရေးရွာရေးကိစ္စတွင် ဝင်ရောက်ကူညီလိုသည်။ နိုင်ငံ၏ အရေး ကိစ္စများတွင် ဝင်ရောက်အမှုထမ်းကြသည်။ ထိုသို့သော စိတ်ခံယူမှုမျိုးသည် ကောင်းမွန်သည်ကို မည်သူမျှ ငြင်းချက်ထုတ်နိုင်လိမ့်မည်မဟုတ်ပါ။

သို့သော်၊ မိမိဝင်ပါမှ ပို၍ကောင်းသော အခြေအနေတို့ ရှိနေသည့်နည်းတူ အခြားတစ်ဖက်တွင်မူ အချို့သောအခြေအနေများသည် မိမိမပါမှ ပို၍ ကောင်းသွားစေသော သဘာဝလည်း ရှိနေပေသည်။

ဘောလုံးကစားပွဲနှင့် ဥပမာပေးရသော် ခြေမပေါ်သောကြောင့် ကစားပွဲမှ ထွက်သွားပေးလိုက်ပြီး အခြားတစ်ယောက်နှင့် လူစားထိုးလိုက်သည့်အခါမှ မိမိအသင်း၏ အခြေအနေမှာ ပို၍ကောင်းသွားတတ်သည်မျိုးဖြစ်သည်။ ယင်း သည် မရှိခြင်းဖြင့် ကျေးဇူးပြုမှုမည်ပါသည်။ အဖွဲ့အစည်းတစ်ခုမှ မိမိထွက်သွား ခြင်းကြောင့် ထိုအဖွဲ့အစည်းမှာ ပို၍အောင်မြင်သွားတတ်သည်လည်း ရှိပါသည်။

အချို့ကမူ ထိုသည်နှင့်ပြောင်းပြန်ဖြစ်စွာပင် ငါမပါလျှင် မဖြစ်၊ ငါ မရှိလျှင် မဖြစ်၊ ငါလုပ်မှ ဖြစ်မည်ဟူသော အထင်နှင့် အစွဲများဖြင့် မာနတံခွန်လွှားနေ တတ်ကြသည်။ ပို၍ဆိုးသည်မှာ နေရာတကာတွင် ဝင်ပါလိုနေခြင်း ဖြစ်သည်။

ဤနေရာတွင် အမေရိကန်၏ ပထမဆုံးသော သမ္မတကြီး ဂျော့ဝါရှင်တန်အား ထပ်မံ၍ ဥပမာဆောင်ကြည့်နိုင်ပါသည်။ လူထုက ကြိုက်နှစ်သက်နေ ဆဲဖြစ်သော်လည်း သူကမူ အနားယူသွားခဲ့သည်။ ထိုသို့အနားယူလိုက်ခြင်းဖြင့် အာဏာပါဝါကို စွဲလမ်းနေသူအဖြစ် သမိုင်းတွင်တော့မည်မဟုတ်သလို ထိုသို့သော အလေ့အကျင့်ကောင်းများကို နောက်လူများအား ကူးစက်စေမည်ဖြစ်သည်။

နိုင်ငံတော်တွင် စနစ်ကောင်းတစ်ခုကို ချန်ထားရစ်ခဲ့နိုင်ခြင်းဟု သူက ရှုမြင်ခဲ့သည်။ တစ်နည်းအားဖြင့် အစိုးရအဖွဲ့တွင် ဆက်လက်တာဝန်မယူတော့ခြင်း (မရှိခြင်း)ဖြင့် နိုင်ငံတော်အား ကျေးဇူးပြုမှု ဖြစ်သည်။

ကျွန်ုပ်တို့အနေနှင့် ထိုသို့သော သဘောသဘာဝကို သတိပြု၍ နှလုံးပိုက် ထွေးထားနိုင်ကြမည်ဆိုပါက လောကနှင့် လူ့ပတ်ဝန်းကျင်မှ ပြဿနာများမှာ တစ်စုံတစ်ရာ လျော့နည်းကျဆင်းသွားမည်ဟု လက်ခံမိပါသည်။

အယ်ဒီတာ (အောက်တိုဘာ ၂၊ ၂၀၂၀)