မြိတ်တွင် အသွားအလာကန့်သတ်သည့် လမ်းနှစ်လမ်းထပ်တိုး

0
575
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာသစ်များ တွေ့ရှိလာသောကြောင့် ၎င်းတို့ နေထိုင်သည့် လမ်းနှစ်လမ်းအား အောက်တိုဘာလ ၁ ရက်နေ့က စတင်ကာ အသွားအလာ ကန့်သတ်လိုက်သည်။

မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်ရှိ မြနန္ဒာလမ်းနှင့် မြိုင်ဟေဝန်လမ်းတို့ဖြစ်သည်။ အဆိုပါ ပိုးတွေ့သူငါးဦးတို့နှင့် ထိတွေ့သူ ၁၉ ဦးအားလည်း မြိတ် တက္ကသိုလ် ပုလဲရာဇာအဆောင်ရှိ ကွာရန်တင်းစခန်းသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း မြိတ်ခရိုင်အရေးပေါ်လူနာတင် ယာဉ်အသင်းထံမှ သိရသည်။

ကွာရန်တင်းစခန်းမှ ထွက်ပြေးသူကို ထောင်တစ်နှစ်ချနိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်

ယခု ကန့်သတ်ခဲ့သည့် လမ်းနှစ် လမ်းတို့တွင် နေအိမ် ၆၆ ၊ အိမ်ထောင်စု ၁၃၀ နှင့် လူဦးရေ ၅၅၀ ရှိသည်။ အသွားအလာကန့်သတ်ခဲ့သည့် လမ်းတို့ မှာ ၁၄ ရက်ကြာ Stay at Home အဖြစ် နေထိုင်ရမည်ဖြစ်သည်။ ၎င်းတို့အား အစားအသောက်များ ကူညီပံ့ပိုးနိုင်ရန် ဆောင်ရွက်နေကြောင်း မြိတ်ခရိုင် ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။

မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်ရှိ မေတ္တာလမ်းနှင့် ပါရမီရပ် မာန်ပြေလမ်းတို့အား စက်တင်ဘာလလယ်ပိုင်းက ၁၄ ရက်ကြာ အသွားအလာကန့်သတ်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။

ကန်ခေါင်းရပ်ကွက်ရှိ မေတ္တာလမ်းနှင့် ပါရမီရပ် မာန်ပြေလမ်းတို့အား အသွားအလာကန့်သတ်မှုပြုလုပ်စဉ်က လမ်းနှစ်လမ်းရှိ အိမ်ခြေ ၇၀၊ အိမ်ထောင် စု ၇၇ စုရှိ လူဦးရေ ၃၀ဝ ဦးကျော်တို့အား အလှူရှင်များ၏ လှူဒါန်းမှုဖြင့် အစားအသောက်များအား ကူညီပံ့ပိုးပေးခဲ့သည်။

မြိတ်မြို့တွင် အောက်တိုဘာလ ၁ ရက်နေ့အထိ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ ၁၅ ဦးရှိခဲ့ပြီး ကိုးဦးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ပေးခဲ့ကာ နေအိမ်တွင်ခုနစ်ရက် Home ကွာရန်တင်းအဖြစ် နေထိုင်နေရကြောင်း မြိတ်ပြည်သူ့ ဆေးရုံကြီးမှ သိရသည်။

မြင့်မိုရ်(မြိတ်)