ကိုဗစ်ကြောင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသအတွင်း အသွားအလာ ကန့်သတ်

0
392
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်-၁၉ ကူးစက်ရောဂါ ပျံ့နှံ့မှု ပိုမိုများပြားလာနေသည့် လတ်တလော အခြေအနေကြောင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဒေသအတွင်း ဝင်ထွက် သွားလာခွင့်ကို ကန့်သတ်ထားလိုက်ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။

လတ်တလောအခြေအနေကြောင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဒေသအတွင်းသို့ ကျန်းမာရေးဆိုင်ရာကိစ္စရပ် များဆောင်ရွက်ရန်မှလွဲပြီး မည်သူ မည်သည့်အဖွဲ့အစည်းမှ ဝင်ခွင့်မပေးတော့ကြောင်းဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းဆက်ဆံရေးတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။

ယင်းဒေသတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် CBO, CSO, NGO စသဖြင့် အရပ်ဘက်အဖွဲ့အစည်း များရှိနေပြီး ကန့်သတ်မှုထဲတွင် ယင်းအဖွဲ့ အစည်းများလည်း အကျုံးဝင်မည်ဖြစ်သည်။

“လုပ်ငန်းအကောင်အထည်လာ ဖော်တာ သင်တန်းပေးတာတွေ လူစုတာတွေ စသဖြင့်ပေါ့ ခွင့်မပြုတော့ဘူး။ ဒီရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတစ်ခုကိုပဲ ကျွန်တော်တို့ ထိန်းချုပ်ဒေသမှာ လာလုပ် ခွင့်ပြုမယ်။ အဲဒီလို ချမှတ်ထားတာရှိတယ်” ဟု နိုင်ဗညားလယ်က ပြောသည်။

ကူးစက်ရောဂါ လတ်တလောအခြေ အနေနှင့်ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (ဗဟို) မှ ထိန်းချုပ်ဒေသတွင်း အသွားအလာ ကန့်သတ်ထားမှုနှင့် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက် ၁၀ ချက်ကို စက်တင်ဘာ ၁၁ ရက်နေ့ ထုတ်ပြန်ထား သည်။

ထုတ်ပြန်ချက်တွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသအတွင်းရှိ ပြည်သူလူထုများအနေနှင့်လည်း အသွားအလာ မပြုလုပ်ကြရန်နှင့် မဖြစ်မနေ သွားလာရမည်ဆိုပါက သက်ဆိုင်ရာ ကျေးရွာ၊ မြို့နယ်ထောက်ခံချက် ရယူပြီးမှသာ သွားလာကြရန် ပါရှိသည်။

၎င်းပြင် ထိန်းချုပ်ဒေသအတွင်း ပြေးဆွဲနေသည့် လိုင်းကားများ၊ ကိုယ်ပိုင်ကားများ၊ ကုန်တင်ကားများ လူ ၅ ဦးထက် ပိုမတင်ဆောင်ရန်နှင့် ဆိုင်ကယ် ဖြစ်ပါက နှစ်ဦးသာ စီးနင်းခွင့်ပြုကြောင်းလည်း ထုတ်ပြန်ထားသည်။

လတ်တလောကူးစက်ဖြစ်ပွားနေသည့် ရောဂါသည် ပျံ့နှံ့မှု မြန်ဆန်နေသည့်အပြင် သေဆုံးမှုလည်း ရှိနေသည့်အတွက် မပေါ့ဆကြရန်နှင့် ချမှတ်ထားသည့် စည်းမျဉ်းသတ်မှတ်ချက်များကို လိုက်နာကြရန်လည်း မွန်ပြည်သစ်ပါတီ က တိုက်တွန်းထားသည်။

မွန်ပြည်သစ်ပါတီအနေနှင့် ၎င်းတို့ ထိန်းချုပ်နယ်မြေဒေသ ဝင်ပေါက်ဂိတ်များကိုလည်း လုံခြုံရေးတင်းကျပ်ထားသည်။

မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံထားရသူ (ယနေ့အထိ)၇၀ ဦးထိရှိနေပြီး မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသ အတွင်းတွင်မူ ကူးစက်ခံရသူ မရှိသေးပေ။

ယဉ်စနိုင်း