ကွာရန်တင်းစခန်းမှ ထွက်ပြေးသူကို ထောင်တစ်နှစ်ချနိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်

0
477
Dawei Watch, Dawei News, Dawei News Media

လောင်းလုံးမြို့၊ မိုးကုတ်ရိပ်သာ ကွာရန်တင်းစခန်းမှ ထွက်ပြေးသွားသူကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀ (က)ဖြင့် လောင်းလုံးမြို့ မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ထံမှ သိရသည်။

ယင်းပုဒ်မမှာ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၏ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာရန် တမင်ပျက်ကွက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှ ပြန်ရောက်လာပြီး ကွာရန်တင်းဝင်နေသူ အသက် ၂၇ နှစ်အရွယ်အမျိုးသားသည် စက်တင်ဘာ လ ၁၇ ရက်က ထွက်ပြေးသွားခဲ့သည်။

ကိုဗစ်ကြောင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသအတွင်း အသွားအလာ ကန့်သတ်

ယင်းသို့ထွက်ပြေးသွားပြီး ရှစ်ရက်အကြာတွင် ပြန်ဖမ်းမိခဲ့ပြီးနောက် လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူးက တရားလို ပြုလုပ်ကာ အမှုဖွင့်လိုက်ခြင်းဖြစ်သည်။

ဆက်လက်ပြီး တရားရုံးသို့ တရားစွဲတင်နိုင်ရေးအတွက် တိုင်းအစိုးရအဖွဲ့ ထံတွင် တရားစွဲဆိုခွင့် ခွင့်ပြုချက်တောင်းခံထားပြီး ခွင့်ပြုချက်ရရှိပါက မြို့နယ် တရားရုံးတွင် တရားစွဲမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောသည်။

“တိုင်းအစိုးရရဲ့ ခွင့်ပြုမိန့်လိုတယ်။ တိုင်းအစိုးရရဲ့ ခွင့်ပြုအမိန့်ရမှ တရား စီရင်လို့ရမှာပါ” ဟု ဦးကံထူးက ဆိုသည်။

တရားမစွဲမီတွင် ကွာရန်တင်းစခန်းမှ ထွက်ပြေးသွားသူအား လောင်းလုံးမြို့မရဲစခန်းတွင် ချုပ်ထားမည်ဖြစ်သည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀ (က)သည် ပြစ်မှု ထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ် တစ်နှစ် သို့မဟုတ် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်စလုံးဖြစ်စေ ကျခံရမည်ဖြစ်သည်။

လောင်းလုံးမြို့နယ်တွင် ညမထွက်ရအမိန့်ကို ချိုးဖောက်သူတစ်ဦးကိုလည်း ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ဖူးသည်။

ကျော်သူစိုး