အသက် ၅၇ နှစ်နှင့်အထက် ဝန်ထမ်းများကို ကားပါမစ်ပေးမည်

0
494
Dawei Watch, Dawei News, Dawei News Media

အသက် ၅၇ နှစ်နှင့်အထက် ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ကား ပါမစ်ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၉ ရက်နေ့က ကြေညာထားသည်။

ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိပြီး အောက်တိုဘာလ ၁ ရက်တွင် အသက် ၅၇ နှစ်နှင့် အထက်ရှိသည့် ပင်စင်ယူရန် သုံးနှစ်အလိုဖြစ်သော တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများ (သက်ပြည့်ပင်စင် မယူမီ ကြိုတင်ပြင်ဆင်၍ ခွင့်ခံစားနေသော ဝန်ထမ်း များအပါအဝင်) အမြဲတမ်းအတွင်းဝန် ရာထူးမှ ဒုတိယညွှန်ကြားရေးမှူးအထိ ဝန်ထမ်းများကို ပြည်ပမှ တင်သွင်းသည့် မော်တော်ယာဉ်တင်သွင်းခွင့်(သို့) ပြည်တွင်းအရောင်းပြခန်းများမှ ဝယ်ယူခွင့် ပြုမည်ဟု ကြေညာထားသည်။

လျှပ်စစ်ဈေးတန်းတူရရှိရေး အပါအဝင် မိန့်ခွန်းပါအချက်များကို ဆင်ဆာဖြတ်မှု ရွေးကောက်ပွဲကော်မရှင်အား ထားဝယ်ပါတီ ဝေဖန်

လက်ထောက်ညွှန်ကြားရေးမှူးနှင့် အောက်အဆင့် ဝန်ထမ်းများကိုမူ ပြည်တွင်းမှ SKDစနစ်(ပြည်တွင်း၌ တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ်သည့် စနစ်) ဖြင့် ထုတ်လုပ်သော မော်တော်ယာဉ်များကို ဝယ်ယူခွင့်ပြုမည်ဖြစ်သည်။

မော်တော်ယာဉ်ဝယ်ယူခွင့်ကို ရာထူးအဆင့်အလိုက် ခွင့်ပြုမည့်ငွေ ပဏာမ သတ်မှတ်ထားပြီး အမြဲတမ်းအတွင်းဝန်မှ ညွှန်ကြားရေးမှူးချုပ်အဆင့် ကို ဆိပ်ကမ်းအရောက်တန်ဖိုး သိန်း ၅၀ဝ နှင့် ညီမျှသော မော်တော်ယာဉ်အား ဝယ်ယူခွင့်ပြုမည်ဖြစ်သည်။

ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး ရာထူးရှိသူများကို ဆိပ်ကမ်းအရောက် တန်ဖိုး သိန်း ၃၀ဝ နှင့်ညီမျှသော မော်တော်ကားဝယ်ယူခွင့်ပြုမည်ဖြစ်ပြီး လက်ထောက်ညွှန်ကြားရေးမှူးနှင့် အောက်အဆင့် ရာထူးရှိသူများကို ကျပ် သိန်း ၃၀ဝ နှင့် ညီမျှသော ပြည်တွင်းစက်ရုံထုတ်ရောင်းဈေးအတိုင်း မော်တော်ကား ဝယ်ယူခွင့်ပေးမည်ဖြစ်သည်။

အသက် ၅၇ နှစ်နှင့် အထက်ရှိပြီး ဝန်ထမ်းကောင်းလက်မှတ်ရှိသူများကိုသာ ကားပါမစ်ဝယ်ယူခွင့်ပြုမှာဖြစ်ဟု တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနောင်က ပြောသည်။

“သူက ဝန်ထမ်းကောင်းတံဆိပ်ရှိ သူရယ်၊ အသက် ၅၇ နှစ်အထက်ရှိသူရယ်ကိုပဲ ပေးမှာဆိုတော့ အဲဒီနှစ်ခုနဲ့ ချုပ်ထားတဲ့ သဘောပေါ့။ ပင်စင်ယူခါနီးဝန်ထမ်းတွေကို ချီးမြှင့်တဲ့ သဘောပေါ့” ဟု ဦးဝင်းနောင်က ဆိုသည်။

ယင်းအပြင် တပ်မတော်ဘက်မှ နယ်ဘက်သို့ ဌာနကူးပြောင်းတာဝန်ထမ်း ဆောင်ခဲ့သူများအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတွင် ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ် လျှောက်ထားရရှိပြီးမှသာ မော်တော်ယာဉ်တင်သွင်းဝယ်ယူခွင့် ရှိမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

တပ်မတော်သားအရာရှိကြီးများအား ရာထူးအလိုက် အချိန်အကန့် အသတ်ဖြင့် အငြိမ်းစားယူရန် သတ်မှတ်ထားသည့်အတွက် စစ်မှုထမ်းကောင်းတံဆိပ်ရရှိထားသည့် ပင်စင်ယူရန် သုံးနှစ်အလိုဖြစ်သော တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သား (အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဆင့်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဆင့်ထိ နိုင်ငံ့ဝန်ထမ်းများနှင့် ရာထူးအဆင့်တူညီသူ) ၅၀၁ ဦးကို ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့် (သို့)ပြည်တွင်းအရောင်း ပြခန်းများမှ ဝယ်ယူခွင့်ပြုမည်ဖြစ်သည်။

ပင်စင်ယူရန် သုံးနှစ်အလိုဖြစ်သော စစ်မှုထမ်းကောင်းတံဆိပ်ရရှိထားသည့် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားများ၊ ရဲမှုထမ်းကောင်းတံဆိပ်ရရှိထားသည့် တာဝန်ထမ်းဆောင်ဆဲရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိထားသည့် တာဝန်ထမ်းဆောင်ဆဲ စည်ပင်သာယာရေးဝန်ထမ်းများကိုလည်း ရာထူးအလိုက် ကားပါမစ်ဝယ်ယူ ခွင့်ပြုထားသည်။

မိုးမြင့်