လျှပ်စစ်ဈေးတန်းတူရရှိရေး အပါအဝင် မိန့်ခွန်းပါအချက်များကို ဆင်ဆာဖြတ်မှု ရွေးကောက်ပွဲကော်မရှင်အား ထားဝယ်ပါတီ ဝေဖန်

0
538
Dawei Watch, Dawei News, Dawei News Media

လျှပ်စစ်ယူနစ်ဈေးနှုန်း တန်းတူရရှိရေးအပါအဝင် မိန့်ခွန်းပါအချက်များကို ဖြတ်တောက်ခြင်းနှင့်ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပမည်ဟုပြောဆိုထားသည့် ရွေးကောက်ပွဲကော်မရှင်အား ထားဝယ် တိုင်းရင်းသားများပါတီက ဝေဖန်ပြော ဆိုလိုက်သည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများအနေနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) မှတစ်ဆင့် ၁၅ မိနစ်စာ မဲဆွယ်မိန့်ခွန်းပြောကြားခွင့် ရရှိထားရာတွင် ထားဝယ်တိုင်းရင်းသား များပါတီ၏ ဗီဒီယိုပါ ပြောကြားချက် အချို့ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖြုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ဖြုတ်ပယ်ခြင်းသည် မဲဆန္ဒရှင်လူထုထံ အစီရင်ခံမည့် အကြောင်းအရာကို ကန့်သတ်လိုက်ခြင်းဖြစ်သည့်အတွက် လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်ခြင်းပင်ဖြစ်ကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦးအေးမင်း က ဆိုသည်။

လျှပ်စစ်ဈေးနှုန်းကို မြန်မာနိုင်ငံ၏ အခြားသောနေရာများနှင့် တန်းတူရရှိ ရေးကိစ္စ၊ ထားဝယ်လူမျိုးများကို ဗမာအဖြစ် လွဲမှားစွာမှတ်ပုံတင်ခံထားရသည့်ကိစ္စ စသည်တို့အပါအဝင် အချက်ရှစ်ချက်(မိန့်ခွန်း၏ လေးပုံတစ်ပုံဝန်းကျင်)ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC) က ခွင့်မပြုခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ခွင့်မပြုခဲ့ခြင်းမှာ ၎င်းတို့၏ မူဝါဒနှင့် မကိုက်ညီသောကြောင့် ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က အကြောင်းပြခဲ့သည်ဟု ဆိုသည်။

ယခုဖြုတ်ပယ်ခံရသည့်အကြောင်း အရာတို့မှာ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက် ပွဲကာလက ပြောဆိုစည်းရုံးခွင့် ရရှိခဲ့ သည့် အကြောင်းအရာများဖြစ်သည်။

“တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဆိုတာ ဖြစ်မှဖြစ်ဦးမလား ဆိုတဲ့အရာကို သံသယရှိနေတယ်” ဟု ဦးအေးမင်းက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ထားဝယ်တိုင်းရင်းသားများပါတီက စက်တင်ဘာ လ ၂၂ ရက်နေ့တွင် သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့သည်။

ထားဝယ်တိုင်းရင်းသားများပါတီနည်းတူ အမျိုးသားဒီမိုကရေစီအင်အား စုပါတီ၊ လူ့ဘောင်သစ် ဒီမိုကရစ်တစ် ပါတီနှင့် အခြားနိုင်ငံရေးပါတီအချို့လည်း မဲဆွယ်မိန့်ခွန်းပါအချက်တချို့ကို ဖြုတ်ပယ်ခံခဲ့ရသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံ ရေးပါတီတစ်ခုလျှင် ၁၅ မိနစ်ကြာ မဲဆွယ်မိန့်ခွန်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) တွင်ထုတ်လွှင့်မည် ဖြစ်သည်။

ထိုသို့ထုတ်လွှင့်ရန်အတွက် နိုင်ငံရေးပါတီများဟောပြောမည့်မိန့် ခွန်းကို UEC ထံ ကြိုတင်ပေးပို့ရခြင်း ဖြစ်သည်။

Dawei Watch