နှာခေါင်းစည်းဖြင့် စက်ဘီးစီးခြင်း

83
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

စက်ဘီးသည် ကတ္တရာလမ်းတစ်လျှောက် မှန်မှန်ကလေးပြေးနေပါသည်။

ဘေးဘီအား ကြည့်လိုက်လျှင် တောင်စွယ်တောင်တန်းများ၊ တောအုပ်များကို မြင်နေရ၏။ ထိုအရာများ၏ သည်ဘက်ဆီမှာမူ မြေကွက်လပ်များ။ အားလုံးသည် တရိပ်ရိပ်နှင့် ကျွန်တော့်နောက်ဘက်ဆီသို့ ပြေးလွှားနေကြသည်။ ချောင်းနားဆီသို့ ရောက်လာသောအခါ ဓနိပင်တန်းများကိုလည်း တွေ့ရပြန်သည်။ ချောင်းပေါ်တွင် ဖြန့်ခင်းထားသည့် ကွန်ကရစ်တံတားအား ကျော်ဖြတ် လိုက်ပြီးသောအခါ မြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရသည်။ ရှေ့သို့ မျှော်ကြည့်လိုက်လျှင် လမ်း၏တစ်ဘက်တစ်ချက်တွင် ထန်းပင်အစီအရီကိုလည်း တွေ့ရ၏။

မြင်ကွင်းများသည် လတ်လတ်ဆတ်ဆတ်ဖြင့် ရှိနေသည်ကိုတွေ့ရသည့်အခါ စိတ်ချမ်းမြေ့မှုအား ခံစားရပေသော်လည်း သဘာဝတရားကြီးအနေနှင့် ကျွန်တော်တို့လူသားများအပေါ်၌ မည်ကဲ့သို့ သဘောထားများ ရှိနေမည်နည်းဟူ၍ တွေးမိလိုက်လျှင် စိတ်ခံစားမှုသည် အုံ့မှိုင်း၍ သွား၏။

မြို့ထဲသို့ ဝင်တော့မည်ဖြစ်၍ စက်ဘီးကို လမ်းဘေးတွင် ရပ်လိုက်ပြီး ဘောင်းဘီအိတ်ထဲမှ နှာခေါင်းစည်းကို ဆွဲထုတ် လိုက်ပါသည်။ ပြီးလျှင် ပါးစပ်နှင့် နှာခေါင်းအား အုပ်လိုက်သည်။ မြို့ထဲသို့ ဝင်လျှင် နှာခေါင်းစည်းတပ်ထားရန် ဆော်သြထားခြင်းကြောင့် ဖြစ်ပါသည်။

မြို့ထဲတွင် လူအများကြီး မတွေ့ရ။ ကားများ၊ ဆိုင်ကယ်များလည်း ဟိုးအရင်ရက်များနှင့်စာလျှင် နည်းသွား၊ ကျဲသွားသယောင်ယောင်။ ကိုယ့်အကြောင်း နှင့်ကိုယ် သွားလာနေကြသူများကမူ ရှိနေတုန်းပင်။ လက်ဖက်ရည်ဆိုင်များတွင် ထိုင်နေကြသူများ၊ ဈေးပေါက်ဝ၌ အဝင်အထွက် ပြုနေကြသူများ၊ ကျွန်တော့် စက်ဘီးအား ဖြတ်ကျော်တက်သွားကြသော ဆိုင်ကယ်များ၊ မျက်နှာချင်းဆိုင်မှ လာနေကြသည့် ယာဉ်များ စသည်တို့အား မြင်နေရ၏။ အများစုကမူ ကျွန်တော့် လိုပင် နှာခေါင်းစည်းများဖြင့်။

အချို့ကမူ ဆိုင်ကယ်ဦးထုပ် ဆောင်းမထားကြ။ ဆိုင်ကယ်စီးသည့်အခါ ဦးထုပ် မဆောင်းခြင်းနှင့် နှာခေါင်းစည်းမတပ်ခြင်းတွင် မည်သည်က ပို၍ အပြစ်ကြီးပါ သနည်းဟူ၍ တွေးလိုက်မိသည်။

စက်ဘီးအား ရှေ့သို့တည့်တည့် ဆက်မနင်းတော့ဘဲ ညာဘက်လမ်းထဲသို့ ချိုးချလိုက်သည်။ သည်လမ်းသည် ကျွန်တော်သွားမည့် နေရာအတွက် ဖြတ်လမ်းဖြစ်၏။ သို့သော် ကုန်းတက် မှာ နည်းနည်းပိုမြင့်၏။ လမ်းတိုသောကြောင့် ဖြစ်သည်။ နေလည်းမြင့်လာပြီ ဖြစ်ရာ ခန္ဓာကိုယ်၏နေရာတိုင်းတွင် ချွေးစို့နေပြီကို သတိထားမိသည်။ ကုန်းတက်ကို အားစိုက်ပြီး နင်းလိုက်သည့်အခါ ကျွန်တော့်အသက်ရှူသံမှာ ပို၍ ပြင်းလာ၏။ အားပိုထည့်ထားသော် လည်း စက်ဘီးမှာ နှေးနှေးသာ ရွေ့၏။ နှာခေါင်းစည်း၏အောက်မှ ပါးစပ်ကိုပါ ဟ၍ လေကို ရှူသွင်းသည်။ သို့တိုင် လေသည် လုံလုံလောက်လောက် ဝင်မလာ ခဲ့။ ကုန်းတက်၏ထိပ်နားသို့ ရောက်လာလေလေ ပို၍ပို၍ ဟောဟဲဟောဟဲ ဖြစ်လေလေ။ နှာခေါင်းစည်းတပ်ထားပြီးမှ စက်ဘီးစီးရသည်မှာ အတော်ကလေး အဆင်မပြေဖြစ်ရသည်ဟု ကျွန်တော့်မှာ တွေးနေမိသည်။ ဝမ်းဗိုက်အတွင်းထဲတွင် တုန်ခါလှိုက်ဖိုနေအောင်ပင် မောနေပြီ။ ချွေးတို့လည်း စိုရွှဲ၊ ခန္ဓာကိုယ်မှ တစ်ပေါက် ပေါက်ပြုတ်ကျနေ၏။ မခံနိုင်သည့်အဆုံး နှာခေါင်းစည်းကို ဆွဲဖြုတ်လိုက် ပါသည်။

ကိုဗစ်-၁၉ ကပ်ဘေး၏ ဒုတိယလှိုင်းသည် မြန်မာနိုင်ငံနှင့် ပြည်သူတို့အား ဖရိုဖရဲဖြစ်စေခဲ့သည်ဟု မြင်မိသည်။ ပထမလှိုင်းဖြစ်သည့် ၂၀၂၀၊ မတ်လကုန်ပိုင်းမှ ဇွန်လအထိ သုံးလတာ ကူးစက်မှု ပမာဏသည် ဒုတိယလှိုင်းကာလတွင် တစ်ရက်စာမျှသာ ဖြစ်သွား၏။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်စသော အိမ်နီးချင်းနိုင်ငံ များအပါအဝင် အခြား ကမ္ဘာ့နိုင်ငံများနှင့်စာလျှင် မြန်မာနိုင်ငံ၏အခြေအနေမှာ အများကြီးသက်သာသေးသည်ဟု ဆိုနိုင် သော်လည်း “ဆင်လည်း ဆင့်အထွာ၊ ကြွက်လည်း ကြွက်အထွာ” ဆိုသကဲ့သို့ ပင်၊ နိုင်ငံ၏ ခံနိုင်ရည်ကို ထည့်တွက်ရ ပေလိမ့်မည်။ ဒုတိယလှိုင်း၏ ကူးစက် ပျံ့နှံ့မှုသည် ပထမလှိုင်းထက် ဆယ်ဆမက ဖြစ်လာ၏။

နောက်ထပ် မည်မျှအထိ ဆက်တိုးသွားဦးမည်ဆိုသည်ကိုလည်း မပြောနိုင်။ ကိုယ်နှင့်သိသော မိတ်ဆွေ အချို့မှာပင် ကူးစက်မှုများ ရှိလာပြီ။ ယခုဆို နယ်ဝေးအသွားအလာများ အကုန် နီးပါး ပြတ်တောက်နေပြီ။ အချို့မြို့တွေ ဆိုလျှင် ဆိုင်များလည်း ပိတ်သွားကြပြီ။ ရန်ကုန်မြို့တော်တွင်လည်း ဒုတိယတစ်ကြိမ် ပြန်လည်ခြောက်ကပ်တိတ် ဆိတ်(သန့်ရှင်းငြိမ်သက်)သွားပြီဟု ကြားရ၏။ မြို့နေလူထုကလည်း ပွက်လောညံနေကြ၏။ လမ်းများ၊ ရပ်ကွက် များတွင် ကိုယ့်မင်းကိုယ့်ချင်းဖြင့် သူတစ်လူ ငါတစ်မင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် များ ဖြစ်လာသတတ်။ ဟိုဘက်ရပ်ကွက်နှင့် သည်ဘက်ရပ်ကွက်ကို နယ်စည်းများ ခြားကာ မဝင်ရ၊ မထွက်ရများ ဖြစ်ကုန်သတတ်။

နှာခေါင်းစည်းကို ဖြုတ်လိုက်သည့်အခါမှ အသက်ရှူရသည်မှာ အားရသလို ခံစားရလာ၏။ သို့သော် မောနေသည်တို့မှာ ပြေမသွားသေး။ ကုန်းထိပ်သို့ ရောက်ပြီးသည့်အခါတွင် လမ်းသည် ကုန်းဆင်းပြန်ဖြစ်သွား၏။ အပင်ပန်းခံထားသမျှ ပြန်ပြီးအကျိုးခံစားခွင့်ရခြင်းဟု သဘောပေါက်မိသည်။ ကုန်းတက်မရှိလျှင် ကုန်းဆင်းဆိုသည်ကိုလည်း မတွေ့နိုင်ပါ။

ကုန်းဆင်းမှ မျှောချရသည့်အချိန်ကို မြန်မြန်ကုန်မသွားစေချင်သောကြောင့် ကျွန်တော်သည် ဘရိတ်ကိုထိန်းပြီး ဖြည်းဖြည်းချင်းသာ လှိမ့်ချနေမိသည်။ လေပြေအေးအေးက ကျွန်တော့်မျက်နှာအား ဝင်တိုးသွားသည့် အရသာကို တစိမ့်စိမ့်ခံစားနေမိသည်။ ဆိုင်ကယ်များ၊ ကားများကမူ ကျွန်တော့်ကို ဖြတ်ကျော်သွားလာနေကြဆဲ။ နှာခေါင်းစည်းကိုမူ ပြန်မတပ်ဖြစ်သေး။

နှာခေါင်းစည်းတပ်ပြီးမှ သွားလာ ရှင်သန်စေမှုသည် လူသတ္တဝါတို့အတွက် ကမ္ဘာလောကကြီး၏ ပြဋ္ဌာန်းချက်အသစ် ဖြစ်လာနေ၏။ အဲသည်ပြဋ္ဌာန်းချက်သည် တရားမျှတပါ၏လော ဆိုသည်ကို သံသယရှိသူများလည်း ရှိနေကြပါ၏။ သို့သော်လည်း အခြေအနေတို့သည် ထိုသို့လုပ်ရန်ကိုသာ တောင်းဆိုနေသည်။

မိမိနှာခေါင်းနှင့် ပါးစပ်အား ကိုယ့်ဘာသာ ပြန်စည်းနှောင်ထားပြီး ဝန်းကျင်ထဲသို့ လျှောက်သွားနေရမှုမှာ စဉ်းစားကြည့်လျှင် ရယ်သွမ်းသွေးဖွယ် ရာဖြစ်နေပါသည်။ ဤကမ္ဘာမြေကြီးပေါ် ၌ ထိုသို့ပြုမူခြင်းသည် လူသတ္တဝါ တစ်မျိုးသာ ရှိချေမည်။ သတ္တဝါများထဲတွင် လူသည် ဉာဏ်ရည်အမြင့်ဆုံးဖြစ်သည် ဆိုသည့်အချက်အား မည်သည့် လူသားကမျှ ကန့်ကွက်မည်မဟုတ်ပေ။ သို့သော် ထိုသို့ ဥာဏ်ရည်မြင့်မားခြင်းသည် မိမိကိုယ်ကိုယ် ဒုက္ခပြန်ပေးရန် ဖြစ်နေသည်ဆိုလျှင်မူ လူအဖြစ်မွေးဖွား လာရခြင်းသည် ကြေကွဲဖွယ်ရာအဖြစ် ဆိုးသာ။

ပြီးခဲ့သည့် နှစ်ပေါင်းများစွာကတည်း ကစ၍ ယခုအချိန်အထိ လူသားတို့သည် ထိုဥာဏ်ရည်ကို အမှီပြုပြီး ဈေးကွက် ဆိုသည်ကို ဖန်တီးခဲ့ကြ၏။ ဖွံ့ဖြိုးရေး စကားလုံးအား တီထွင်ခဲ့ကြ၏။ ထို ဥာဏ်ရည်တို့သည် သဘာဝတရားအား မသိကျိုးကျွံပြုထားခဲ့ကြ၏။

လယ်သမားတစ်ယောက်သည် သူ့ယာခင်းများထဲတွင် အထွက်တိုးပေ့ဆိုသော အသီးအနှံများအား စိုက်ပျိုး၏။ ထိုအရာတို့သည် ဈေးကွက်၏ တောင်း ဆိုမှုအရသာ။ သူ၏ မြေကြီး၊ သူ၏ ပတ်ဝန်းကျင် သို့မဟုတ် သဘာဝတရား အနေနှင့် မည်သည့်အပင်တို့ကို စိုက်စေချင်သနည်းဆိုသည်အား သူမတွေး နိုင်ခဲ့။ မမေးနိုင်ခဲ့။ ထို့အတူ မုဆိုးတို့ သည် တိရစ္ဆာန်ပေါင်းစုံအား ဖမ်းဆီးကြ ၏။ ထိုသည်မှာလည်း ဈေးကွက်၏ လိုအပ်ချက်အား ဖြည့်ဆည်းရန်သာ။ သို့သော် ထိုသို့ လုပ်သင့်ပါ၏လောဟူ၍ မူ သဘာဝတရားအား မေးမြန်းစုံစမ်းရန် ပျက်ကွက်ခဲ့ကြ၏။

ဈေးကွက်၏ တောင်းဆိုမှု၊ ဈေးကွက်၏ ခေါ်ဆောင်ရာနောက်သို့ ကောက်ကောက်ပါအောင် လိုက်နေခဲ့ကြ ပြီး ကမ္ဘာမြေကြီးပေါ်မှ ရနိုင်သမျှအရာတို့အား ထုတ်ယူကြ။ ဓာတ်သတ္တုများ တူးဆွကြ၊ သစ်ပင်များအား ခုတ်လှဲကြ။ ပြီးလျှင် ဖွံ့ဖြိုးရေးဟူ၍ ခေါင်းစဉ်တပ် လိုက်ကြကာ အမှားများအား ဝှက်ကွယ်ကြ။ ထိုသို့ပင် ရှိနေခဲ့၏။ သဘာဝတရားမှာ မည်သို့ ခံစားနေရသနည်းဆိုသည်ကိုမူ နားမထောင်ခဲ့ကြ။

တစ်ရက်တုန်းက တောင်ခြေရှိ ရွာတစ်ရွာသို့ ကျွန်တော်နှင့် သူငယ်ချင်း တစ်ယောက်တို့ သွားဖြစ်ကြ၏။ အဲသည် မှာရှိသည့် မိတ်ဆွေသည် သစ်ပင် စိုက်ရသည်ကို ပျော်မွေ့သူ ဖြစ်သည်။ သူ့အတွက် ပျိုးပင်ငယ်အချို့ကိုလည်း ကျွန်တော်တို့က ယူလာခဲ့ကြသည်။ ပျိုးပင်ကလေးများကို ကြည့်လိုက်ပြီး သူက ခေါင်းခါလေသည်။ လက်မခံလိုကြောင်း ပြော၏။ ကျွန်တော်တို့ယူလာသော အပင်တို့သည် သည်ဒေသတွင် ပေါက်သည့် ဒေသခံမျိုးရင်းမဟုတ်သောကြောင့်ဖြစ်သည်ဟု ဆို၏။ ကြည့်ရသည်မှာ သူသည် လက်ခံသင့်၊ မခံသင့်အား အဆုံးအဖြတ်မပေးမီ သဘာဝတရားနှင့် လှမ်းပြီး တိုင်ပင်လိုက်ပုံရှိ၏။

ထိုမိတ်ဆွေထံမှ ကျွန်တော်နားလည်လိုက်ရသည်မှာ ကျွန်တော်တို့သည် မည်သည့်အရာကိုလုပ်လုပ် သဘာဝတရားအား မေးခွန်းမေးကြည့် ရန် လိုအပ်မည်ဆိုသည်ကို ဖြစ်သည်။ သည်အရာသည် လုပ်သင့်ပါသလော၊ သင့်အနေနှင့် သဘောတူလက်ခံနိုင်ပါ ၏လော ဆိုသည်ကို သဘာဝတရားအား မေးကြည့်၊ နှီးနှောဆွေးနွေးကြည့်ရန် ဖြစ်သည်။

ကျွန်တော်တို့ငယ်စဉ်က အဖေသည် တောင်သူလုပ်ရာ နွားလှည်းစီးကာ တောသို့ လိုက်ခဲ့ရဖူး၏။ နွားကြီးနှစ်ကောင်အား လှည်းတွင် က(တပ်)လျက်၊ နောက်တွင်လည်း နွားမအေကြီးအား ကြိုးဖြင့် ချည်ဆွဲလျက်။ နွားကလေးမှာ မအေ့နောက်မှ တကောက်ကောက်။ နွားမကြီးကိုရော၊ နွားကလေးကိုပါ ပါးစပ်တွင် ခြင်းအစွပ်တစ်ခုနှင့် အုပ် စည်းထား၏။ ထိုသို့ အုပ်ချည်မထားလျှင် လမ်းတစ်လျှောက်ရှိ တွေ့ကရာ အခင်းများ၊ အပင်များကို ဟိုသည် လှမ်းဆွဲစားနေမည်ဖြစ်သောကြောင့်ပင်။

ကလေးတုန်းကမူ ထိုမြင်ကွင်းသည် သမားရိုးကျသာ ဖြစ်၏။ ကလေး အတွေးနှင့် စာနာခံစားမှုအသိကလေးရှိ ရှိသောကြောင့် နွားမကြီးနှင့် နွားကလေးတို့ ပါးစပ်ဟမရ ပြုမရဖြစ်နေ သည့့်အပေါ် စိတ်မကောင်းဖြစ်မိသည့်တိုင် ထိုကိစ္စသည် လူနှင့် နွားတို့အကြားက ဆက်ဆံရေးအခြေအနေသာ ဖြစ်၏။ ပြဋ္ဌာန်းချက်ဖြစ်၏။ အဲသည်လိုမှ မလုပ်လျှင် တောင်သူလုပ်ငန်းများအား လုပ်လို့မရနိုင်။ မည်သို့တတ်နိုင်ပါမည်နည်း။ သူတို့မှာ နွားဖြစ်နေသည်ကိုး။

စက်ဘီးအား နင်းနေလျက်ပင် နှာခေါင်းစည်းကို ပြန်တပ်မည်ပြုသည့်အခါ ကျွန်တော်သည် အဲသည်အကြောင်းရာကို တွေးနေမိသည်။ ယခုမူ ကျွန်တော်တို့သည် ထိုသို့ ဖြစ်၍နေချေပြီ။ အမောပြေသွားသောအခါ နှာခေါင်းစည်းကို ပြန်တပ်လိုက်ပါသည်။ ပြီးတော့လည်း တွေးနေမိပါသည်။ “သြော်၊ ငါတို့က လူဖြစ်နေတာကိုး” ဟူ၍။

Dawei Watch