တနင်္သာရီတိုင်းသား ငါးထောင်ကျော် နိုင်ငံပြင်ပ ကြိုတင်မဲပေးမည်

0
298
Dawei Watch, Dawei News, Dawei News Media

၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံပြင်ပရောက် ကြိုတင်မဲပေးမည့် မဲဆန္ဒရှင်ဦးရေ ငါးထောင်ကျော်ရှိနေပြီး ပြီးခဲ့သည့် ငါးနှစ်ကထက် ငါးထောင်ဝန်းကျင် တိုးလာကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ(ရွေး/ ကော်)ထံမှ သိရသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲကျင်းပချိန်က နိုင်ငံပြင်ပ ကြိုတင်မဲပေးသူ သုံးရာခန့်သာရှိရာမှ လက်ရှိတွင် ငါးထောင်ကျော်ရှိလာခြင်း ဖြစ်သည်။

ကြိုတင်မဲပေးရန် လျှောက်ထားသူ ခြောက်ထောင်ကျော်ရှိခဲ့သည့်အနက်မှ အချက်အလက်မပြည်စုံမှုနှင့် မှားယွင်းနေသည်တို့ကို စစ်ထုတ်ခဲ့ရာ ငါးထောင်ကျော် ကျန်ရှိနေခြင်း ဖြစ်သည်။

ထိုင်း၊ မလေးရှားနှင့် စင်ကာပူတို့မှ အများဆုံးဖြစ်ပြီး ယင်းသုံးနိုင်ငံအနက် ထိုင်းနိုင်ငံမှ လျှောက်ထားသူကအများဆုံးဖြစ်ကြောင်း အထက်ပါကော်မရှင် ဥက္ကဋ္ဌ ဦးသန်းညွန့်ကပြောသည်။

“နိုင်ငံခြားက လျှောက်တဲ့သူတွေက တချို့က လိပ်စာတွေအတိအကျမဖော် ပြထားကြဘူး။ ဥပမာ တနင်္သာရီဆိုရင် တနင်္သာရီမြို့နယ်လား၊ တနင်္သာရီတိုင်း ကိုဆိုလိုလား” ဟု ၎င်းက ဆိုသည်။

၂၀၁၅ ခုနှစ်ကထက်စာလျှင် ငါးထောင်ဝန်းကျင် တိုးလာသည်ဆိုသော်လည်း ပြည်ပရောက်နေသူ အရေအတွက်နှင့် ကြိုတင်မဲပေးမည့်သူအရေအတွက်မှာ များစွာ ကွာခြားနေသေးသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် တနင်္သာရီတိုင်းသား ရွှေ့ပြောင်းအလုပ် သမားများမှာ ထိုင်းနိုင်ငံတွင် နှစ်သိန်း နီးပါး(၁၈၇၉၆၉ ဦး)၊ မလေးရှားနိုင်ငံတွင် တစ်သောင်းကျော် (၁၂၈၇၉ဦး) စုစုပေါင်း နှစ်သိန်းကျော်(၂၀ဝ၈၄၈ဦး) ရှိနေသည်။

ယင်းစာရင်းအရဆိုလျှင် မဲပေးမည့်သူသည် တစ်ရာလျှင် သုံးဦးဝန်းကျင်သာ ဖြစ်သည်။

ပြည်ပရောက်နေသူများအနေနှင့် မဲပေးလိုလျှင် သက်ဆိုင်ရာရပ်ကျေး မဲဆန္ဒရှင်စာရင်းတွင် ပါနေရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားသည်။

ကြိုတင်မဲပေးခွင့်ရှိသူများသည် အောက်တိုဘာလနောက်ဆုံးအပတ်ခန့်တွင် မဲပေးရမည်ဖြစ်ကြောင်း UEC ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ပရောက်ရွှေ့ပြောင်းအလုပ်သမားအများစု မဲပေးပိုင်ခွင့်ဆုံးရှုံးနိုင်ခြေရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၊ ကော့သောင်း ရွှေ့ပြောင်း အလုပ်သမား ပညာပေးစင်တာတာဝန်ခံ ဦးမိုးဝေက ပြောသည်။

ထိုင်းနိုင်ငံတွင် ကြိုတင်မဲထည့်ရန် သတ်မှတ်ထားသည့်နေရာမှာ ဘန်ကောက်မြို့တွင် ဖြစ်နေသဖြင့် သွားရေးလာရေး အခက်အခဲ၊ ကိုဗစ်ကန့်သတ်ချက်၊ ကျန်းမာရေး စသည့်အချက်တို့ကြောင့် အမှန်တကယ် မဲထည့်သူအရေအတွက်မှာ လျှောက်ထားသူအရေအတွက်ထက် ပိုနည်းလာနိုင်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်မြို့နယ်တွင် နိုင်ငံပြင်ပရောက် ကြိုတင်မဲပေးခွင့်ရှိသူ ငါးရာကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးလွင်က ဆိုသည်။

အများဆုံးမှာ ထိုင်းနိုင်ငံမှဖြစ်ပြီး ဒုတိယအများဆုံးက စင်ကာပူနိုင်ငံရောက် တိုင်းသားများဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ ပြည်ပရောက် ကြိုတင်မဲပေးသူများအနက် ထားဝယ်မြို့နယ်မှ ၁၀၂ ဦးသာရှိကြောင်း မြို့နယ်ရွေး/ကော်ထံမှ သိရသည်။

“၂၀၁၅ တုန်းက ခိုးသွားတဲ့သူတွေ များတော့၊ တရားမဝင်တဲ့သူတွေဖြစ်တော့ ကြိုတင်မဲတောင်းလို့ မရဘူး” ဟု ဦးစိုးလွင်က ပြောသည်။

ပြည်ပသို့ တရားဝင်သွားရောက်လုပ်ကိုင်သူများသာ ယင်းကဲ့သို့ ကြိုတင် မဲပေးပိုင်ခွင့်ကို ရရှိမည်ဖြစ်သည်။

Dawei Watch