ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ အသံ

0
412
Dawei Watch, Dawei News, Dawei News Media

၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်း ပါတီ ၁၄ ခုမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာများအတွက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းတို့အနက်မှ ၄၃ ဦးသာ ရွေးချယ်ခံရမည်ဖြစ်သည်။
ထိုကဲ့သို့ ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများထဲမှ အချို့ကို တနင်္သာရီအပတ်စဉ်ဝိုင်းတော်သားများက ရွေးချယ်ပြီး ၎င်းတို့၏ ရည်မှန်းချက်၊ ရှုမြင်ထားသည့် ပြဿနာများနှင့်ပတ်သက်၍ ချဉ်းကပ်ဖြေရှင်းမည့်စိတ်ကူး စသည့် အကြောင်းအရာများအား မဲဆန္ဒရှင် စာဖတ်သူများ လေ့လာအကဲဖြတ်နိုင်စေရန် ကိုယ်စားလောင်းများနှင့် တွေ့ဆုံ၊ ဆက်သွယ်မေးမြန်းထားမှုများအား ဖော်ပြလိုက်သည်။ ယခုအပတ်အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးကို မေးမြန်းတင်ဆက်ထားပါသည်။

စောလူဘွေးဒို၊ ကရင်ပြည်သူ့ပါတီ

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း၊ ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ် -၂

မေး- အစ်ကိုလေ့လာရသလောက်ဆိုရင် တိုင်းထဲမှာ အဓိကပြဿနာကြီး သုံးခုကို ပြောပါ ဆိုရင် ဘာတွေဖြစ်နိုင်မလဲပေါ့ခင်ဗျား။

ဖြေ- ဈေးကွက်ပြဿနာပေါ့နော်၊ ကျွန်တော်တို့ ပြန်ကြည့်လိုက်ရင် နှစ်ဖက်ပေါ့၊ တစ်ဖက်က ကုန်းတွင်းမှာဆိုရင် ကျွန်တော်တို့တိုင်းဒေသကြီးမှာက စိုက်ပျိုးရေးက အဓိကထွက်ကုန်တွေ ထုတ်တာ များတယ်။ ကျွန်တော်ထင်တယ် ၇၀/ ၈၀ ရာခိုင် နှုန်းလောက်ရှိမယ်။ ဒါပေမဲ့ ထွက်ကုန်တွေဘယ် လောက်ပဲများပါစေ၊ ဈေးကွက်ပြဿနာအခက်အခဲ ရှိတယ်။

နောက်တစ်ခုကလည်း ပင်လယ်ဘက်ကို ကြည့်ပြန်တော့လည်း ထုတ်ကုန်တွေ အများကြီး ရှိတယ်။ အဲဒါကလည်း ဈေးကွက်ပြဿနာရှိတဲ့ အတွက် ထုတ်လုပ်တဲ့သူတွေက ရသင့်ရထိုက်တဲ့ အဖိုးအခ ခံစားခွင့်တွေ မရကြဘူး။ မရကြတဲ့ အတွက်ကြောင့် ပြဿနာကြီးတစ်ခုဖြစ်တယ်။

နောက်တစ်ခုက အလုပ်အကိုင်လုပ်တဲ့အခါ အခုတိုးတက်လာတဲ့ခေတ်ရေစီးကြောင်းမှာ လျှပ်စစ်က မရှိမဖြစ်လိုအပ်တဲ့အပိုင်းရှိ လာတယ်။ ပြန်ကြည့် လိုက်တော့ ကျွန်တော်တို့အနီးအနားမှာ Resorce ထွက်တဲ့ဟာတွေ အများကြီးရှိတယ်။ ဥပမာအနေနဲ့ ကံပေါက်မှာ ဂက်စ်ပိုက်လိုင်းတွေရှိတယ်။ ထိုင်း နိုင်ငံကို သွယ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဒေသမှာ လျှပ်စစ်မီး အလုံအလောက်မရှိဘူး။ အဲဒါက ကျွန်တော်ထင်တယ် ပြန်ပြီးပြုပြင်ဖို့လိုတယ်။ ဆိုတော့ အခုက ဂျင်နရယ်တာနဲ့ လည်ပတ်နေရတဲ့ အတွက်ကြောင့် ကုန်ကျစရိတ်တွေက ကာအောင် လုပ်နေရတဲ့အတွက်ကြောင့် မီတာခတော့ မြင့်လိမ့်မယ်။

ဆိုတော့ မေးစရာတွေ အများကြီးရှိလာတယ်။ ဒါက တချို့တွေက မေးလာတယ်။ တကယ်လို့ ကျောက်မီးသွေးလောင်စာ သုံးရင် အဆင်ပြေမလား ပေါ့နော်။ ဆိုတော့ အဆင်ပြေမလားလို့မေးရင် လက်ခံမလားလို့မေးရင် ကျွန်တော်က လက်ခံ တယ်။

ဒါပေမဲ့ ဘလိုင်းကြီးတော့ လက်မခံဘူး။ နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ၊ ပြီးတော့လည်း ပတ်ဝန်းကျင်ရော လူ့အတွက် အန္တရာယ်မဖြစ် ဖို့ပေါ့နော်။ နောက်တစ်ခုက ကျွန်တော်တို့မှာ အထောက်အကူဖြစ်စေတဲ့ အရာတွေရှိတယ်။ အဲဒါဘာလဲဆိုရင် ရေတံခွန်တွေရှိတယ်။ အခုဖောင်း တောမီးစက်တို့ဘာတို့ဆိုရင်လည်း တကယ်တမ်းကျရင် အနီးနားတစ်ဝိုက်မှာဆိုလို့ရှိရင် ကောင်းကောင်း ဂျင်နရေတာတွေပေါ့နော်။ ဒီဒိုင်နမိုတွေကို အဆင့်မြင့်မြင့်သုံးမယ်ဆိုရင် လျှပ်စစ်အများကြီး ထုတ်နိုင်တယ်။

ဆိုတော့ တနင်္သာရီတိုင်းတစ်ခုလုံးမဟုတ်တာ တောင် ဒီထားဝယ်ဧရိယာထဲမှာ အများကြီး အထောက်အကူဖြစ်နိုင်တယ်။ ဖြေရှင်းဖို့အတွက် နောက်တစ်ခုက ရေလှောင်တမံပေါ့နော်။ ရေလှောင် တမံဆိုတာက တရုတ်ပြည်ကလို ကြီးကြီးမားမား မဟုတ်ဘဲနဲ့ နည်းစနစ်အသစ်တွေနဲ့ ရေ Level သိပ်မမြင့်ဘဲနဲ့ လျှပ်စစ်ထုတ်နိုင်တဲ့ ရေအားလျှပ်စစ် ပေါ့နော်။ ဟိုင်ဒရိုပါဝါအများကြီးထုတ်နိုင်တယ်ဆိုတာ ကျွန်တော် လက်ခံတယ်။

ဆိုရင်ဒီလိုသာလိုက်ပြီးဖြေရှင်းမယ်ဆိုရင် ကျွန်တော်ထင်တယ်။ အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်။ ကျွန်တော်အမြင်ကတော့ ဒီလိုကြီးမားတဲ့ပြဿနာကို ရန်ကုန်လောက်ဈေးနှုန်းမနည်းတာတောင်မှ ပိုပြီးတော့ အဆင်ပြေမယ်။ ပြည်သူ တွေလည်း သုံးနိုင်မယ့် အနေအထားတော့ ရောက်လာလိမ့်မယ်။ ပြီးတော့ ပိုပြီးတော့ဖူလုံလိမ့်မယ်လို့ ကျွန်တော်ထင်တယ်ပေါ့နော်။

နောက်တစ်ချက်ကျတော့ ပညာရေး။ ပညာရေးကတော့ အခုကျွန်တော်တို့ အခြေခံကတော့ ပြုပြင်ပြောင်းလဲရေးတွေ အများကြီးလုပ်လာတယ်။ ယူနက်စကိုရဲ့ အကူအညီနဲ့ သင်ရိုးနည်းစနစ် အပိုင်းမှာ ပါဝင်တာတွေ၊ ဖင်လန်ကလည်းပါဝင် ကူညီမှုအပိုင်းတွေ အများကြီးရှိတယ်။

ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေးကတော့ သူတို့က ခုနစ်နှစ်စီမံကိန်းလို့ ပြောပေမဲ့လည်း ကျွန်တော်ထင်တယ်။ မြန်မာနိုင်ငံနဲ့ အရမ်းစိမ်းနေ သေးတာပေါ့နော်။ ဒီပြုပြင်ပြောင်းလဲရေးက။ ဆရာ/ ဆရာမကိုယ်နှိုက်ကလည်း ဒီ ပြောင်းလဲမှုတစ်ခုလုံးမှာ အပြောင်းလဲလုပ်ရတယ်။ အတွေးအခေါ်ရော၊ အကျင့်တွေကရော၊ စိတ်နေသဘော ထားကရောပေါ့နော်။ နိုင်ငံတကာနဲ့ အမီလိုက်ဖို့ ဆိုတာက သင်ရိုးနဲ့ သင်ကြားနည်းစနစ်က အရမ်းအချိန်ပေးရတယ်။ မိမိကိုယ်ကိုလည်း အများကြီး ပြောင်းလဲရတယ်။ ဆရာ ဆရာမကိုယ်တိုင် မပြောင်းလဲနိုင်ဘဲနဲ့ သွားနေတဲ့ အပြောင်းအလဲက ပီပီပြင်ပြင် ပြောင်းလဲနိုင်မှာမဟုတ်ဘူး။

အဆင်မြင့်ပညာရေးလို့ခေါ်တဲ့ တက္ကသိုလ်ဆိုတာ အခုက ဘာမှမထိတွေ့သလိုဖြစ်နေတယ်။ အရင်တုန်းက ပညာရေးအတိုင်းပဲ ဘွဲ့သာရသွားတယ်။

အရည်အသွေးမပါသွားဘူး။ အဲဒီအတွက်ကြောင့် လူငယ်တွေက ပြည်ပမှာသွားပြီးတော့ မိမိစိတ်ဝင်စားတဲ့ ဘာသာရပ် ဒါမှမဟုတ် အတတ်ပညာကို ပြန်ပြီးတော့ သီးသန့်သင်ယူနေရတဲ့ အခြေအနေမျိုးဖြစ်နေတယ်။

အဲဒီပြဿနာကို ကျွန်တော်က ဖြေရှင်းချင်တာက ဘာလဲဆိုရင် လောလောဆယ် တိုင်းဒေသကြီး အဆင့်ပဲပြောမယ်ထားပါတော့။ လူငယ်တွေအတွက် သီးသန့်ပေါ့နော်၊ လူငယ်စင်တာတို့ အရင်းအမြစ်စင်တာတို့ အများကြီး ထပ်ချဲ့ဖို့ လိုလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် လူငယ်တွေက ကျောင်းထွက် ပြီးပြီဆိုရင် သူတို့ရဲ့ပညာရေးလမ်းကြောင်းက ကုန်ခမ်းသွားပြီ။ အများစုက ရန်ကုန်ကိုသွား ပြီးတော့ ပညာကောင်းကောင်းတတ်ဖို့ဆိုတာက အခွင့်အလမ်းတော့ရှိပေမဲ့လည်း တကယ့်လက်တွေ့မှာက အဲလောက်အထိ မတတ်နိုင်ကြဘူး၊ လူငယ် တွေကလေ။

ဆိုတော့ အဲလိုကျောင်းထွက်ပြီးတော့ ဒီလောက်ပညာရေးနဲ့ ပြီးဆုံးသွားတော့ တကယ့်အပြင် လောကမှာ အလုပ်အကိုင်ကလည်းမရှိဘူး။ ရှာဖို့လည်း မလွယ်သေးတဲ့အချိန်မျိုးမှာဆိုရင် ထိုင်းနိုင်ငံမှာသွားပြီးတော့ အလုပ်လုပ်တဲ့အချိန်ကျတော့ ဒီလူငယ်တွေရဲ့ ဘဝတွေက ဒီလိုကုန်ဆုံးသွားတယ်။ မဖြစ်ချင်ဘူး၊ အဲဒါမျိုးဆိုရင်လေ။ အဲလိုသွားပြီးတော့ ကိုယ့်ရဲ့ လူသားအရင်းအမြစ်တွေကို သူများနိုင်ငံမှာ ကုန်ဆုံးမဲ့အစား သူတို့ဘဝနောင်ရေးအတွက် ဘာမှအာမခံချက်မရှိတဲ့အစားဆိုရင် အစိုးရအနေနဲ့ အများကြီးလုပ်ပေးနိုင်တယ်ပေါ့နော်။

ဒီဟာက ကျွန်တော်မြင်နေရတာ တကယ့် လိုအပ်ချက်ထဲမှာ ပါတာပေါ့နော်။ ဒါကျွန်တော် ဖြေရှင်းချင်တဲ့အချက်ထဲမှာ ပါတယ်။

မေး – အစ်ကိုခုနကပြောတဲ့ ဒုတိယအချက် ပေါ့ခင်ဗျား။ လျှပ်စစ်ဈေးနှုန်းက လက်ရှိဈေးနှုန်းထက်သက်သာတဲ့နှုန်းနဲ့ ရအောင်ဆိုပြီးတော့ နည်းပညာအဆင့်မြင့်တဲ့ ကျောက်မီးသွေးတို့ ရေအားလျှပ်စစ်တို့နဲ့ သွားချင်တဲ့သဘောရှိတာပေါ့ ခင်ဗျား။ ဆိုတော့ ဒေသခံတွေရော CSO တွေရော No Coal ၊ No Dam(ကျောက်မီးသွေးနှင့်ရေကာတာ အလိုမရှိ) ဆိုပြီးတော့ လုပ်နေတဲ့ဟာလည်းရှိတာ ပေါ့။ အဲလိုမျိုး အခင်းအကျင်းမှာကျတော့ အစ်ကို့ အနေနဲ့ ဒေသခံတွေ၊ CSO တွေကို အဲလိုလုပ်ချင်တာကို ဘယ်လိုစည်းရုံးပြောဆိုဖို့ရှိလဲ။ ဘယ်လိုအာမခံ ချက်တွေပေးပြီးတော့ ပြောဆိုမလဲပေါ့ခင်ဗျား။

ဖြေ- ကျွန်တော်တို့က တစ်ခုခုလုပ်တော့မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံက ပြည်ပကလာမယ့် ရင်းနှီးမြှုပ်နှံမှုပဲသုံးသုံး၊ ပြည်တွင်းကပဲ သုံးသုံးပေါ့နော်။ ခုနက ကျွန်တော်ပြောတဲ့ နိုင်ငံတကာ စံချိန် စံညွှန်းဆိုတာက ပြန်ပြီးတော့ ရွေးချယ်ရတာပေါ့ နော်။ တစ်ခုခုလုပ်တော့မယ်ဆိုရင် ဆိုးကျိုးနဲ့ ကောင်းကျိုးက ဘယ်ကပိုများလဲ။ ပြီးတော့သွားမယ့် ယန္တရားတစ်ခုက ကိုယ်ကထိန်းချုပ်နိုင်တဲ့ အဖွဲ့အစည်း ရှိရမှာပေါ့နော်။ တကယ်လို့သာ အဖွဲ့အစည်းက ကောင်းကောင်းနိုင်မယ်၊ ကိုယ်ကလည်း အများအတွက် အကျိုးရှိမယ်၊ ထိခိုက်မှုကတော့ အနည်းအကျဉ်းရှိမယ်ဆိုရင်တော့ ကျွန်တော်ထင်တယ် ဒါလက်ခံသင့်တယ်လို့ ထင်တယ်လေ။

တကယ်လို့ တွက်လိုက်လို့ ထိန်းချုပ်နိုင်တဲ့အင်စတီကျူးရှင်းလည်း မရှိဘူး၊ ဆိုးကျိုးက ပိုများ နေရင်တော့ ဒါက အခြားနည်းလမ်းတော့ ရွေးချယ် ရမှာပေါ့နော်။ ဒေသထွက်တဲ့ သဘာဝအရင်းအမြစ် တို့ ဟိုက်ဒရိုပါဝါတို့ မသုံးရဘူးဆိုရင်တော့ ပါ့ပလစ် စင်တာတွေက ဒီအတိုင်းပဲသူတို့က အရှုံးနဲ့ပဲ လည်ပတ်ဖို့မလွယ်ဘူးလေ။ အစိုးရက ကိုင်မယ်ဆိုလည်း အရှုံးနဲ့ပဲ။ တစ်ခုပဲ ဒါဆိုရင် ဂက်စ်ကို ဘယ်လို ပြန်ပြီးတော့ အသုံးချမလဲ၊ နိုင်အောင်ဘယ်လိုလုပ်မလဲ အဲဒါတွေကိုတော့ အပြောင်းအလဲအနေနဲ့တော့ ပြန်ပြီးစိစစ်ရလိမ့်မယ်ထင်တယ်။ ဘာကြောင့်လဲ ဆိုရင် ကျွန်တော်ထင်တာက လိုအပ်ချက်က တကယ် လျှပ်စစ်လိုအပ်တယ်။ နစ်နာမှုမရှိဘဲ ဆိုးကျိုးလုံးဝ မရှိဘဲနဲ့ လိုပဲလိုချင်တယ်။ သူများအတွက်လည်း လုပ်ပေးရဦးမယ်ဆိုရင်တော့ ဒါက သူတို့ကလည်း နားလည်ပေးရမယ့်အပိုင်းတော့ ရှိမှာပေါ့နော်။ အဲဒါဆိုရင် ကျွန်တော်ထင်တယ်။ ရှင်းပြပြီး ညှိနှိုင်းရင်တော့ အတိုင်းအတာတစ်ခုအထိတော့ လက်ခံမှာပါ။ ကျွန်တော်ကလည်း ပတ်ဝန်းကျင်ကို ထိခိုက်စေတာ မကြိုက်ဘူး။

မေး- အခြေခံဥပဒေရဲ့ ပေးထားချက်အရကလည်း တိုင်းနဲ့ပြည်နယ်အစိုးရတွေ လုပ်ပိုင်ခွင့်က မဂ္ဂါဝပ် ၃၀ အောက်ပဲ ရှိတာဆိုတော့လေ။ အစ်ကို့ အနေနဲ့ ရွေးချယ်ခံမယ့်ဟာကလည်း တိုင်းလွှတ်တော်ဆိုတော့ကာ အဲဒီပမာဏထက် ကျော်တဲ့ အနေအထားမျိုးဖြစ်လာပြီ ဒါမှမဟုတ် မဟာဓာတ် အားလိုင်းဈေးနှုန်းအတိုင်းရဖို့ဆိုရင် အစ်ကိုရွေး ချယ်ခံရရင် ဘာဆက်လုပ်ဖို့ ရှိလဲပေါ့။

ဖြေ- ကျွန်တော်ကတော့ တိုင်းမှာပဲ ကစားလို့ရမယ်ဆိုတော့ ဟုတ်တာပေါ့နော်။ ဒီလုပ်ပိုင်ခွင့် တော်တော်များများကတော့ နိုင်ငံတော်က တိုက်ရိုက်ကိုင်တာများပါတယ်။ အခုထီးခီးလမ်းတို့ ဆိုရင်လည်း တိုင်းဒေသကြီးက အာဏာမရှိသလောက်ဆိုပြီး ပြောရမှာပေါ့။ ဆိုတော့ အဲလို အခြေအနေ မျိုးမှာကျတော့ ကျွန်တော်တို့ ပါတီအတွင်းမှာက ပြည်သူ့လွှတ်တော်တို့၊ အမျိုးသားလွှတ်တော်တို့မှာ အရွေးချယ်ခံမယ့်လူတွေရှိတယ်လေ။ တကယ်လို့ သူတို့ပါသွားရင်တော့ ပေါ်လစီအပိုင်းမှာတော့ သူတို့ ကစားဖို့တော့ ကျွန်တော်က အကြံဉာဏ်ပေးတာမျိုး လုပ်မှာပေါ့။

မေး- လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အတွက်ရော အစ်ကို့အနေနဲ့ ဘာတွေပြင်ဆင် ထားလဲ၊ ဘာတွေပြင်ဆင် နေလဲပေါ့ခင်ဗျား။

ဖြေ- အခုကျွန်တော်တို့ကတော့ Trip (ခရီးတို)တွေကတော့ တောက်လျှောက်သွားနေတာပေါ့နော်။ အခု ကိုဗစ်ဝင်ချလာတော့ ကျွန်တော်တို့လည်း သတိထားတယ်။ ဘာဖြစ်လို့လည်းဆို ပြည်သူတွေကလည်း လက်ခံဖို့ ကြိုဆိုဖို့ဆိုတာ ခပ်လန့်လန့်ပဲ။ ကျွန်တော်တို့လည်း အဲဒါကြောက် နေရတယ်။ အပြင်မှာတော့ တွေ့နေရတာပေါ့နော်။ ပြီးတော့လည်း ကိုဗစ်စည်းကမ်းတွေကလည်း တော်တော်လေးတင်းကျပ်တယ်၊ ကျွန်တော်တို့ အပေါ်မှာ။

ဆိုတော့ ပါတီကြီးတွေကတော့ သူတို့လွတ် လွတ်လပ်လပ်သွားလာတာ တွေ့ရပေမဲ့လည်း ကျွန်တော်တို့ကျတော့ အကွက်တွေမမှားအောင်တော့ သတိထားနေရတဲ့အပိုင်းတွေရှိတာပေါ့နော်။ ဆိုတော့ ကျွန်တော်တို့လည်း ချင့်ချိန်ပြီးတော့ အသွားအလာလည်း နည်းနည်းလျှော့ထားတယ်။ ဒါပေမဲ့ အွန်လိုင်းမှာကျတော့ ပြည်သူတွေကို အသိပေးတဲ့ ဗီဒီယိုဖိုင်လေးတွေကို ကျွန်တော်ရဲ့ ဖေ့ဘုတ်(Facebook) ကတစ်ဆင့်၊ မီဒီယာက တစ်ဆင့် သွားတာတော့ရှိတယ်။ အဲဒီဟာကတော့ သတင်းအချက်အလက်ကတော့ ပြန့်သင့်သလောက် ပြန့်တယ်။ ဒါပေမဲ့ အွန်လိုင်းနဲ့သွားတဲ့အချိန်ကျတော့ ပြဿနာတစ်ခုက ဖုန်းလိုင်းမမိတဲ့နေရာတို့၊ အင်တာနက်လိုင်းမမိတဲ့နေရာတွေကျတော့ မရဘူး ပေါ့နော်။ မိတဲ့နေရာကျတော့ သတင်းအချက် အလက်ကတော့ အတိုင်းအတာတစ်ခုအထိတော့ သွားနိုင်တာပေါ့။ ဒေသတွေမှာ ကွန်နရှင် (Connection) ရှိတော့ ဖုန်းနဲ့ပဲ သွားတာများတယ်။ ဒေသမှာ သွားနိုင်တဲ့ပုဂ္ဂိုလ်မျိုးကို ဆက်သွယ်ပြီးတော့ သူက နေတစ်ဆင့်။ ဒါပေမဲ့ ရွေးကောက်ပွဲက အဲလောက် အထိမလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် မဲပေးတဲ့စနစ်က တော်တော်လေးပြဿနာတက်နေတယ်။ အထူးသဖြင့် တိုင်းရင်းသားတွေမှာ နိုင်ငံရေးယဉ်ကျေးမှုနဲ့ အရမ်းဝေးကွာခဲ့တော့ အခုမှ ပြန်ပြီးတော့ နိုးထနေရတဲ့အပိုင်းတွေရှိတယ်။

ဆိုတော့ မဲကို ဘယ်လိုပေးရမလဲဆိုတာ တော်တော်လေးကို ရှင်းပြရတဲ့အပိုင်းတွေရှိတယ်။

မေး-ရွေးကောက်ပွဲမှာ အနိုင်ရလို့ရှိရင် ဘာတွေဦးစားပေးပြီး လုပ်ဆောင်သွားဖို့ရှိလဲ။

ဖြေ- ကျွန်တော်ပြောတဲ့ အကြီးဆုံးပြဿနာ သုံးခုထဲမှာတော့ လျှပ်စစ်ပြဿနာကတော့ ဖြေကို ဖြေရှင်းရမယ့်အပိုင်းမှာ ပါတယ်။ ဒုတိယကတော့ ပညာရေးပေါ့နော်။ လူငယ်နဲ့ပညာရေးအခွင့်အလမ်းကို ဦးစားပေးပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတိုင်း ကျွန်တော်တောက်လျှောက်လုပ်နေ တာပေါ့နော်။

နောက်တစ်ခုကတော့ အဓိက ဥပဒေထဲမှာလည်း အခြေခံအခွင့်အရေးဖြစ်တဲ့ မြေယာဥပဒေတို့၊ မူးယစ်ဆေးဝါးကိစ္စတို့က ဒါက သိပ်ပြီးတော့ အဲဒီအကြောင်းမပြောကြသေးပေမဲ့ တကယ်မြေပြင်ကို ဆင်းတဲ့အချိန်ကျရင် တော်တော်လေး လွှမ်းမိုးခံနေ ရပြီ၊ ဒီမူးယစ်ဆေးဝါးကိစ္စတွေ။ ဒီကိစ္စတွေက ကျွန်တော်ဦးစားပေးတဲ့အထဲမှာ ပါလိမ့်မယ်။ ကျွန် တော်ကိုင်တွယ်ဖြေရှင်းချင်တယ်။

မေး- အစ်ကိုလုပ်ချင်တာတွေနဲ့ ပါတီရဲ့မူဝါဒ နဲ့ရော ကိုက်ညီရဲ့လား။

ဖြေ- တိုင်းပြည်ဖွံ့ဖြိုးရေး ပြီးတော့ လူငယ်ပညာရေးအခွင့်အလမ်းဆိုတာ လူငယ်အရည် အသွေးမြင့်တင်ရေးဆိုတာ ရှိတယ်။ ဒါကလည်း တစ်ထပ်တည်းပါဘဲ။ ရင်ဆိုင်နေရတဲ့အကြောင်း အရာကတော့ ဒေသအနေနဲ့ပေါ့နော် ပါတီရဲ့မူဝါဒ ကတော့ တားမြစ်ထားတာမရှိဘူး။


ဦးကျော်မင်းထိုက်၊ ထားဝယ်တိုင်းရင်းသားများပါတီ

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း၊ သရက်ချောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် -၂

မေး- ကိုယ့်နယ်ထဲမှာ အဓိက ဖြေရှင်းရမယ့် ပြဿနာသုံးခုက ဘာပါလဲ။

ဖြေ- တနင်္သာရီတိုင်းထဲမှာ အဓိက ဖြေရှင်းရ မယ့် ပြဿနာတွေကတော့ လျှပ်စစ်ပြဿနာ ရှိမယ်။ လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းကိစ္စ ရှိမယ်။ မြေယာ အငြင်းပွားမှု ပြဿနာတွေ ရှိမယ်။

မေး- အဲဒီ ပြဿနာတွေက ဘာလို့ အရေးကြီးတာလဲ။

ဖြေ- လျှပ်စစ်မီးဆိုရင်လည်း သိတဲ့ အတိုင်းပဲ။ အခြားဒေသတွေနဲ့ အများကြီး ကွာဟနေတာ ပေါ့နော်။ လျှပ်စစ်မီးက ဖွံ့ဖြိုးတိုးတက်ရေးအတွက် တအား အရေးကြီးတာပေါ့နော်။ လူငယ်တွေ အလုပ်အကိုင် ပြဿနာကတော့ အားလုံးသိတဲ့ အတိုင်း လူငယ်တွေ ကျောင်းတစ်ပိုင်းတစ်စနဲ့ ထွက်လိုက်ရသူတွေ ရှိတယ်။ ဆယ်ကျော်ကနေပြီး အသက် ၃၀ ကျော်အကြားမှာ လူတွေ အလုပ်အကိုင် အတည်တကျ မရှိကြဘူး။ ကြုံရာ ကျပန်းလုပ်နေရ တာတွေများတယ်။

နောက်ဆက်တွဲ ပြဿနာ အနေနဲ့ မူးယစ်ဆေးဝါး သုံးစွဲတာတွေ ဖြစ်လာတာ ပေါ့နော်။ နိုင်ငံရဲ့ အနာဂတ်က လူငယ်တွေပဲ လို့ပြောတယ်။ ဒါကြောင့်မို့လို့ ဒါကြောင့် (အနည်း ဆုံးတော့) လူငယ်တွေ အလုပ်နဲ့ တည်တည်ငြိမ်ငြိမ် ဖြစ်ဖို့ လိုအပ်တာပေါ့နော်။

နောက်တစ်ခုက မြေယာပြဿနာမှာဆိုလည်း မြန်မာနိုင်ငံမှာတော့ ထားဝယ်ဒေသမှာ Mega Project (အကြီးစား စီမံကိန်း) ကြီးတွေ လာလုပ်တယ်။ အဲဒါနဲ့လည်း မြေယာပြဿနာတွေဖြစ်တယ်။ အခု ခရိုနီပဲ ခေါ်မလား၊ တိုက်ကွန်းပဲ ခေါ်မလား သူတို့က မြေလွတ်မြေလပ် မြေရိုင်းတွေ လျှောက်မယ်။ ပြီးရင် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်ရင် ဒေသခံတွေနဲ့ တော်တော်လေး ပြဿနာတက်နေတာ ရှိ တယ်။ မြေစာရင်း ဦးစီးဌာနကလည်း သေသေချာချာ မကိုင်တွယ်နိုင်လို့၊ ပုံစံ – ၇ ကိစ္စ၊ မြေယာ ပိုင်ဆိုင်မှုကိစ္စတွေလည်း တော်တော်လေး အငြင်းပွား ဖွယ်ရာတွေ ရှိနေတယ်ပေါ့။

မေး- ထားဝယ်ပါတီက အားသာချက်က ဒေသပါတီဖြစ်တယ်၊ ဒေသအရေး ဦးစားပေးတယ်ပေါ့။ ဒါပေမဲ့ အခြားတစ်ဖက်မှာလည်း အားနည်း ချက်တွေရှိတာပေါ့။ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်လိုမျိုး ပြည်ထောင်စု အဆင့်မှာ ဝင်မပြိုင်ဘူး။ တိုင်းဒေသကြီးမှာပဲ ဝင်ပြိုင်တယ်ပေါ့။ ဒီတော့ မဲဆွယ်စည်းရုံးတဲ့နေရာမှာ ဘယ်လို သတင်းစကားတွေပါးပြီး မဲဆွယ်လဲ။

ဖြေ- ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်။ ကျွန်တော်တို့ ပါတီဟာ သက်တမ်း နုတယ်၊ ဒေသခံ ပါတီဖြစ်တယ်။ ဒါတွေသည် ကျွန်တော်တို့အတွက် အားနည်းချက် ဖြစ်ကောင်းဖြစ်နိုင်တယ်။ လူတွေက နိုင်ငံတည်ဆောက်ရေးမှာ အစိုးရကောင်းကောင်း မရမှာကို စိတ်ပူနေကြတယ်။ မဲကွဲမှာ စိတ်ပူနေကြတယ်။ ဒါကြောင့် ပါတီအနေ နဲ့ စဉ်းစားတာက မဲလည်း မကွဲအောင်၊ ကိုယ့်ဒေသ အရေးကိုလည်း တရားဝင် ပြောဆိုဆွေးနွေးခွင့်ရ အောင်ဆိုပြီး တိုင်းဒေသကြီး အဆင့်မှာပဲ ဝင်ပြိုင်တာပေါ့နော်။

မေးခွန်းထုတ်တာတွေ ရှိပါတယ်။ အစိုးရအဖွဲ့ မှာ မပါနိုင်ဘဲ ထိထိရောက်ရောက် လုပ်နိုင်ပါ့မလား ဆိုပြီး မေးကြတာတွေရှိတယ်။ အဲဒါမျိုး အားနည်း ချက်တွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ လူမျိုးစု ကိုယ်စားပြုတယ်၊ ထားဝယ်ဒေသအရေးတွေကို ထဲထဲဝင်ဝင် လုပ်နိုင်မယ်။ အဲဒီလို အားသာချက်ရှိတယ်ဆိုပြီး ပြောပြတာပေါ့နော်။

အခြားပါတီကြီးတွေကြတော့ တစ်နိုင်ငံလုံး လွှမ်းခြုံပြီး လုပ်နေတဲ့အတွက် ဒေသအရေးကို သိပ်ပြီး အာရုံမစိုက်နိုင်ဘူးပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ပါတီကျတော့ ဒေသအခြေစိုက် ပါတီဖြစ်လို့ ဒေသအရေးကို ပိုပြီး အာရုံစိုက်ပြီး လုပ်နိုင်မယ်။ ဗဟိုကိုလည်း တင်ပြစရာ မလိုဘူးပေါ့နော်။ တင်ပြစရာ မလိုဘူးဆိုတာက ဗဟိုသည် ထားဝယ်မှာပဲ ရှိတဲ့ အတွက် လုံးဝ လူထုနဲ့ နီးနီး ကပ်ကပ်ရှိနေတယ်ဆိုပြီး ရှင်းပြတာပေါ့နော်။ အဲဒီ အတိုင်းပဲ Message(သတင်းစကား) ပေးတာပေါ့ နော်။

မေး- ထားဝယ်ပါတီက တိုင်းလွှတ်တော်ထဲမှာပဲ ပြိုင်တော့ စောနက လူငယ်အလုပ်အကိုင် အခွင့်အလမ်း၊ လျှပ်စစ်နဲ့ မြေယာ ပြဿနာတွေကို ဘယ်လို ဖြေရှင်းနိုင်မယ်ထင်လဲ။

ဖြေ- အဓိကကတော့ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တိုင်းအစိုးရမှာလည်း လုပ်ပိုင်ခွင့် အများကြီး ရှိတာပေါ့နော်။ လျှပ်စစ်ဆိုရင်လည်း မဂ္ဂါဝပ် ၃၀ အောက်ဆိုရင် တိုင်းအစိုးရက ကိုယ်ထူကိုယ်ထ လုပ်လို့ရတယ်ဆိုတာ သိထားတယ်။ အဲလိုဟာတွေ လုပ်လို့ရနိုင်တယ်။ နောက်ပြီး သဘာဝကို မထိခိုက်ဘဲနဲ့ ဆိုလာတွေ ဘာတွေလိုမျိုး လုပ်လို့ရတဲ့ အခွင့်အလမ်းအများကြီး ရှိတယ်။ ဆည်တွေဘာတွေ ဆောက်တာမျိုးပေါ့။ သိပ်ပြီး အကြီးကြီးမဟုတ်ဘဲ၊ တစ်နိုင်တစ်ပိုင်ပေါ့။ လျှပ်စစ်ကိစ္စက အဲဒီလိုဟာတွေ နဲ့ ဖြေရှင်းလို့ရနိုင်တယ်ပေါ့။

လူငယ်နဲ့ အလုပ်အကိုင်အခွင့်အလမ်းဆိုရင်လည်း ကျွန်တော်တို့မှာ ဖန်တီးလို့ရတဲ့ အလုပ် အကိုင်အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့တိုင်းထဲမှာဆိုရင် ငါးလုပ်ငန်းနဲ့ ဥယျာဉ်ခြံဆိုပြီး အဓိက အသက်မွေးဝမ်းကြောင်း နှစ်ခု ရှိတာပေါ့။ အဲဒါတွေနဲ့ ပတ်သက်ပြီး စနစ်တကျသာ လုပ်မယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းအများကြီး ရလာနိုင်တယ်လို့ ကျွန်တော်ကတော့ ယူဆ တယ်။

မြေယာကိစ္စဆိုရင်လည်း သေသေချာချာသာ သုံးဦးသုံးဖလှယ် ဆွေးနွေးပြီး ဖြေရှင်းမယ်ဆိုရင်၊ Political Will (နိုင်ငံရေး စိတ်ဆန္ဒ) ရှိရှိနဲ့ ဖြေရှင်းမယ်ဆိုရင် ဖြေရှင်းနိုင်မယ်လို့ ယူဆတယ်ပေါ့နော်။ အခုကတော့ Interest(အကျိုးစီးပွား)တွေ ရှိလို့ အချို့ဟာတွေက ဖြေရှင်းလို့ရရဲ့သားနဲ့ ဖြေရှင်းလို့ မရဘဲ ဖြစ်နေတယ်၊ ဖြေလည်း ဖြေရှင်းချင်စိတ် မရှိလို့လို့ ကျွန်တော်ထင်တယ်။

မေး- သုံးဦး သုံးဖလှယ်ဆိုတာ နည်းနည်း ရှင်းပြပါ။

ဖြေ- သုံးဦး သုံးဖလှယ်ဆိုတာက ခုနက ပြောသလိုမျိုး တောင်သူပိုင်ရှင်တွေရယ်၊ အစိုးရရယ်၊ ခရိုနီတွေလို့ ပြောရမလား၊ အဲဒီလို မြေယာလာယူ ထားတဲ့သူတွေရယ် အဲဒီလူတွေနဲ့ အသေအချာ ဆွေးနွေးပြီး ဖြေရှင်းရင်၊ ဖြေရှင်းနိုင်မယ်လို့ ထင် တယ်။

သုံးဦး သုံးဖလှယ်ဆိုတဲ့ အဓိကမှာ CSO (အရပ် ဘက်အဖွဲ့အစည်း)တွေရဲ့ အခန်းကဏ္ဍလည်းပါ မယ်လို့ ထင်တယ်။ သူတို့ ဝင်အကြံဉာဏ်ပေးတာတွေမျိုး။ ဝင်ပြီး Watch (စောင့်ကြည်တာမျိုးတွေ) လုပ်တာမျိုးတွေ လိုအပ်မယ်လို့ ထင်တယ်။

မေး- အခုလိုမျိုး ကိုဗစ်ကာလ အခြေအနေမှာ မဲဆွယ်စည်းရုံးရေးဆင်းတဲ့ နေရာမှာ အဓိက ပြဿနာတွေ၊ စိန်ခေါ်မှုတွေက ဘာတွေရှိလဲ။

ဖြေ- လူစုလူဝေး လုပ်လို့မရတဲ့ ကိစ္စပေါ့နော်။ အားလုံးသိတဲ့ အတိုင်း လူ ၅၀ ပဲ စုလို့ရတယ်။ အခု လိုက်လုပ်နေတာကတော့ လူ ၅၀ တစ်ခါမှ မပြည့်ပါဘူး။ နည်းနည်း ခပ်ကျဲကျဲပဲ ဝိုင်းနေတယ်ပေါ့။ သေချာတာကတော့ လူတွေက လန့်ကြတယ်။ ပြည်သူလူထုထဲမှာလည်း လန့်နေကြတယ်။ ဒါပေမဲ့ ခုနက ပြောသလိုမျိုး Mask တွေ ဘာတွေဝတ်ပြီး နည်းနည်း ခပ်ခွာခွာ လုပ်ရတာပေါ့။ သာမန်အချိန်ထက်တော့ စိန်ခေါ်မှု ရှိတာပေါ့။ ဒါတွေက အလုပ်ပိုတစ်ခုလို ဖြစ်နေတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ မလိုက်နာလို့လည်း မရဘူး။ တစ်ယောက်ယောက်ဖြစ်လာပြီဆိုရင် သက်ရောက်မှုတွေ အများကြီး ရှိတယ်။

ပြီးရင် အဲဒါကို ကိုင်ပြီး ပြိုင်ဘက်ပါတီတွေကလည်း ချောက်ချတာကို အမြဲတမ်း သတိပြုနေရ တာပေါ့နော်။ အဲဒီလို အခက်အခဲတွေ ရှိတာပေါ့။

မေး- အခြား ဘာပြောစရာ ရှိသေးလဲ။

ဖြေ- အခြားပြောစရာက ထားဝယ်ပါတီအနေနဲ့ ကိုယ့်ဒေသအရေးကို ထိထိရောက်ရောက် လုပ်ချင်တယ်။ လွှတ်တော်ထဲ မရောက်ဘဲလည်း ဒီလို ကိစ္စတွေကို တစ်စိုက်မတ်မတ်လုပ်နေတဲ့ ပါတီဖြစ်တယ်ပေါ့။ လွှတ်တော်ထဲ ရောက်မယ်ဆိုရင် ဒီထက်ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်လိမ့်မယ်လို့ ယူဆတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ကို အားပေးထောက်ခံကြပါ။ ဝန်းရံကြပါလို့ ပြောချင်ပါတယ်။