မြေအောက် အပူစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်ရန် တိုင်းအစိုးရနှင့် လက်မှတ်ရေးထိုး

0
297
Dawei Watch, Dawei News, Dawei News Media

မြေအောက် အပူစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်ရန် ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့် Seni Htai နှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရတို့အကြား ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက နားလည်မှုစာချွန်လွာ (MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း ယင်းကုမ္ပဏီတာဝန်ရှိသူထံမှ သိရသည်။

ပြည်တွင်းအခြေစိုက် Seni Htai နှင့် နယ်သာလန်အခြေစိုက် TDD International ကုမ္ပဏီတို့ ပူးပေါင်းကာ Geo-Plutonic Power Plant ဟုခေါ် သည့် မြေအောက်အပူစွမ်းအားမှတစ်ဆင့် နောက်ဆုံးပေါ်နည်းပညာဖြင့် လျှပ်စစ်ထုတ်ယူပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမည့် အစီအစဉ်ဖြစ်သည်။

မီးဆက်ပျက်နေလျှင် ယခင်ကဲ့သို့ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ပြန်သွားရန်တိုက်တွန်းမည်ဟု လွှတ်တော်ကိုယ်စားလှယ်ပြော

ယင်းအတွက် ထုတ်လုပ်မူ ကုန်ကျစရိတ်မှာ တစ်ယူနစ်လျှင် ၁၀၅ ကျပ်သာ ကျသင့်မည်ဖြစ်ကြောင်း Seni Htai ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်အိရွေစင်က ပြောသည်။

တစ်ယူနစ်လျှင် ၁၀၅ ကျပ် (အမေ ရိကန်ဒေါ်လာ ၇ ဆင့်) ဖြင့်ထုတ်လုပ်ပြီး ဖြန့်ဖြူးမည့်သူများအား တစ်ဆင့်ပြန်လည် ရောင်းချရန် တိုင်းအစိုးရသို့ ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက တင်ပြခဲ့ပြီး ယခုအခါ သဘောတူ လက်မှတ်ရေး ထိုးလိုက်ခြင်းဖြစ်သည်။

“စာချုပ်အရ လာမယ့် သုံးလအတွင်း လုပ်ငန်းကို အကောင်အထည် ဖော်ရပါမယ်” ဟု ဒေါ်အိရွေစင်က ပြောသည်။

တိုင်းဒေသကြီးအစိုးရက ခွင့်ပြုနိုင်သည့် မဂ္ဂါဝပ် ၃၀ အထိ ထုတ်လုပ်မည်ဖြစ်ပြီး ထားဝယ်နှင့် မြိတ် နှစ်နေရာတွင် ထုတ်လုပ်ဖြန့်ဖြူး သွားမည်ဖြစ်သည်။

ယင်းနည်းပညာသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှု မရှိခြင်း၊ ဈေးနှုန်းသက်သာစွာဖြင့် အလုံအလောက် သုံးစွဲနိုင်ခြင်း၊ မြေအောက်မှ ထွက်ရှိလာသည့် ရေများကို ရေချိုအဖြစ် ဒေသအတွင်း ပြန်လည်သုံးစွဲနိုင်ခြင်း၊ စက်ရုံတည်ဆောက်ရန် မြေနေရာ အနည်းငယ်သာလိုအပ်ခြင်းစသည့် အားသာချက်များရှိကြောင်း ဒေါ်အိရွေစင်က ရှင်းပြသည်။

လက်ရှိတွင် မြိတ်ဒေသအတွင်း Petro & Trans ကုမ္ပဏီက တစ်ယူနစ်လျှင် ၂၉၂ ကျပ်ဖြင့် ဖြန့်ဖြူးပေးနေပြီး မကြာခဏ မီးပျက်သည့် ပြဿနာကြုံနေရရာ မြိတ်ဒေသခံအချို့ကမူ ယင်းမြေအောက်မှ ထုတ်လုပ်ဖြန့်ဖြူးမည့် လျှပ်စစ်အစီအစဉ်ကို စိတ်ဝင်စားလျက်ရှိသည်။

သို့သော် ထုတ်လုပ်သူနှင့် ဖြန့်ဖြူးသူကိုမူ တစ်ဦးတည်းသာဖြစ်စေချင်သည် ဟု မြိတ်ဒေသခံ ကိုထွန်းထွန်းဦးက ပြောဆိုသည်။

“ထုတ်လုပ်သူကိုယ်တိုင် ဖြန့်ဖြူး ရောင်းချပေးနိုင်ဖို့ အစိုးရကကူညီပေးနိုင်ရင်တော့ ကျွန်တော်တို့ ဈေးသက် သက်သာသာနဲ့ သုံးစွဲနိုင်မယ်။ တစ်ဆင့် ခံဆိုရင်တော့ ဈေးကြီးလာမှာကို ကြောက်တယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက အဆိုပါကုမ္ပဏီ တာဝန်ရှိသူများသည် မြိတ်မြို့သို့ လာရောက်ပြီး ဒေသခံများအား တွေ့ဆုံကာ စီမံကိန်းနှင့် ပတ်သက်၍ လာရောက်ချပြခဲ့ပြီးဖြစ်သည်။

မြေအောက်နည်းပညာဖြင့် လျှပ်စစ်ထုတ်ယူခြင်းကို နိုင်ငံတကာတွင် ပြုလုပ်နေကြပြီး အာရှနိုင်ငံအချို့တွင်လည်း ထုတ်လုပ်နေကာ မြန်မာနိုင်ငံတွင်မူ တနင်္သာရီတိုင်းတွင် ပထမဆုံး အကောင်အထည်ဖော်ခြင်းဖြစ်လာမည် ဖြစ်သည်။

ကိုဆန်း