ဆေးမိ ပင်လယ်

95
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

တိုင်းအတွင်း ကျေးရွာပေါင်း ရာချီရှိသည့် ပင်လယ်ရွာကလေးများမှာ လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုနီးပါးကစပြီး အရင်လိုမဟုတ်တော့။

ဆားငန်ဓာတ်ပါပြီး သန့်ရှင်းလတ်ဆတ်သည့် ပင်လယ်လေကို သူတို့ ရှူရှိုက်နေခဲ့သည်မှာ ဟိုး ရှေးပဝေသဏီကတည်းက ဖြစ်သည်။

ယခုမူ ပင်လယ်ပြင်ကိုယ်တိုင်ကမူ မူးယစ် ဆေး၏ သားကောင်ဖြစ်နေခဲ့ပြီ။

ပင်လယ်မှလာသော လေလတ်လတ်ဆတ်ဆတ်ထက် မြင်းဆေး သို့မဟုတ် ရာဘခေါ် WY နှင့် အခြားသောမူးယစ်ဆေးတို့မှ ထွက်လာသည့် အငွေ့အသက်ကိုသာ ရှူရှိုက်ရန် အားထုတ်နေကြသူများက မနည်းမနော။ အထူးသဖြင့် လူငယ်ထုအတွင်း ထိုသို့ဖြစ်လာသည်မှာ ကြောက်ခမန်းလိလိဖြစ်သည်။

ပို၍ စိုးရိမ်ဖွယ်ရာဖြစ်နေသည်မှာ တစ်နိုင်ငံလုံးတွင် လူဦးရေ ထောင်ဂဏန်းမျှသာကျန်ရှိသော ပင်လယ်ပျော် မော်ကင်း ဆလုံလူမျိုးများ၏ အသိုက်အဝန်းတွင်ပါ မူးယစ်ဆေးက ပျံ့နှံ့လာခြင်း ဖြစ်သည်။

“လူမျိုးပြုန်းတော့ မလောက်အောင်ကို ဒီမူးယစ်ဆေးက တော်တော်လေးကို ဖောင်းပွနေပါပြီ” ဟု ဦးသိန်းဇံက ပြောသည်။

ဦးသိန်းဇံသည် အသက်ခြောက်ဆယ်ကျော် အရွယ်ရှိသည့် မြန်မာတစ်ယောက်ဖြစ်ပြီး လက်ရှိတွင် ဆလုံတိုင်းရင်းသားများ နေထိုင်သည့် ဘုတ်ပြင်းမြို့နယ်၊ လငန်းကျေးရွာအား စီမံအုပ်ချုပ်ရေးတာဝန်ခံ လည်းဖြစ်သည်။

ဦးသိန်းဇံ အုပ်ချုပ်သည့် ကျေးရွာနည်းတူ တခြားပင်လယ်ဒေသ ကျေးရွာများသည်လည်း ထိုနည်းလည်းကောင်း။ မူးယစ်ဆေးဝါး ဆိုသည်ကား သူတို့အတွက် လမ်းဘေးတွင် ကွမ်းယာဝယ်စားရ သကဲ့သို့ပင် လွယ်ကူလွန်းလှသည်ဟု ရွာသားများကဆိုသည်။

ပင်လယ်ဒေသရှိ ကျေးရွာများတွင် ရေလုပ်သား အများစုမှာ ရာဘစိတ်ကြွဆေး သုံးစွဲကြသလို တချို့ အလုပ်သမားများက ဆေးမရှိလျှင် အလုပ်ခေါ်၍ မရ။ ယင်းကြောင့် အလုပ်ရှင်တချို့က အလုပ်မြဲရန်အတွက် စိတ်ကြွဆေးကို လိုက်လံရှာပေးရသည်အထိ ရှိနေသည်။

“ဂျင်း(ဂုံး) ကောက်ဖို့သွားခေါ်တာ ဆေးရမလား အရင်မေးတယ်။ မရရင်မလိုက်ဘူးတဲ့” ဟု ကြိမ်နီတောင် ကျေးရွာသူ အသက်လေးဆယ်ခန့်အရွယ် အမျိုးသမီးကလည်း သူမတို့ရွာအတွင်း လက်ရှိ အခြေအနေကို ဖွင့်ဟသည်။

“အခြေအနေက အဲလိုဖြစ်နေတာ” ဟု သူက ဆိုသည်။
နေ့စဉ်လိုလို မူးယစ်ဆေးကြောင့် ဖြစ်ခဲ့ရသည့် လူမှုအရှုပ်အထွေးနှင့် ရာဇဝတ်မှုများကလည်း နေရာတိုင်းလိုလိုတွင် ဖြစ်ပေါ်နေသည်။

တနင်္သာရီတိုင်းတွင် ဘိန်းစိုက်ခင်းမရှိသလို မူးယစ်ဆေးဝါး ထုတ်လုပ်သည့် စက်ရုံလည်းမရှိပေ။ သို့သော် ယင်းတိုင်းတစ်ခွင်တွင် မူးယစ်ဆေးဝါးက မြေပြင်သာမက ရေပြင်တွင်ပါ ပျံ့နှံ့နေသည်။

ပြီးခဲ့သည့်နှစ်များအတွင်း အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် အစိုးရက တရားဥပဒေစိုးမိုးရေးကို ကြပ်ကြပ်မတ်မတ်လုပ်ဆောင်လိုက်ရာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူးယစ်စိတ်ကြွဆေး ထုတ်လုပ်သည့် ဂိုဏ်းများမှာ လမ်းကြောင်းအသစ်ရှာခြင်း၊ လမ်းကြောင်း ပြောင်းခြင်းတို့ကို ပြုလုပ်လာကြသည်။ တနင်္သာရီတိုင်းဒေသကြီးသည် ၎င်းတို့အတွက် ဈေးကွက်သစ်ဖြစ်လာသည်။

တနင်္သာရီတိုင်းသည် ခရစ္စတယ်လ်မက်သ် စိတ်ကြွဆေးတင်ပို့ရာ ဗဟိုချက်ဖြစ်လာသည်ဟု ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်သည့် United Nations Office on Drugs and Crime (UNODC) က ၂၀၂၀ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မူးယစ်ဆေးဝါးများကို မြိတ်ခရိုင်အတွင်း နေ့စဉ်စုံစမ်း ဖမ်းဆီးရမိမှုများရှိနေပြီး အများစုသည် ရခိုင်ကမ်းရိုးတန်းဘက်မှ ဝင်ရောက်လာဖွယ်ရှိသည်ဟု မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက ခန့်မှန်း ပြောဆိုသည်။

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ ကျေးရွာများသည် ရေလမ်းခရီးကို အဓိကထားအသုံးပြုနေရသည်။

ယင်းကြောင့် သွားလာရေးခက်ခဲခြင်း၊ ရဲတပ်ဖွဲ့ များတွင်လိုအပ်သည့် ယာဉ်ယန္တရားပစ္စည်းများ ပြည့်စုံစွာ ရှိမနေခြင်း၊ သတင်းရသည့်အချိန်နှင့် ရောက်ရှိသည့်အချိန် ကွာဟခြင်း စသည်တို့ကြောင့် မူးယစ်ဆေးနှိမ်နှင်းရာတွင် အားနည်းလျက်ရှိနေကြောင်း ၎င်းက ပြောသည်။

မူးယစ်ဆေးက ပင်လယ်ကျေးရွာများနည်းတူ မြိတ်ခရိုင်အတွင်းရှိ လယ်တောပိုင်း၊ ချောင်းဖျားပိုင်းနှင့် ကုန်းတွင်းပိုင်းရှိကျေးရွာများတွင်လည်း အလားတူပျံ့နှံ့ ရောက်ရှိနေကြသည်။

ရွာအတွင်း မူးယစ်ဆေး ရောင်းဝယ်နေသူများအား တာဝန်သိရွာသားတချို့က တိုင်ကြားချင်သော်လည်း အန္တရာယ်ကျရောက်လာမည်ကို စိုးရိမ်သည့်အတွက် မတိုင်ကြားရဲကြဟု ရွာသားများက ပြောသည်။

“ရန်ပြုလာရင် ဘယ်အဖွဲ့အစည်းက ကာကွယ်ပေးမလဲ” ဟု မြိတ်မြို့နယ်၊ သာရမဲရွာသား ကိုဆန်းမင်းဦးက မေးခွန်းထုတ်သည်။

မြိတ်ခရိုင်အတွင်းရှိ အကျဉ်းထောင်နှင့် အချုပ်များ အသီးသီးတွင် မူးယစ်ဆေးဖြင့် အဖမ်းခံနေရသူ အများဆုံးရှိနေပြီး အသက် ၁၀ နှစ်နှင့် ၁၅ နှစ် ကလေးများပင် ပါဝင်နေသည်ဟု မြိတ်ခရိုင်ရဲတပ်ဖွဲ့ မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့်က ပြီးခဲ့သည့် လအနည်းငယ်က ပြောဆိုခဲ့သည်။

“နိုင်ငံတော်မှာ လူ့စွမ်းအား အရင်းမြစ်တွေ အများကြီးဆုံးရှုံးနေပါတယ်” ဟု ၎င်းက ပြောသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်သူများအနေနှင့် ထောင်မှ ပြန်ထွက်လျှင်လည်း ဒုံးရင်းအတိုင်းသာ ဆက်လက်ရှိနေသောကြောင့် ဆွေးနွေးပညာပေးမှုများမှာ အားနည်းလျက်ရှိနေကြောင်း ထောက်ပြသူများလည်း ရှိနေသည်။

၂၀ဝ၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းအနေဖြင့် တိုင်းအတွင်း ခရိုင်၊ မြို့နယ်နှင့် ကျေးရွာအလိုက် အဖွဲ့ခွဲပေါင်း နှစ်ဆယ်ကျော်၊ အဖွဲ့ဝင်အင် အား ၁၃၀ဝ ကျော်ဖြင့် ပညာပေးမှုများ ပြုလုပ်နေ သည်ဟု မြိတ်ခရိုင် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA) အဖွဲ့ဥက္ကဋ္ဌ အငြိမ်းစားရဲမှူး ဦးဝင်းမောင် က ပြောသည်။

ထို့အပြင် ပင်လယ်အတွင်းသို့ ဝင်ရောက်လာသည့် လမ်းကြောင်းများအား ငါးလုပ်ငန်းဦးစီးဌာန အပါအဝင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စုံစမ်းရှာဖွေ ဖော်ထုတ်သွားမည် ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြိတ်တွင်အခြေ စိုက်သည့် တောင်ပိုင်းသား ရုပ်သံသတင်းဌာနမှ ဦးစီးကာ “ပင်လယ်ဒေသ မူးယစ်အန္တရာယ် စုပေါင်း အဖြေရှာမယ်” ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ယင်းစကားဝိုင်းသို့ လွတ်တော်ကိုယ်စားလှယ်၊ ဥပဒေပညာရှင်၊ အရပ်ဘက်အဖွဲ့အစည်းနှင့် ဒေသခံတို့ တက်ရောက်ခဲ့ကြပြီး ဒေသတွင်း မူးယစ်ဆေးပုစ္ဆာအတွက် အဖြေရှာခဲ့ကြသည်။

မူးယစ်ဆေး ကာကွယ်တားဆီးသည့် အပိုင်းတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ တာဝန်ပျက် ကွက်မူအားနည်းချက်များ၊ လာဘ်ပေးလာဘ်ယူကိစ္စ များနှင့်ပတ်သက်၍လည်း တက်ရောက်လာသူများက ဆွေးနွေးခဲ့ကြသည်။ အစိုးရနှင့် သက်ဆိုင်ရာ ဌာနများ၊ ဒေသခံပြည်သူများပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲမျိုးပြုလုပ်ကာ အစိုးရနှင့် ပြည်သူ အပြန်အလှန်ပူးပေါင်းပြီး ဆောင်ရွက်ရန်ကိုလည်း အကြုံပြုသူက ပြုသည်။

ပြည်သူသတင်းပေးသဖြင့် သွားရောက်ဖမ်းဆီးသည့် အချိန်တွင်လည်း ပစ္စည်းလက်ဝယ်ဖြင့် ဖမ်းမိခဲ့သော်လည်း တရားခံကို အရေးမယူနိုင်ခဲ့သည့် ဖြစ်စဉ်များ၊ လာဘ်ပေးလာဘ်ယူကိစ္စများ ရှိနေသည်ကို ကြားနေရကြောင်း ထိုအခမ်းအနားသို့ တက်ရောက်ခဲ့သည့် တနင်္သာရီမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ဆိုသည်။

လက်ရှိတွင် နိုင်ငံတော်သမ္မတက တိုက်ရိုက်ကွပ်ကဲသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကို ၂၀၁၈ ခုနှစ်ကပင် ဖွဲ့စည်းထားပြီး အများပြည်သူအနေနှင့် လုံခြုံစိတ်ချရပြီး တိုက်ရိုက်တိုင်ကြားနိုင်မည့် လမ်းကြောင်းကိုလည်း ဖွင့်လှစ်ပေးထားသည်။ အရေးယူနိုင်မှုအခြေအနေကိုလည်း အပတ်စဉ် သတင်းထုတ်ပြန်လျက်ရှိသည်။

သို့သော်လည်း မူးယစ်ဆေး ပြဿနာမှာ နိုင်ငံအနှံ့တွင် ခေါင်းခဲဖွယ်ရာ အခြေအနေအဖြစ် ရှိနေဆဲဖြစ်သည်။

ငါးဖမ်းလှေ နှစ်ရာခန့်ရှိသည့် ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ရွာသည်လည်း ထို့အတူပင်။ ခန့်မှန်းခြေအားဖြင့် ရေလုပ်သား အမျိုးသားထု၏ အများစုမှာ မူးယစ်ဆေး ပိုက်ကွန်အတွင်း မရုန်းနိုင်မကန်နိုင် ဖြစ်နေသည်ဟု သိရသည်။ ကျေးရွာရှိ ရေလုပ်သားများ၊ ရွာအတွင်း နေထိုင်သူများနှင့် အလယ်တန်း ကျောင်းသားများအထိ စိတ်ကြွဆေးက အလျင်အမြန် စိမ့်ဝင်ခြိမ်းခြောက်လာနေကြောင်း ယင်းကျေးရွာနေ ဦးဖိုးဇော်က ပြောပြသည်။ ၎င်းသည် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းလည်း ဖြစ်သည်။

“နောင်လာမယ့် မျိူးဆက်အတွက်တော့ တော်တော်ကြောက်စရာကောင်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်လာရတော့မယ်” ဟု ၎င်းက ပြောသည်။

ကိုဆန်း