ရှစ်လအတွင်း အိမ်တွင်းအကြမ်းဖက်ခံရသည့် အမှုအများဆုံးဟု ထားဝယ်အမျိုးသမီးသမဂ္ဂဆို

0
371
Dawei Watch, Dawei News, Dawei News Media

ပြီးခဲ့သည့် ရှစ်လအတွင်း ထားဝယ် အမျိုးသမီးသမဂ္ဂထံသို့ အကူအညီတောင်းခံ တိုင်းကြားလာသည့် အမှုများ အနက် ၃၂ မှုမှာ အိမ်တွင်းအကြမ်းဖက်မှု ပြဿနာများဖြစ်သည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။

စုစုပေါင်း တိုင်ကြားအကူအညီ တောင်းခံခဲ့သည့် အမှု ၆၂ မှု ရှိသည့်အနက် အိမ်တွင်းအကြမ်းဖက်မှုမှာ ထက်ဝက်ကျော်ဖြင့် အများဆုံးဖြစ်သည်။ ဒုတိယ အများဆုံးမှာ သက်ငယ်မုဒိမ်းမှုဖြစ်ပြီး ၂၀ ကျော်ရှိကြောင်း ယင်းသမဂ္ဂမှ အထွေထွေတွဲဖက်အတွင်းရေးမှူး(၂) ဒေါ်မာလာက ပြောသည်။

အတိုင်ခံထားရသည့် တီဇစ်အုပ်ချုပ်ရေးမှူးအမှု အဖွဲ့သစ်ဖြင့် ပြန်စစ်

သမဂ္ဂအနေဖြင့် ပညာပေးစကားဝိုင်းများကို ထားဝယ်ခရိုင်၊ ကျေးလက်ဒေသများရှိ ကျေးရွာများအထိဆင်းကာ ပြုလုပ်လာခြင်းကြောင့် သတင်းအချက်အလက်များ ယခင်ကထက် ပိုမိုရရှိလာသဖြင့် တိုင်ကြားမှုများ များလာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“သူတို့ ပြဿနာတွေ ဖြစ်နေတာက နှစ်နဲ့ချီပြီး ဖြစ်နေကြတယ်။ ကြာပြီပေါ့ သူ့ကိုနှိပ်စက်နေတာ။ လူတွေက တိုင်ရတန်းရမှန်း သိလာတာကြောင့် ပိုများတာလည်း ဖြစ်တယ်။ အခုမှဖြစ်ပြီး အခုမှ လာတာမျိုးမဟုတ်ဘူး” ဟု ၎င်းက ဆို သည်။

ထားဝယ်အမျိုးသမီးသမဂ္ဂထံ အကူအညီတောင်းခံကာ တိုင်ကြားလာသည့် အမှုများတွင် အိမ်ထောင်ရေးဖောက် ပြန်မှု၊ ကာမလိမ်လည်မှုနှင့် Online ပေါ်မှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများလည်း ပါရှိသည်။

အိမ်တွင်းအကြမ်းဖက်ခံရမှုသည် တရားမမှုဖြစ်သဖြင့် တရားစွဲဆိုတိုင်ကြားပါက အမှုကြာခြင်း၊ တရားရင်ဆိုင်မည့် အချိန်နှင့် ကုန်ကျမည့်ငွေကြေး အခက်အခဲ ရှိခြင်း၊ လင်မယားကိစ္စဖြစ်သောကြောင့် သက်သေလိုက်ပေးမည့်သူမရှိခြင်း၊ ပြင်ပ ဒဏ်ရာမပေါ်သဖြင့် အမှုဖွင့်မရခြင်း စသည့် အခက်အခဲများရှိသည်ဟု ဒေါ်မာလာက ပြောသည်။ ယင်းသို့သော အခက်အခဲများကြောင့် အိမ်တွင်းအကြမ်း ဖက်ခံရမှုသည့် အမျိုးသမီးများအတွက် တရားမျှတမှုမရဘဲ တရားရုံးမရောက်ခင်ပင် အမှုများလမ်းဆုံးသွားကြသည်ကများသည်ဟု ဆိုသည်။

အိမ်တွင်းအကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် သမဂ္ဂမှ ယာယီတည်းခိုမည့်နေရာများ စီစဉ်ပေးခြင်း၊ တည်းခိုနေစဉ်စားရေး သောက်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဥပဒေအကြံပေးခြင်းနှင့် ရှေ့နေများထားပေးခြင်း၊ တရားရုံးသို့လိုက်ပါကူညီပေးခြင်းများကို လုပ်ဆောင်ပေးသည်ဟု သမဂ္ဂထံမှ သိရသည်။

မိုးမြင့်