ပျက်စီးသွားသော မျှော်ရစ်တံတား အစိုးရနှင့် ဂေါပက ပူးပေါင်းပြီး ပြန်ပြင်မည်

0
306

လှိုင်းပုတ်ဒဏ်ကြောင့် ပျက်စီးသွားသည့် လောင်းလုံးမြို့နယ် မျှော်ရစ် တံတားကို တိုင်းအစိုးရနှင့် ဂေါပက အဖွဲ့တို့ပေါင်းပြီး ပြန်လည်တည်ဆောက်ရန် ကနဦးညှိနှိုင်းထားကြောင်း မျှော်ရစ် စေတီဂေါပကအဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၁၉ ရက်က မိုးကြီးခြင်းနှင့်အတူ ထူးကဲဒီရေတက်ပြီး လှိုင်းပုတ်ခတ်သည့်ဒဏ်ကြောင့် မျှော်ရစ်တံတား အလျား ပေ ၁၂၀ ခန့် ပျက်စီးသွားခဲ့ကြောင်း ယင်းစေတီ ဂေါပကအဖွဲ့ ဘဏ္ဍာရေးမှူး ဦးမြင့်စိန်က ပြောသည်။

“တို့ဂေါပကအဖွဲ့မှာရှိတဲ့ ရန်ပုံငွေနဲ့ ပြင်မယ်ဆိုရင် မလောက်တော့ အစိုးရကလည်း သူတို့က တစ်ဝက်ဆောက်ပေးမယ်လို့တော့ ပြောထားတယ်” ဟု ဦးမြင့်စိန် က ဆိုသည်။

ယင်းတံတားမှာ ၁၉၉၁ ခုနှစ်ကတည်းက ဆောက်ထားသည့်တံတားဖြစ်ပြီး ပြိုကျမည့်အန္တရာယ်ရှိနေသဖြင့် ၂၀၁၈ ခုနှစ်ကတည်းက ကား၊ ဆိုင်ကယ် ဖြတ်သန်းခြင်းကို တားမြစ်ထားခဲ့သည်။

တံတားတစ်စင်းလုံးအား တစ်ပြိုင်တည်းပြုပြင်ရန် ဂေါပကအဖွဲ့တွင် ရန်ပုံငွေမလောက်သဖြင့် တံတားအစိတ်အပိုင်း အချို့ကို နှစ်အလိုက်ပြင်ဆင်နေခဲ့ကြောင်း ၎င်းကပြောသည်။

ယခုပြိုကျသွားသည့်နေရာသည် မပြင်ဆင်ရသေးသည့် အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် လှိုင်းပုတ်သည်နှင့် အလွယ်တကူ ပြိုကျသွားခြင်းဖြစ်သည်။

ပွင့်လင်းရာသီတွင် အစိုးရနှင့် ဂေါပကအဖွဲ့တို့ပူးပေါင်းပြင်ဆင်ရန် ကနဦး ညှိနှိုင်းထားပြီး မပြင်ဆင်ရသေးမီ ယာယီ တံတားတစ်စင်းကို ဆောက်လုပ်မည်ဖြစ်ကြောင်း ဦးမြင့်စိန်က ပြောသည်။

မျှော်ရစ်စေတီနှင့် ကမ်းခြေသည် ခရီးသွားဧည့်သည်များအကြား စိတ်ဝင်တစားလာရောက်လည်ပတ်သည့် နေရာတစ်ခုဖြစ်သည်။

ကျော်သူစိုး