ကိုဗစ်စည်းကမ်းဖောက်သည့် စားသောက်ဆိုင်ခုနစ်ဆိုင်ကို အရေးယူ

0
312
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့နယ်အတွင်း ကိုဗစ် စည်းကမ်းဖောက်သည့် စားသောက်ဆိုင် ခုနစ်ဆိုင်ကို အရေးယူခဲ့ကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့ တို့ ပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ဖမ်းဆီးခဲ့ရာတွင် ဆိုင်တံခါးပိတ်ပြီး ဆိုင်ထိုင်စားသည့်စနစ်ဖြင့် ရောင်းချနေသည့် စားသောက်ဆိုင်ခုနစ်ဆိုင်ကို အရေးယူခဲ့ခြင်းဖြစ်သည်။

အရေးယူသည့် စားသောက်ဆိုင်များတွင် အများစုမှာ အရက်ဆိုင်ဖြစ်ကြောင်း မြို့နယ်စည်ပင်ကော်မတီဝင် ဦးကျော်ကျော်ဦးက ဆိုသည်။

အချိန်နီးကပ်မှထုတ်သည့် စည်ပင်ကြေညာချက် စားသောက်ဆိုင်များ အခက်တွေ့

ကိုဗစ်ကူးစက်မှု မြင့်တက်လာသည့်အတွက် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်အပါအဝင် ဆိုင်အားလုံးကို ပါဆယ်သာ ရောင်းချရန် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က တားမြစ်ထားသည်။

“နောက်ရက်တွေလည်း ထွက်ဖမ်း ဦးမှာ။ ဈေးထဲမှာရောင်းနေတဲ့ မုန့်လက်သုပ်၊ မုန့်ဟင်းခါးတွေ၊ မနက်စာရောင်းနေတဲ့ ဆိုင်တွေလည်း ရှိနေတယ်” ဟု ဦးကျော်ကျော်ဦးက ပြောသည်။

လက်ရှိတွင် ဖမ်းမိသည့် စည်းကမ်းဖောက်ဆိုင် ခုနစ်ဆိုင်ကို ပထမဆုံးအကြိမ်အနေဖြင့် ခံဝန်ထိုးခိုင်းထားပြီး နောက်တစ်ကြိမ် ဖမ်းမိပါက သက်ဆိုင်ရာဥပဒေဖြင့် ထိထိရောက်ရောက် အရေးယူတော့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်မြို့တွင်းဧရိယာအပြင် မြို့အပြင် နယ်ဘက်တွင်လည်း စစ်ဆေးဖမ်းဆီးမည်ဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။

ဆိုင်ထိုင်စားသောက်ခြင်းကို ဆိုင်အတွင်းနှင့် ဆိုင်အနီးပတ်ဝန်းကျင် တွင်စားသောက်ခြင်းကိုလည်း တားမြစ်ထားသည်။

ကိုဗစ်ကပ်ဘေး ပထမလှိုင်းဖြစ်ပွားစဉ်ကလည်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ပါဆယ်သာ ရောင်းချရန် အမိန့်ထုတ်ပြန်ခဲ့ဖူးသည်။

ယင်းနောက် ကိုဗစ်ကူးစက်မှု အနည်းငယ်ငြိမ်သက်သွားချိန်တွင် ဆိုင်ထိုင်စားသောက်သည့်စနစ်ကို စည်းကမ်းသတ် မှတ်ချက်များဖြင့် ပြန်လည်ခွင့်ပြုခဲ့သည်။

Dawei Watch