ကျိုက်ထီးရိုးဘဏ္ဍာငွေ ကျပ်သိန်းရှစ်ရာကျော် အလွဲသုံးစားမှုဖြင့် ဂေါပကရုံးစာရေးကြီးကို အမှုဖွင့်

0
981

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီသို့ လှူဒါန်းထားသော ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်သည်ဟုဆိုကာ စေတီ၏ ဂေါပကရုံးမှ စာရေးကြီး ဦးမြင့်သန်းဆိုသူကို အမှုဖွင့် ထားသည်။

ကျိုက်ထီးရိုးစေတီ ရွှေဆိုင်းအရောင်းဌာနနှင့် ဘတ်စုံအလှူခံဌာနတို့မှ ရရှိသည့် ငွေများအနက်မှ ငွေကျပ်သိန်း ၈၆၀ ကျော်ကို စေတီဘဏ္ဍာရန်ပုံငွေထဲသို့ ပေးသွင်းခြင်းမပြုဘဲ ကိုယ်ကျိုးအတွက် အလွဲသုံးစား လုပ်ထားသည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် အရေးယူနိုင်ရေး ယခုကဲ့သို့ အမှုဖွင့်ရခြင်းဖြစ်သည်ဟု စေတီဂေါပက အဖွဲ့ဝင် ဦးအေးမြင့်သိန်းက ပြောသည်။

“ဘတ်ဂျက်နှစ် တစ်နှစ်ပြီးသွားရင် စာရင်းတွေကို စစ်တယ်။ ပုံမှန်ပဲ။ စစ်တော့ ဒီလိုမျိုး (ငွေကွာဟမှု) ပေါ်တာ” ဟု ၎င်းက ပြောသည်။

စေတီဂေါပကအဖွဲ့ အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဂေါပကအဖွဲ့ဝင် ဦးစိုးတင့်မှ တရားလိုပြုလုပ်ကာ ကင်မွန်းချောင်းနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။

တိုင်ကြားခံထားရသည့် စာရေးကြီး ဦးမြင့်သန်းကို ကင်မွန်းချောင်းနယ်မြေရဲစခန်းတွင် စက်တင်ဘာ ၂၁ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၈ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိသည်ဟု ယင်းရဲစခန်းထံမှ သိရသည်။

ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော် ပရိဝုဏ်နှင့် ဆက်စပ်ဧရိယာအတွင်းရှိ အလှူခံဌာန၊ ရွှေဆိုင်းအရောင်းဌာန၊ ခေါင်းလောင်းအရောင်းဌာနတို့ကို ဂေါပက အဖွဲ့က တိုက်ရိုက်ကိုင်တွယ်ပြီး အဆိုပါ ဌာနတို့မှ ရရှိလာသည့် ဘဏ္ဍာရန်ပုံငွေကို ဘဏ်တွင် အပ်နှံထားသည်ဟု ဂေါပက အဖွဲ့မှ သိရသည်။

ဂေါပကအဖွဲ့မှ တိုက်ရိုက်ကိုင်တွယ်ရသည့် ဌာနအသီးသီးတို့မှ တစ်နှစ်လျှင် ဘဏ္ဍာရန်ပုံငွေ ကျပ်သိန်းပေါင်း သောင်းနှင့် ချီရရှိနေကြောင်း ဂေါပကအဖွဲ့ရှိစာရင်းများအရ သိရသည်။

ယဉ်စနိုင်း