ထားဝယ်မြို့ပေါ် မြေယာအငြင်းပွားမှု ခုနစ်ဦး အမှုနှစ်မှု ဖွင့်ခံရ

0
562
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့ပေါ်ရှိ မြေယာအငြင်း ပွားမှုဖြစ်စဉ်တွင် လယ်သမားခုနစ်ဦးကို အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဆန်းချီတိုးချဲ့ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါပြဿနာတွင် မူလ ပိုင်ရှင်ဟုဆိုသည့် လယ်သမားမိသားစုနှင့် ၎င်းတို့ကိုဝန်းရံသည့် လယ်သမားအချို့အား အမှုဖွင့်ထားခြင်းဖြစ်သည်။

လက်ရှိပိုင်ဆိုင်ထားသည့် မြေပိုင် ရှင်ဆိုသူက အလုပ်သမားများနှင့်အတူ စက်တင်ဘာလ ၂၃ ရက်နေ့က ခြံစည်း ရိုးကာရံနေစဉ် အဆိုပါလယ်သမားများ ရောက်ရှိလာပြီး ဟန့်တားနှောင့်ယှက်ခြင်း၊ ဆဲဆိုခြင်း၊ စိုက်ထားသည့် ခြံစည်းရိုးတိုင်များကို ဆွဲနုတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

လောင်းလုံးကျူစခန်းမှ ထွက်ပြေးသွားသူကို ရှစ်ရက်ကြာမှ ပြန်ဖမ်းမိ

ထိုအခြေအနေကြောင့် မြေပိုင်ရှင် ဆိုသည့် အမျိုးသမီးက ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ကြောင်း ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူးက ဆိုသည်။

ထိုကြောင့် အဆိုပါ ခုနစ်ဦးကို ရာဇသတ်ကြီးပုဒ်မ- ၄၄၇/၄၂၇ /၂၉၄/ ၁၁၄ တို့ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။

၎င်းတို့အပြင် ပူးပေါင်းပါဝင်သူ များကိုလည်း ဖော်ထုတ်ဖမ်းဆီးမည်ဖြစ် ကြောင်း ဒုတိုင်းရဲတပ်ဖွဲ့မှူးက ပြောသည်။

ယင်းအပြင် အခင်းဖြစ်မြေတွင် ကြိုတင်စောင့်ဆိုင်းပြီး ခြံစည်းရိုးလုပ်ငန်း လုပ်နေသည့်ကားကို တုတ်၊ ကျောက်ခဲတို့ဖြင့် ဝိုင်းဝန်းထုနှက်ရိုက်ခဲ့သည့်အတွက် ယာဉ်၏ပစ္စည်းအချို့ ပျက်စီးသွားပြီး ယာဉ်မောင်းတွင် ဒဏ်ရာရရှိခဲ့သည်။

ထိုကြောင့် အထက်ပါခုနစ်ဦးကို ၄၄၀ / ၄၂၇ / ၃၂၃ / ၁၁၄ တို့ဖြင့် နောက်ထပ်အမှုတစ်မှု ထပ်ဖွင့်ခဲ့ကြောင်း ဒုတိုင်းရဲတပ်ဖွဲ့မှူးက ပြောသည်။

ရာဇသတ်ကြီးပုဒ်မ – ၄၄၀ မှာ သေစေမှု သို့မဟုတ် နာကျင်စေမှုအတွက် ပြင်ဆင်ပြီးနောက် ကျူးလွန်သည့် အကျိုးဖျက်ဆီးမှုဖြစ်ပြီး ပုဒ်မ- ၄၂၇ မှာ ငွေကျပ် ငါးဆယ်အောက် မနည်းသော အကျိုးဖျက်ဆီးမှုဖြစ်သည်။ ပုဒ်မ-၃၂၃ မှာ နာကျင်စေမှုဖြစ်ပြီး ပုဒ်မ-၁၁၄ မှာ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီသူ ကိုယ်တိုင်ရှိနေခြင်းဖြစ်သည်။

အဆိုပါလယ်သမားများအနက် သုံးဦးမှာ ယခင်အမှုတွင် တရားရုံးက ကြေညာထားသည့် တရားခံပြေးအမှုရှိနေကြောင်း ၎င်းက ဆိုသည်။

အခင်းဖြစ်မြေနေရာမှာ နှစ်ပေါင်း များစွာကတည်းက အငြင်းပွားမှုရှိနေပြီး အစိုးရနှစ်ဆက်တိုင်အောင် ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိသေးသည့် မြေနေရာဖြစ်သည်။

လက်ရှိအငြင်းပွားမြေနေရာကို သိမ်းဆည်းခဲ့စဉ်က မူရင်းပိုင်ရှင်ဟုဆို သည့် လယ်သမားက လျော်ကြေးငွေ တစ်စုံတစ်ရာ ရယူခဲ့ခြင်းမရှိသေးကြောင်း ဖမ်းဆီးခံရသည့် လယ်သမားမိသားစုဝင် တစ်ဦးဖြစ်သည့် ဒေါ်ရွှေစင်ယုက ဆိုသည်။

ယင်းကဲ့သို့ အခြေအနေတွင် လက်ရှိတိုင်းအစိုးရက ပြဿနာကိုဆွေးနွေးကာ ဖြေရှင်းပေးရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

Dawei Watch