ကိုဗစ်ကာလ တိုင်းပြည်တည်ဆောက်နည်း

0
698
editorial

ကိုဗစ်ကပ်ဘေးကာလတွင် လူတစ်ဦးနှင့်တစ်ဦး ထိတွေ့ဆုံစည်းမှုများကို ကန့်သတ်ထားလိုက်သည်။ ရောဂါအခြေအနေအပေါ် မူတည်၍ ကျောင်းများ ပိတ်သည်။ ဈေးများ အကန့်အသတ်ဖြင့် ဖွင့်သည်။ စားသောက်ဆိုင်များတွင် လူမထိုင်ရတော့။ အချို့မြို့များတွင် အိမ်တွင်သာနေရန် ကန့်သတ်ထားလိုက်သည်။

အလုပ်အကိုင်များလည်း ရပ်နားလာသည်နှင့်အမျှ လူအများစုတွင် အချိန်ပိုများ ထွက်လာသည်။ ပုံမှန်အားဖြင့် လူမှုရေး၊ စီးပွားရေးရာများနှင့် အလုပ်ရှုပ်၊ အချိန်ကုန်နေတတ်ရာ ယခုအခါ ကိုဗစ်ကပ်ဘေး ကာလအကြား အချိန်ပို၊ အချိန်အား ပိုရှိလာသည်။

ယင်းအခွင့်အလမ်းကို အသုံးပြု၍လည်း တိုင်းပြည် တည်ဆောက်ရေးတွင် တစ်တပ်တစ်အား ပါဝင်နိုင်သည်။ တိုင်းပြည် တည်ဆောက်ရေး၊ တိုင်းပြည် အင်အား၊ တိုင်းပြည်အတွင်း ကြွယ်ဝမှု ဆိုလျှင် အများအားဖြင့် တော၊ တောင်၊ ပင်လယ်၊ ကျောက်သံ ပတ္တမြား၊ သဘာဝဓာတ်ငွေ့ကဲ့သို့သော သဘာဝ သယံဇာတ အရင်းအမြစ်များကိုသာ အများအားဖြင့် ထည့်သွင်းပြောဆိုလေ့ရှိ သည်။

သို့သော် တိုင်းပြည်တစ်ခုတွင် အရေးကြီးဆုံးသော သယံဇာတမှာ လူသား အရင်းအမြစ်ဖြစ်ကြောင်း ဤနေရာမှ အလေးအနက် ညွှန်းဆိုလိုပါသည်။ သဘာဝသယံဇာတမည်မျှပင် ပေါကြွယ်စေကာမူ မစီမံတတ်သော လူအုပ်စုများ လက်ဝယ်သို့ အပ်နှင်းလိုက်ပါက ဗရုတ်သုတ်ခဖြစ်သွားမည်သာ ဖြစ်သည်။

ထိုကြောင့် တိုင်းပြည်အင်အား၊ တိုင်းပြည်တည်ဆောက်ရေးဟုဆိုလျှင် နိုင်ငံသူ၊ နိုင်ငံသားတို့၏ ကိုယ်စွမ်း ဥာဏ်စွမ်း တက်လာရေး တည်ဆောက်ရန် ဖြစ်သည်။ နိုင်ငံတစ်ခုသည် နိုင်ငံသူ၊ နိုင်ငံသားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ တစ်ဦးချင်း အရည်အချင်း တက်လာသည်နှင့်အမျှ တိုင်းပြည်အင်အား တိုးလာမည်ဖြစ်သည်။

ထိုကြောင့် ယနေ့ကဲ့သို့သော ကိုဗစ်ကပ်ဘေးကာလတွင် ကိုယ်ပိုင် အချိန်ပိုမိုထွက်လာရာ မိမိတို့ ကိုယ်စွမ်း၊ Óဏ်စွမ်းတိုးတက်ရေး ကြိုးစားရန် အချိန်ကောင်း ဖြစ်ပါသည်။ ထိုကြောင့် အားလပ်ချိန်တွင် မိမိကိုယ်ပိုင် အတတ်ပညာဆိုင်ရာ အရည်အချင်း တစ်ရပ်ရပ် တိုးတက်အောင် လုပ်ဆောင်ခြင်း၊ “ဟိုဘက် သည်ဘက်” ထက် ပိုမိုနားလည်ရန် လိုအပ်သော နိုင်ငံ့အရေးအရာ ကိစ္စရပ်များ၊ တိုင်းပြည် တည်ဆောက်ပုံများ ပိုမိုနားလည်ရန် ကြိုးစားခြင်း၊ ရွေးကောက်ပွဲတွင် မဲပေးရွေးချယ်ရန် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေး ပါတီများအကြောင်း ပိုမိုသိရှိ နားလည်အောင် လေ့လာခြင်း၊ လူထုကို မျက်နှာမူသော ဒီမိုကရေစီစနစ်ဖြစ်လာရေး မည်သို့ မဲပေးမည်ကို လေ့လာခြင်းတို့မှာ များစွာ အရေးပါပါသည်။

ထိုကြောင့် ကိုဗစ်ကပ်ဘေးကာလတွင် ကိုယ်ပိုင်အားလပ်ချိန်များကို မိမိတို့၏ ကိုယ်စီစွမ်းရည်များ မြင့်တက်လာအောင် ကြံဆောင်ခြင်း၊ နိုင်ငံ့ ရေးရာများကို လေ့လာပြီး ရွေးချယ်မှု ပိုမိုမှန်ကန်အောင် အားထုတ်ခြင်း ဖြင့် တိုင်းပြည်တည်ဆောက်ရေး တစ်တပ်တစ်အားပါဝင်နိုင်ပါကြောင်း။

အယ်ဒီတာ (စက်တင်ဘာ ၂၅၊ ၂၀၂၀)