လောင်းလုံးကျူစခန်းမှ ထွက်ပြေးသွားသူကို ရှစ်ရက်ကြာမှ ပြန်ဖမ်းမိ

0
587
Dawei Watch, Dawei News, Dawei News Media

လောင်းလုံးမြို့၊ မိုးကုပ်ရိပ်သာကွာ ရန်တင်းစခန်းမှ ထွက်ပြေးသွားသူကို စက်တင်ဘာလ ၂၅ ရက်တွင် ပန်းတလဲကျေးရွာတွင် ဖမ်းမိခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက ပြော သည်။

အသက် ၂၇ နှစ်အရွယ် ကုန်းဇရပ် ကျေးရွာသားသည် ထိုင်းနိုင်ငံမှပြန်လာသဖြင့် အသွားအလာကန့်သတ်ကာ ဓာတ်ခွဲ နမူနာယူထားခဲ့သည်။

ဓာတ်ခွဲနမူနာအဖြေမသိရသေးခင် စက်တင်ဘာလ ၁၇ ရက်တွင် ကွာရန်တင်းစခန်းမှထွက်ပြေးသွားသဖြင့် ရဲတပ်ဖွဲ့ ဖြင့် ချိတ်ဆက်ကာ လိုက်လံရှာဖွေခဲ့သည်။

လာလည်သူများကြောင့် လိပ်ကုန်းတောင် နာတာလူးပန်းခင်း ပျက်စီး၊ အမှိုက်ပွပြီးကျန်ခဲ့

ယင်းသို့ရှာဖွေနေစဉ် စက်တင်ဘာ လ ၂၅ ရက်က ပန်းတလဲကျေးရွာ ကားလမ်းပေါ်တွင် လမ်းလျှောက်သွားနေသည်ကို ရွာသားတစ်ဦးကတွေ့ပြီး ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ညီဖြစ်သူက ကွာရန်တင်းစခန်းတွင် လာတွေ့စဉ် ဆိုင်ကယ်ယူကာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်းကိုလည်း ဝန်ခံ ဖွင့်ပြောခဲ့သည်။

၎င်းအနေဖြင့် ကွာရန်တင်းစခန်းမှ ထွက်ပြေးရခြင်းအကြောင်းကို ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့အား အောက်ပါအတိုင်း ဖွင့်ဟခဲ့သည်။

မိသားစုက သူ့ကို လာမကြည့်ကြောင်း၊ ဗိုက်ဆာလျှင် တစ်ခန်းတည်းထံမှ တောင်းစားရကြောင်း၊ တစ်ရက်မှ နှစ်ရက်၊ နှစ်ရက်မှ သုံးရက် ဖြစ်လာသည့်အခါ စားရန်လည်း မရှိ၊ နေရသည် မှာလည်း စိတ်မွန်းကျပ်သဖြင့် ထွက်ပြေးခဲ့သည်ဟု ဆိုသည်။

ထွက်ပြေးသွားသူသည် ထိုင်းနိုင်ငံမှ ပြန်ရောက်လာပြီး ကွာရန်တင်းမဝင်သေးဘဲ နွားခိုးမှုတစ်ခုဖြစ်ပွားခဲ့သေးသည်။ ယင်းနွားခိုးပြီး ထိုင်းနိုင်ငံသို့ ဝင်မည်ဟုဆိုကာ ထွက်သွားခဲ့သည်။ ထိုင်းနိုင်ငံသို့ဝင်ရန် လမ်းမဖွင့်သောအခါမှ နေရပ်သို့ပြန်လာခဲ့သည်။ ယင်းအချိန်မှ ကွာရန်တင်းဝင်ခြင်းဖြစ်သည်။

ကွာရန်တင်းစခန်းမှ ယူဆောင်သွားသည့် ဆိုင်ကယ်ကိုလည်း ရောင်းလိုက်ပြီဖြစ်ကြောင်း ဦးမင်းသိန်းက ပြောသည်။

ထွက်ပြေးသွားသူသည် လက်ရှိတွင် ကွာရန်တင်းခစန်းတွင်မရှိဘဲ လောင်းလုံးမြို့မရဲစခန်းတွင်ရှိနေကြောင်း ဦးမင်းသိန်းက စက်တင်ဘာလ ၂၅ ရက် ညနေ ပိုင်းတွင်ပြောသည်။

ကံကောင်းသည်မှာ ထွက်ပြေးသွားသူ၏ ဓာတ်ခွဲအဖြေတွင် ကိုဗစ်ရောဂါပိုးမတွေ့ရှိရခြင်းဖြစ်သည်။

ကျော်သူစိုး