မောတောင်-စင်ခွန်းနယ်စပ် တစ်လျှောက် ထိုင်းဘက်မှ လုံခြုံရေးတိုးမြှင့်

0
388
Dawei Watch, Dawei News, Dawei News Media

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခု ဖြစ်သည့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ မောတောင်နှင့် ထိုင်းနိုင်ငံ ပရာကျွပ်ခီရီ ခန်ခရိုင်၊ စင်ခွန်းနယ်စပ်တစ်လျှောက် တွင် စက်တင်ဘာလ ၁၄ ရက်နေ့မှစပြီး ထိုင်းဘက်မှ လုံခြုံရေးအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ထားကြောင်း မြိတ်-ပရာကျွပ်မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။

မြိတ်ခရိုင်နှင့် ပရာကျွပ်ခီရီခန်ခရိုင် တို့အကြား ကီလိုမီတာ နှစ်ရာကျော်ရှိ နယ်စပ်တစ်လျှောက်ရှိ တောလမ်းမှ သွားလာနိုင်သည့် နေရာ ၂၇ ခုအား ပရာကျွပ်ခရိုင်ဝန်မှ မြွေပွေးအထူးတပ်ဖွဲ့ (တပ်မတော်ကြည်း)အား နယ်စပ်လုံခြုံရေးနှင့် စောင့်ကြည့်ရေးတာဝန်ကို ပေးအပ်ထားကြောင်း ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က ပြောပြသည်။

ကော့သောင်းမြို့တွင် ဟိုတယ်ကွာရန်တင်းဝင်နေသည့် သ‌င်္ဘောသားနှစ်ဦး ထွက်ပြေးသော်လည်း မလွတ်

အဆိုပါ နေရာ ၂၇ ခုအား ထိုင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ မြွေပွေးအထူးတပ်ဖွဲ့(တပ်မတော်ကြည်း)၊ ခရိုင်လုံခြုံ ရေးတပ်ဖွဲ့(ပြည်သူ့စစ်) စသဖြင့် ထိုင်းနိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကာ သံဆူးကြိုးများကာရံခြင်း၊ နေရောင်ခြည်သုံး လျှပ်စစ်မီးများတပ်ဆင်ခြင်း၊ အချက်ပြအသံစနစ်များ တပ်ဆင်ခြင်းနှင့် ၂၄ နာရီပတ်လုံး ကင်းစခန်း များချထားခြင်းများကို ဆောင်ရွက်ထား ခြင်း ဖြစ်သည်။

လတ်တလောမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားနေသည့်အပေါ် စိုးရိမ်ခြင်းနှင့် တရားမဝင် လမ်းကြောင်းမှ ရွှေ့ပြောင်းအလုပ်သမားများ ဝင်ရောက်မှုအား တားဆီးနိုင်ရန် ထိုင်းအစိုးရ၏ အထူးစီမံချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နယ်စပ်တစ်လျှောက်တွင် ဝေးလံခေါင်သီပြီး သွားလာနိုင်သည့် နေရာသုံးဆယ်ခန့်လည်း ရှိနေသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မောတောင်-စင်ခွန်းနယ်စပ်ရှိ တောလမ်းမှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားအချို့အား ထိုင်းဘက်မှ ဖမ်းမိခဲ့သေးသည်။

Dawei Watch