ကော့သောင်းမြို့တွင် ဟိုတယ်ကွာရန်တင်းဝင်နေသည့် သ‌င်္ဘောသားနှစ်ဦး ထွက်ပြေးသော်လည်း မလွတ်

0
729
Dawei Watch, Dawei News, Dawei News Media

ကော့သောင်းမြို့၊ ဗစ်တိုရီးယား ဟိုတယ်တွင် ကွာရန်တင်းဝင်နေသည့် သ‌င်္ဘောသားနှစ်ဦးမှာ စက်တင်ဘာလ ၂၂ ရက် ည ၁၂ နာရီခန့်က ထွက်ပြေးသွားခဲ့ကြောင်း ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်ရာအိမ်မှူး ဦးနွယ်ထွန်း က ပြောသည်။

အဆိုပါ အမျိုးသားနှစ်ဦးမှာ MV.ASIA PEARL(VII) သင်္ဘောဖြင့် အိန္ဒိယနိုင်ငံမှ ပြန်လာသူများဖြစ်ပြီး ၂၂ ရက်နေ့ညနေတွင် ကော့သောင်း ရေပြင်ပိုင်နက် ဇာဒက်ကြီးကျွန်းမှ ကော့သောင်းမြို့မဆိပ်ကမ်းသို့ တက်လာပြီး ဗစ်တိုရီးယားဟိုတယ်တွင် ကွာရန်တင်းဝင်နေသူများဖြစ်သည်ဟု ဦးနွယ်ထွန်းက ပြောသည်။

လာလည်သူများကြောင့် လိပ်ကုန်းတောင် နာတာလူးပန်းခင်း ပျက်စီး၊ အမှိုက်ပွပြီးကျန်ခဲ့

ဦးနွယ်ထွန်းအတူ မီးသတ်ဝန်ထမ်း နှစ်ဦးမှာ ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်တွင်း ညမထွက်ရအမိန့်အတွက် လုံခြုံရေးယူနေစဉ် ည ၁၂ နာရီခန့်တွင် ဆိုင်ကယ်သမားတစ်ဦးက ယင်းဟိုတယ် အနီးတွင် လူနှစ်ဦး ဆိုင်ကယ်များကို လမ်းပိတ်တားနေသည်ဟူ၍ သတင်း ပေးပို့လာခဲ့သည်။

များမကြာမီတွင် အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီး ကို တွေ့ရှိရသဖြင့် ဖြတ်တား၍ ဆိုင်ကယ်သမားကို သပ်သပ်၊ နောက်ကထိုင်သူ နှစ်ယောက်အား သပ်သပ် သီးသန့်ခွဲ ကာ စစ်ဆေးခဲ့ရာတွင် ဟိုတယ်တွင် ကွာရန်တင်းဝင်နေသူများ ထွက်ပြေးလာခြင်းဖြစ် ကြောင်းသိရသည်။

ဆိုင်ကယ်မောင်းသူမှာ ရော်ဘာခြံတစ်ခုတွင် အလုပ်လုပ်နေသူဖြစ်ပြီး ထွက်ပြေးလာသူနှစ်ဦးက အတင်းတားသဖြင့် မောင်းပေးရခြင်းဖြစ်သည်ဟု စစ်ဆေးသိရကြောင်း ဦးနွယ်ထွန်းက ရှင်းပြသည်။

“သူတို့က ဒီည တည်းခိုခန်းတစ်ခုမှာ အိပ်ပြီး မနက်ရတဲ့ကားနဲ့ ရန်ကုန် ပြန်မှာလို့ ပြောတယ်။ သူတို့ကို သွားခွင့်ပေးပါ။ ကျွန်တော်တို့မှာ ငွေတွေအများ ကြီးပါတယ်လို့ပြောတယ်။ ကျွန်တော့်ကို ငွေပေးမယ်ဆိုပြီး လာဘ်ထိုးတယ်” ဟု ၎င်းက ဆိုသည်။

ငွေပေးသည်ကို လက်မခံဘဲ ဦးနွယ်ထွန်းမှ ၎င်းတို့နှစ်ဦးအား သက်ဆိုင်ရာများနှင့် စကားပြောကြည့်ရန် ချော့မော့ပြောဆိုလိုက်ပြီး သက်ဆိုင်ရာကို ဆက်လက်သတင်းပေးပို့ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

ထိုညချင်းတွင်ပင် သက်ဆိုင်ရာ တာဝန်ရှိသူများရောက်ရှိလာပြီး ၎င်းတို့ နှစ်ဦးကို ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ကာ ကွာရန်တင်းဝင်စေခဲ့သည်။

၎င်းတို့နှစ်ဦးမှာ အခြားတစ်ဦးနှင့်အတူ သင်္ဘောကျင်းမှ လူချင်းချိန်းလာ သူများဖြစ်ပြီး ရောက်ရောက်ချင်း ညတွင်ပင် ဟိုတယ်ကွာရန်တင်းစင်တာ ခြံစည်းရိုးကိုကျော်၍ အပြင်သို့ ခိုးထွက်ခဲ့ ကြခြင်းဖြစ်သည်ဟု ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောသည်။

“သူတို့က ဟိုတယ်ကွာရန်တင်းဝင် ထားတဲ့သူဖြစ်တဲ့အတွက် ကွာရန်တင်းထဲမှာပဲ ကျွန်တော်တို့က ပြန်ထည့်ထားတယ်။ ကွာရန်တင်းကာလပြည့်ပြီဆိုရင် ကျွန်တော်တို့က သူတို့ကို ဥပဒေအရ အရေးယူမှာပါ” ဟု ၎င်းက ပြောသည်။

၎င်းအမျိုးသားနှစ်ဦးမှာ ရန်ကုန်မြို့ မြောက်ဒဂုန်မြို့နယ်နှင့် ကမာရွတ်မြို့နယ်တွင် နေထိုင်သူများဖြစ်ပြီး ၎င်းတို့၏ ဓာတ်ခွဲနမူနာများကို မရယူထား ရသေးဟု ဦးဇော်လင်းထွန်းက ပြောသည်။

ယင်းကြောင့် သီရိမြိုင်ရပ်ကွက် ရာအိမ်မှူးအပါအဝင် ၎င်းသင်္ဘောသား နှစ်ဦးနှင့် ပြောဆိုပက်သက် ဆက်စပ်ခဲ့သူများကို အသွားအလာအကန့်အသတ်ဖြင့် နေထိုင်ရန် ပြောဆိုထားသည်ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

ပြည်ပ သင်္ဘောများတွင် နှစ်ပြည့်ပါက သင်္ဘောသားအပြောင်းအလဲလုပ်ရန်အတွက် ကော့သောင်းမြို့ ရေပြင်ပိုင်နက်တွင် ဆိုက်ကပ်ကာ ဝန်ထမ်း အချိန်းအပြောင်းလုပ်ကြသည်ဟု သိရ သည်။

မိုးမြင့်