ကိုဗစ်ကာလ ကျောင်းပိတ်ရက်များ

56
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ကျောင်းဖွင့်ရာသီဖြစ်ပေမဲ့ ဟိုနေရာဒီနေရာတွေမှာ ကလေးတွေ ကစားနေကြတာကို တွေ့နိုင်ပါတယ်။

ဒါဟာ အရင်ရှိနေကျ မြင်ကွင်းတွေနဲ့ မတူတဲ့ မြင်ကွင်းဖြစ်ပါတယ်။
ထားဝယ်မြို့၊ ကရပ်ပြင်ရပ်ကွက် ရှင်ကြီးအိမ်နားက အိမ်ခြံဝင်းလေးထဲကြည့်လိုက်တော့ အသက် ၁၂ နှစ်သာသာ မိန်းကလေးငယ်လေးနှစ်ယောက် ရေတွင်းနားမှာ ကစားနေကြတာကို လှမ်းမြင်နေရပါတယ်။

အရင်နှစ်က အခုအချိန်ဆိုရင် သူတို့ဟာ ပုံမှန် ကျောင်းတက်နေကြရတာပါ။ ကျောင်းဆင်းတာနဲ့ ရေမိုး မချိုးအားမီ ကျူရှင်ကို အပြေးတစ်ပိုင်းသွား ကြရသေးတဲ့သူတွေပါ။

ဒီနှစ်တော့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် တစ်နိုင်ငံလုံးက ကျောင်းတွေကို ပိတ်ထားရတာမို့ “အဲလိုပဲ စားလိုက် အိပ်လိုက် TV ကြည့်လိုက်၊ ကစားလိုက်ပေါ့” လို့ အဖွားဖြစ်သူက ပြောပါတယ်။

“ဖုန်းရှိတယ်ဆိုတော့ ဂိမ်းနှိပ် ကစားမယ်။ မားမားရုပ်တွေ ဝယ်ကစားမယ် အဲဒါပဲရှိတယ်” လို့ အဖွားဖြစ်သူက ဆိုပါတယ်။

အဖိုးနဲ့ အဖွားက သူတို့ မြေးလေးတွေကို မြေကြီးမှာလည်း ကစားတာ မကြိုက်သလို၊ သူများ အိမ်လည်ပြီးလည်း မဆော့စေဘူးလို့ ဆိုပါတယ်။

ယခင်ကျောင်းဖွင့်စဉ်က မနက် ၇ နာရီ အိပ်ရာ ထပြီး ည ၁၀ နာရီလောက်မှာ အိပ်ရာဝင်ကြပေမဲ့ အခုလို ကျောင်းပိတ်ထားတဲ့ ရာသီမှာတော့ အိပ်ရာထချိန် အချိန်မှန်မရှိသလို ည ၁၂ နာရီထိုးတဲ့အထိလည်း တီဗီကြည့်တာမျိုးတွေ ရှိတယ်လို့ အဖွားဖြစ် သူက ဆိုပါတယ်။

“ညကျလို့ရှိရင်လေ ၃ နာရီထိ မအိပ်တဲ့ကောင်ရှိတယ်။ ဂိမ်းဆော့တယ်။ စက်ဘီးစီးတယ်။ အိပ်မပျော်ဘူးဆိုပြီးတော့” လို့ အဖွားဖြစ်သူက ဆိုပါတယ်။

အရင်နှစ် ကျောင်းဖွင့်ရာသီမှာ တနင်္ဂနွေနေ့တိုင်း ယဉ်ကျေးလိမ္မာသင်တန်းကျောင်းတက်ရပြီး ဥပုသ် နေ့၊ အဖိတ်နေ့တွေမှာတော့ ဥပါသကာခံ လိုက်တာ မျိုးတွေ လုပ်စေတယ်လို့ အဖွားဖြစ်သူက ဆိုပါတယ်။

ယခုနှစ်မှာတော့ ကိုဗစ်ရောဂါကြောင့် ယဉ်ကျေးလိမ္မာသင်တန်းကျောင်းတွေကိုလည်း ပိတ်ထားသလို ဥပါသကာကိုလည်း လူဦးရေကန့်သတ် ထားတာမို့ သူတို့ လိုက်ခွင့်မရတော့ပါဘူး။

သရက်ချောင်းမြို့နယ်၊ ကဇိတံတားဦးကျေးရွာက ဒေါ်ခင်မျိုးအေးကတော့ သူ့မှာ အခုနှစ် ရှစ်တန်းတက်ဖို့က တစ်ယောက်၊ ခြောက်တန်းတက်ဖို့က တစ်ယောက်၊ လေးတန်းတက်ဖို့က တစ်ယောက် သုံးယောက်ရှိတယ်လို့ ဆိုပါတယ်။

ကလေးသဘာဝအတိုင်း စားလိုက် အိပ်လိုက်၊ ကစားလိုက်နဲ့ ညဘက်တွေမှာ တီဗီခဏလောက် ကြည့်တယ်လို့ သူက သူ့ကလေးတွေရဲ့အခြေအနေကို ပြောပြပါတယ်။

“ကျောင်းအခြေအနေကတော့ လုံးဝ မဖွင့်ပြီဆိုတော့ ကြားနေရတယ်” လို့ ဒေါ်ခင်မျိုးအေးက ဆိုပါတယ်။

အကြီးတစ်ယောက်ကတော့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလိုက်မလားလို့ ရွာထဲက လာခေါ် လို့ လိုက်သွားတယ်လို့ ဆိုပါတယ်။

“ဒီနှစ်က ရောဂါနဲ့ ကျောင်းတစ်နှစ် ဆုံးရှုံးသွားတယ်ဆိုတော့ စိတ်မကောင်းဘူး။ သားတွေအတွက် ပညာရေးနောက်ကျသွားတာပေါ့” လို့ သူက ပြောပါတယ်။

သူ့ရဲ့သားဖြစ်တဲ့ လေးတန်းတက်မယ့် ရှိုင်းဝေစိုးကတော့ ကိုဗစ်-၁၉ ရောဂါကို ကြောက်ပေမဲ့လည်း ကျောင်းတွေပြန်ဖွင့်စေချင်ပြီလို့ ဆိုပါတယ်။ ကျောင်းတွေဖွင့်ရင် သူငယ်ချင်းတွေ အများကြီးနဲ့ ဆော့ရတာမို့ ကျောင်းမှာ သူပျော်သလို ကျောင်းက သူငယ်ချင်းတွေကို သတိရနေပြီလို့ သူက ဆိုပါတယ်။

သူက အမြဲတမ်း ရယ်ပြုံးနေတတ်တဲ့ ကလေးပါ။ မေးသမျှကို သွက်သွက် လက်လက်နဲ့ သွားကျဲအောင် ရယ်ပြီး ဖြေနေတာပါ။

သူ အိမ်မှာ နေရတာနဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။

“ဆိတ်တွေနဲ့ဆိုတော့ နည်းနည်း ပျော်တယ်”
အချို့ကတော့လည်း အခုလို ကျောင်းပိတ်ထားချိန်မှာ မိဘတွေရဲ့ လုပ်ငန်းတွေအတွက် ကူဖော်လောင်ဖက် ဖြစ်ကြရပါတယ်။

ထားဝယ်မြို့၊ ကျွန်းမွှေးရပ်ကွက်က ဒေါ်ဇာနည်မှာတော့ ခုနစ်တန်းတက်မယ့် သားငယ်နဲ့ ကိုးတန်း (Grade-10) တက်မယ့် သားအကြီးတစ်ယောက်ရှိပါတယ်။
သူက ကျွန်းမွှေးရပ်ကွက်ထဲ လှည်းဆိုင်လေးနဲ့ ကြက်သားဆန်ပြုတ်ရောင်းတာပါ။ အခုလို ကျောင်းပိတ်ထားတော့ သူရဲ့သားတွေက သူ့လုပ်ငန်းမှာ ဝိုင်းကူကြရတယ်လို့ ဆိုပါတယ်။

“သူတို့က ကစားချိန်ကစားတယ်။ ပြီးရင် လုပ်ကူတယ်။ အိမ်မှာနည်းနည်း ပါးပါးတော့ ခိုင်းနေတာပေါ့” လို့ ဆိုပါတယ်။

ဆန်ပြုတ်ရောင်းတဲ့ အတွက် စပါးလုံး ရွေးခိုင်းတာမျိုးတွေ၊ အိမ်မှုကိစ္စတွေနဲ့ တောက်တိုမယ်ရအလုပ်တွေမှာ မိဘကို ကူညီပေးရတယ်လို့ ဆိုပါတယ်။

မိုးလင်း ဆိုင်ထွက်ချိန်နဲ့ နေ့လယ် အိမ်ကနေလုပ်ရမယ့် အရာတွေမှာ တစ်ဖက်တစ်လမ်းကနေ သူ့အတွက် အထောက်အကူရနေတယ်လို့ ဆိုပါ တယ်။ ဖုန်းနဲ့ ဂိမ်းဆော့နေတာမျိုးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူတို့ရဲ့ဖုန်းကို သူ့ဖခင်က သိမ်းထားလိုက်ပြီလို့လည်း ဆိုပါတယ်။ သားအကြီး က အများဆုံးလုပ်ကူရတယ်လို့လည်း သူမက ဆိုပါတယ်။

ကျောင်းတွေပိတ်ထားတဲ့အပေါ် ဒေါ်ဇာနည်ရဲ့အမြင်ကတော့
“ကိုယ့်တစ်ယောက်တည်းလည်း မဟုတ်ဘူးဆိုတော့ အဲလောက်ထိလည်း စိုးတော့ မစိုးရိမ်ဘူး” လို့ ဆိုပါတယ်။

အရင်နှစ်တွေနဲ့ မတူတဲ့ ကျောင်းပိတ်ရက်ရှည်ကြီးကို ကလေးတွေ ဖြတ်သန်းနေကြတာပါ။

ကလေးအများစုကတော့ လွတ်လပ်စွာပဲ ဆော့နေ ကစားနေကြတာပါ။ သူတို့နဲ့ နီးစပ်ရာ ရပ်ထဲက သူငယ်ချင်းတွေနဲ့ စုဖွဲ့ ကစားနေသူတွေလည်း ရှိပါတယ်။
လမ်းဘေး ဟိုဒီနေရာအချို့မှာ တစ်ယောက်က စက်ဘီးစီးပြီး ကျန်နှစ်ယောက်က ဘေးက လိုက်နေတာမျိုးကို လည်း တွေ့ရပါတယ်။ တချို့ ကလေးတွေကတော့ အုပ်စုဖွဲ့ ကစားနေကြတာကို တွေ့ရပါတယ်။

သရက်ချောင်းမြို့နယ်၊ ပန်းပြင်ရွာ က ကိုးတန်း(Grade-10) တက်မယ့် မောင်အောင်နေမျိုးသူတို့ ကလေးတစ် သိုက်ကတော့ ညောင်ပင်ကြီးအောက်မှာ ဆော့ကစားနေကြပါတယ်။

အရင်နှစ်တွေက ကျောင်းကလွှတ်တာနဲ့ ကျူရှင်ပြန်သွားရတယ်ဆိုတော့ ကစားချိန်သိပ်မရှိဘူးလို့ သူက ဆိုပါတယ်။

ခုဒီနှစ်မှာ ကျောင်းတွေပိတ်ထား သလို ကျူရှင်လည်း ပိတ်ထားတာဖြစ် တဲ့အတွက် အဖိတ်နေ့တွေမျိုးမှာ ဘောလုံး ကန်ကစားကြတာမျိုး၊ ဖုန်းသုံးတာမျိုး တွေ စသဖြင့် ရပ်ထဲ ရွာထဲက သူငယ်ချင်းတွေနဲ့ အတူ ကစားကြတယ်လို့ ဆိုပါတယ်။

“ဥပါသကာထွက်လိုက်တယ်။ ဘောလုံးကန်တယ်။ ဖုန်းလည်း သုံးပါတယ်။ ကစားတာကတော့ ရှင်ကြီးစင်နားမှာလည်း ကစားတယ်။ ဘောလုံးကွင်းမှာ လည်း ကစားကြတယ်” လို့ မောင်အောင် နေမျိုးက ပြောတယ်။
“ကျောင်းပြန်ဖွင့်ခိုင်းချင်တယ်” လို့လည်း သူက ဆိုပါတယ်။

မိဘ အများစုကလည်း ခလေးတွေ ပညာရေးတစ်နှစ်ပုပ်မှာကို စိုးရိမ်ပူပန်မှု တွေလည်းရှိသလို ရောဂါဖြစ်နေတဲ့အတွက် ကျောင်းတွေဖွင့်လို့ ရောဂါပိုး ကူးစက်မှာကိုလည်း စိုးရိမ်နေကြပါတယ်။

ကျောင်းဖွင့်ရာသီမှာ အချိန်မှန် အိပ်ရာထ၊ ကျောင်းသွား၊ ကျူရှင်သွား ကြပြီး အချိန်အခါနဲ့ ဆော့ကစားကြတယ်လို့ ဆိုပါတယ်။

ကျောင်းသွားတဲ့အခါ မုန့်ဖိုး ၅၀ဝ လောက်နဲ့ ပြီးသွားပေမဲ့ အိမ်မှာနေတဲ့ မုန့်ဖိုးက ပိုများတယ်လို့လည်း အချို့က ပြောပြပါတယ်။

၁၉၈၈ ခုနှစ် အရေးအခင်းကာလမှာတော့ တက္ကသိုလ်တွေအပါအဝင် အခြေခံပညာကျောင်းတွေ အားလုံးကို နှစ်နဲ့ချီ ပိတ်ထားခဲ့ရဖူးပါတယ်။ စစ်အာဏာရှင် အစိုးရလက်ထက်မှာ နိုင်ငံတစ်ဝန်း အုံကြွမှုကြီးပေါ်ပေါက်ခဲ့တာကြောင့် ကျောင်းတွေ ပိတ်ခဲ့ရတာပါ။

အခု ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာလည်း ကျောင်းတွေ ဘယ်တော့ပြန်ဖွင့် မယ်ဆိုတာကို ဘယ်သူမှ အတိအကျ မပြောနိုင်သေးပါဘူး။

တိုင်းပညာရေးမှူးရုံးက လက်ထောက်ပညာရေးမှူး ဦးအောင်စိုးကတော့ ကျောင်းတွေ ပြန်ဖွင့်၊ မဖွင့်ဆိုတာရယ် ဘယ်ပုံဘယ်နည်းနဲ့ ပြန်ဖွင့် မယ်ဆိုတာရယ်ကို ညွှန်ကြားချက်အသစ် မရှိသေးတာကြောင့် တိတိကျကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

ကလေးအများစုကတော့ ကျောင်းကိုလည်း လွမ်းသလို ကျောင်းက သူငယ်ချင်းတွေကိုလည်း သတိရတယ်လို့ ဆိုကြပါတယ်။ ယခင်က စာတွေပိနေတဲ့ ကလေးတွေဟာ ယခုအခါ ကိုဗစ်ကြောင့် ကျောင်းရော၊ ကျူရှင်တွေရော နားထားတာကြောင့် သူတို့ဆော့ ကစားနေတာကို အလွယ်တကူ မြင်တွေ့လာရတာပါ။

ရပ်ကွက်ထဲ၊ ကျေးရွာထဲ အိမ်ခြံ ဝင်းတွေထဲ၊ လမ်းဘေး ဝဲယာတွေမှာ ကြည့်လိုက်ရင် အရွယ်စုံ အရောင်အသွေး စုံလှတဲ့ ကလေးသဘာဝ ဝတ်စားဆင် ယင်မှုပုံစံနဲ့ ဆော့ကစားနေကြတဲ့ ကလေးတွေကိုbတွေ့နေရပါတယ်။

သရက်ချောင်းမြို့နယ်၊ မော်ရှည် ကုန်းရပ်ကွက်က ရှစ်တန်းအောင်ထားပြီး ၉ တန်း (Grade-10) တက်မယ့် မောင်ရှိန်းကိုနိုးကတော့ ကျောင်းတွေ ပြန်ဖွင့်ချင်ပေမဲ့လည်း ရောဂါကြောင့်ဆိုတော့ ရောဂါကိုပဲ မြန်မြန်ပျောက် စေချင်တယ်လို့ ဆိုပါတယ်။

အားနေတဲ့ အခါ ဖုန်းကြည့်သလို သူ့အနေနဲ့ ကွမ်းမစားတတ်ပေမဲ့ ကွမ်းယာဆိုင်မှာ သွားထိုင်တာမျိုးတွေ လုပ်တယ်လို့ သူက ဆိုပါတယ်။ သူငယ်ချင်းတွေနဲ့ ခြင်းလုံးလည်း ခတ်ဖြစ်တယ် လို့ ဆိုပါတယ်။

“အရင်လတွေတုန်းကတော့ ကျူရှင် ဖွင့်နေတော့ ဘယ်မှ မသွားရဘူး”
ဒီနှစ်တစ်နှစ်လုံး ကျောင်းတွေ မဖွင့်တော့ဘူးလို့လည်း ကြားနေရတယ် လို့ သူကဆိုပါတယ်။ ကျောင်းပိတ်ထားတော့ ရွာထဲ အတူရှိတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ရပေမဲ့ ရွာဝေးက သူငယ်ချင်းတွေကို မတွေ့ရတော့ဘူးလို့ သူကဆိုပါတယ်။

“ဒီနှစ်ကျောင်းမဖွင့်တော့ရင်တော့ ကျောင်းတစ်နှစ် ပုပ်သွားတာပေါ့” လို့ သူက ဆိုပါတယ်။

မိုးမြင့်