ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ

0
607

စိတ်ပျက်ပြားမှုအနုပညာ

မျှော်လင့်ချက်သိပ်မရှိတော့ဘူးဆိုတဲ့ အခြေအနေတစ်ခုကို ခင်ဗျားဘယ်လိုရင်ဆိုင်မလဲ။ ဘယ်လို တုံ့ပြန်ရင် ကောင်းမယ်လို့ ခင်ဗျားစဉ်းစားသလဲ။ ဒီမေး ခွန်းဟာ ဒီနှစ်ပိုင်းတွေမှာ စာပေ၊ ဂီတ၊ အနု ပညာရှင်တွေ၊ ပညာရှင်တွေ၊ လှုပ်ရှားတက်ကြွသူတွေ အပါအဝင် လူများစွာကို ရိုက်ခတ်တဲ့မေးခွန်း ဖြစ်ပါတယ်။

“ဟန်ဆောင်နေတာတွေကို ရပ်တန့်လိုက်ကြရင်- what if we stopped pretending” ဆိုတဲ့ ဆောင်းပါးကို ရေးသူက ဒီနေ့ခေတ်ရဲ့အကျော်ကြား ဆုံးစာရေး ဆရာတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂျွန်နသန်ဖရန်ဇန် (Jonathan Franzen)ပါ။ “ဥတုဘေး ပျက်ပြုန်းမှု ကြီးကတော့လာနေပြီ။ ပြင်ဆင်နိုင် ဖို့အတွက်ဆိုရင် တားလို့ဆီးလို့ မရတော့ဘူးဆိုတာကို ကျုပ်တို့ဝန်ခံဖို့လိုတယ်” လို့ သူက ရေးပါတယ်။

မရေတွက်နိုင်တဲ့ မျှော်လင့်ချက်တွေရှိတယ်။ ကျုပ်တို့အတွက်သာမဟုတ်တာ (There is infinite hope, only not for us) လို့ စာရေးဆရာကပ်ဖ်ကာက ပြောခဲ့ဖူးပါတယ်။ ဒီနေ့ခေတ်ရဲ့ ဥတုဘေးကို ရည်ညွှန်းပြီး ဖရန်ဇန်က ခုလိုပြောင်းပြောပါတယ်။ “မျှော်လင့်နေသေးတဲ့ ကျုပ်တို့ကလွဲပြီး မျှော်လင့်ချက်ကို မရှိတော့တာ (There is no hope, except for us)”။

ခင်ဗျားဟာ အသက်(၆၀) အောက်ဆိုရင် ကမ္ဘာမြေပေါ်မှာ အသက်ဇီဝတွေ ဆိုးဆိုးရွားရွား ဟန်ချက်ပျက်တာတွေကြုံဖို့ အခွင့်အလမ်းများတယ်။ ဒီနေရာမှာ ကောက်ပဲသီးနှံတွေ အကြီး အကျယ်ပျက်စီးတာ၊ ကမ္ဘာပျက်သလို မီးလောင် တာ၊ စီးပွားရေးစနစ် တွေပြိုလဲတာ၊ ဧရာမရေဘေး တွေကြုံတာ၊ အပူဒဏ်နဲ့ မိုးခေါင် ရေရှားမှုကြောင့် ရေမရတော့တဲ့ ဒေသတွေကနေ သန်းနဲ့ချီတဲ့ ပြည် သူတွေ ထွက်ပြေးရတာကို ဆိုးဆိုးရွားရွားဟန် ချက်ပျက်တာလို့ ရည်ညွှန်းတာပါ။ ခင်ဗျားဟာ အသက်(၃၀)အောက်ဆိုရင် အဲဒီ အခြေအနေတွေကို မြင်ရဖို့ အာမခံချက်အပြည့်ရှိပါတယ်။

အကြောင်းကတော့ ဥတုဘေးအတွက် ဘာ တွေလုပ်ကြဖို့ လိုတယ်ဆိုတာကို သိခဲ့တာ နှစ် (၃၀)ရှိပြီ။ ကြိုးစားအားထုတ်ကြ သူတွေရှိပေမဲ့ တိုးတက်မှုရယ် လို့ ပြစရာမရှိဘူး။ လွန်ခဲ့တဲ့ နှစ် (၃၀)မှာ ထုတ်လိုက်ကြတဲ့ကာဗွန်က သူ့အရင်နှစ် ၂၀ဝ စာနဲ့ ညီပါတယ်။ လေထုထဲရောက်သွားတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ရဲ့ သက်တမ်းဟာ အခုယူဆ တွက်ချက်ထားတဲ့ နှစ် ၁၀ဝ သက်တမ်းထက် ပိုတယ်လို့ ပညာရှင်တွေပြောလာကြတယ်။ သိပ္ပံပညာရှင်တွေဟာ ပိုတွက်တာထက် လျှော့တွက်တဲ့ ဘက်ကို တိမ်းညွတ်တယ်လို့လည်း သိလာကြတယ်။ သိပ္ပံပညာရှင်တွေရော၊ မူဝါဒသမားတွေပါ သဘောတူထားကြတာက ကမ္ဘာ့အပူချိန် ၂ ဒီဂရီ ကျော်ရင် ထိန်းမရတဲ့ အခြေအနေတွေဖြစ် ပြီဆိုတာပါ။ နောင်လာမယ့် နှစ် ၃၀ အတွင်းမှာ ကာဗွန် ထုတ်လုပ်မှုကို လုံးဝနီးနီးရပ်တန့်ပစ်နိုင်မှ ၂ ဒီဂရီ မကျော်ဖို့ လမ်းစရှိပါတယ်။ အဲဒီလို လျှော့နိုင်ရင်တောင် လက်ရှိလေထုထဲက ကာဗွန်နဲ့ တခြား ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့တွေက ကမ္ဘာ့အပူချိန်ကို လက်ရှိ ၁ ဒသမ ၁ ဒီဂရီကနေ ၂ ဒီဂရီအထိမြင့် လာစေမှာမို့ ဥတုဘေးကတော့ ဆက်ရှိနေမှာပါ။

၂ ဒီဂရီမကျော်အောင် ကာဗွန်သုညအထိ လျှော့ချဖို့ဖြစ်နိုင်ခြေ ဘယ်လောက်ရှိပါသလဲ။ ဖရန်ဇန်ကတော့ ဖြစ်နိုင်ခြေမရှိဘူးလို့ ယုံကြည်ပါတယ်။ “အဆိုး မြင်သမားလို့ ပြောချင်ပြောပါ။ လူ့သဘာဝနဲ့ အမူအကျင့်ဟာဒီ လောက်မြန်မြန် ပြောင်းနိုင်မယ်လို့ ကျုပ်တော့ မထင်ဘူး” လို့ မှတ်ချက်ချပါတယ်။ မျှော်လင့် ချက်မရှိဘူးလို့ မပြောပါနဲ့။ ဒါဆိုရင် လူတွေလက်မှိုင်ချပြီး ဘာမှ မလုပ်ဘဲ နေကြတော့မှာပေါ့လို့ ဝေဖန်သူတွေရှိပါတယ်။ သူကတော့ မျှော်လင့်ချက်နဲ့မက်လုံးပေး ဖို့လိုတယ် ဆိုတဲ့ အမြင်ဟာတင်စီးတဲ့အမြင်လို့ ယူဆပါတယ်။ ဒါကြောင့်လည်း အခြေအနေမှန်ကို ငြင်းပယ်နေမယ့်အစား ကိုယ့်ကိုကိုယ် အမှန်အတိုင်းပြောရင် မကောင်းဘူးလားလို့ သူက အဆိုပြုတာပါ။

၂၀၁၈ မှာ ကာဗွန်အယူဝါဒ(Carbon Ideologies) ဆိုတဲ့ အမည်နဲ့ နှစ်အုပ်တွဲစာအုပ်ထူကြီး ထွက်ပါတယ်။ ဥတုရာသီပြောင်းလဲမှုအကြောင်းရေးသမျှ ထဲမှာတော့ အရိုးသားဆုံးစာအုပ်ပဲလို့ အတ်တလန်တစ် (The Atlantic) မဂ္ဂဇင်းက ညွှန်းပါတယ်။ စာအုပ်ကြီးကို ရေးတဲ့ဘိုးမန်း (Vollman)ကတော့ ကမ္ဘာကြီးကို ကယ်ဖို့ မတတ်နိုင်ကြတော့ဘူးလို့ ပြောပါတယ်။ စွမ်းအင်ချွေတာတာမျိုး လုပ်နေတဲ့သူတွေဟာ ဟင်းသီး ဟင်းရွက်တစ်ခါစားပြီးလို့ တစ်ပတ်လုံး အဆီအအိမ့်စားလို့ရပြီလို့ ယူဆနေတဲ့သူလိုပဲလို့ သူက ဝေဖန်ပါတယ်။ ဒါပေမဲ့ သူ့စာအုပ်ရဲ့တကယ့် သတင်းစကားက အပေါ်ယံကြည့်ကောင်းရုံ အလုပ်တွေနဲ့ ခင်ဗျားတို့ကိုယ်ကိုယ်ကိုယ် လိမ်မနေနဲ့။ ပြဿနာရဲ့အတိုင်းအဆက အကြီးကြီးလို့ ပြောချင် တာပါ။

ဘိုးမန်းက ဥတုရာသီပြောင်းလဲမှုကို ဖြစ်စေတဲ့နောက်ကွယ်က ပြဿနာစာရင်းကို ခုလိုချပြပါတယ်။ “ဝယ်လိုအားပြဿနာ (Demand problem) ရှိတယ်ဗျာ။ တစ်ကမ္ဘာလုံးရဲ့ ဝယ်ယူသုံးစွဲမှုနဲ့ သူ့ကိုဖြည့်ဖို့ လုပ်နေရတဲ့ကုန် ထုတ်လုပ်မှု၊ ကုန် ထုတ်လုပ်မှု နောက်ကွယ်က စွမ်းအင်လိုအပ်ချက်ဗျာ။ နောက်စီးပွားရေးကြီးထွားမှုပြဿနာ (Growth problem) ရှိတယ်ဗျာ။ စီးပွားရေးစနစ်က ဒီနေရာရောက်ရင် တော်ပြီ၊ ရပ်ပြီလို့ လုပ်လို့ ရတာမဟုတ်ဘူးဗျ။ ဆက်ချဲ့နေရတာ။ အဲဒီချဲ့နေ ရတဲ့နောက်က စွမ်းအင်လိုအပ် ချက်ဗျာ။ ပြီးရင် စရိတ်စကနဲ့ အကျိုးအမြတ်ပြဿနာ (Cost-benefit problem) ဗျာ။ ဈေးပေါတဲ့ စွမ်းအင်ဟုတ်၊ မဟုတ် ဆိုတာမျိုးပေါ့။ ပြီးတော့ ရေနံစွမ်းအင် လုပ်ငန်းပြဿနာ (Industry problem) ဗျာ။ အခု နောက်ဆုံး ရေနံကျောက်မီးသွေးသမားတွေပေးလာ တဲ့အကြောင်းပြချက်က ကမ္ဘာ့စီးပွားရေးယန္တရားအပြင် စွမ်းအင်ချို့တဲ့ ဆင်းရဲတဲ့နိုင်ငံ တွေအတွက် ထုတ်လုပ်နေရတာပါတဲ့။ ကမ္ဘာ့အကြီးဆုံးလုပ်ငန်းစုကြီးက လွယ်လွယ်တော့ ဘယ်လက်လျှော့မလဲ ဗျာ။ ခေါင်းစဉ်တွေ ပြောင်းတပ်သွားမှာပေါ့။ နောက်မျိုးဆက်က သူ့ဘာသာ ကြည့်ရှင်းကြပေါ့ဆို တဲ့ ပြုပြင်ဖို့၊ ပြောင်းလဲဖို့ကို နောက်မျိုးဆက်အထိ ရွှေ့ဆိုင်းထားတဲ့ပြဿနာ (Generational delay)လည်းရှိတယ်ဗျာ။

နောက်ပြီး စွမ်းအင်လုပ်ငန်းတွေနဲ့ နိုင်ငံရေးသမားတွေရဲ့ အကျိုးစီးပွားချိတ်ဆက်နေတဲ့ နိုင်ငံရေးပြဿနာ (Political problem) ရှိတယ်ဗျာ။ ဒီအတိုင်းဆက်သွားလို့ရတယ် ဘာမှဖြစ်မနေသေးဘူးလို့ ငြင်းတဲ့ပြဿနာ (Denial problem)လည်းရှိတယ်ဗျာ။

ဒီစီးပွားရေးနဲ့ သိပ္ပံပြဿနာတွေ နောက်ကွယ်မှာက လူ့သမိုင်းတစ်ခုလုံးကို မောင်းနှင်နေတဲ့၊ အင်မတန်လည်း ဖြေရှင်းရခက်တဲ့လောဘ၊ မောဟ၊ အလို ဆန္ဒပြဿနာရှိနေတယ်။ ကာဗွန်ပြဿနာ အတွက်က ကျုပ်တို့ ကြိုက်နေတဲ့၊ တောင့်တနေတဲ့၊ စွဲလမ်းနေတဲ့ အရာတွေကို မကြိုက်တော့မှ၊ မုန်းသွားမှရမှာ။ ဘယ်လွယ်လိမ့်မလဲဗျာ” လို့ ဘိုးမန်းက ကောက်ချက်ချပါတယ်။

“၂၀၁၇ မှာ ဘယ်လိုအဖြေမျိုးကိုပဲ အဆို ပြုပြု၊ တစ်လက်မ စီတက်လာနေတဲ့ သမုဒ္ဒရာရေကို တားဖို့ လုံလောက်မှာမှ မဟုတ်တာ” လို့ ဘိုးမန်းက ဆိုပါတယ်။

“မီးတစ်လုံးဖွင့်တိုင်း၊ ဖုန်းအား တစ်ခါသွင်းတိုင်း၊ ဓာတ်လှေကား ခလုတ်တစ်ခါ နှိပ်တိုင်း စွမ်းအင်ဘယ်လောက်သုံးလဲ၊ ကာဗွန် ဘယ်လောက်လေထုထဲရောက် သွားလဲလို့ ခင်ဗျား တွေးကြည့်ဖူးလား။ လေထုထဲက ကာဗွန်ပမာ ဏကို ကျုပ်တို့ကနေ့တိုင်းမြှင့်နေတာ။ ပုံသေနှုန်းနဲ့ သုံးတာမဟုတ်ဘူးနော်။ တိုးသုံးနေကြတာ။ တစ် ပြိုင်တည်းမှာ ဥတုဘေးတွေအတွက် စိတ်ပျက်ကြ၊ အားငယ်ကြ၊ နောင်တရကြသဗျာ” လို့ ဘိုးမန်းက မှတ်ချက်ချပါတယ်။

အနာဂတ်မျိုးဆက်ကို တောင်းပန်ဖြေရှင်းတဲ့ ပုံစံနဲ့ရေး ထားတဲ့သူ့စာအုပ်တစ်နေရာမှာ “ကျုပ်နဲ့ ကျုပ်သမီးဟာ ကိုယ့်ဘာသာ သာယာပျော်ရွှင်ဖို့ အတွက် အလေအလွင့်များတဲ့ နေထိုင်မှုတွေနဲ့ နေခဲ့ ကြတယ်ဗျာ။ ခင်ဗျားတို့နေရာက ပြန်ကြည့်တော့ အတော်နှာခေါင်းရှုံ့ဖို့ကောင်းမှာပေါ့” လို့ ရေးထားပါသေးတယ်။
လာနေတဲ့ ဥတုဘေးဒုက္ခ ကပ်ကြီးဟာ ခုကြုံနေရတာထက် ကြီးတာကို ကျုပ်တို့သိကြတယ်။ အဲဒီဘေးဒုက္ခကြီးအရိပ် ကျုပ်တို့အပေါ် ကျနေတာ ကိုမသိသလို ဟန်ဆောင်ရှောင်တိမ်းနေကြတယ်။ “အနာဂတ်က ခင်ဗျားကတော့ ဘယ်လိုမှ ရှောင် လွတ်စရာ မရှိဘူး။ ၂၀၁၄ မှာ အမေရိကန်တစ်ယောက်ရဲ့ ကာဗွန်ထုတ် လွှတ်မှုက ၃၅,၇၃၄ ပေါင်ရှိတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ယောက်က ၈၆၂ ပေါင်ပဲရှိတယ်။ အနာဂတ်က ခင်ဗျားကတော့ ကျုပ်တို့နှစ်ယောက်စလုံး ကို မုန်းမှာပေါ့။ ကျုပ်တို့မျိုးဆက် ကြောင့် ခင်ဗျားဒုက္ခရောက်ရတာကိုး။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်က ဆင်းရဲသားခမျာ မီးလေးတစ်လုံး ပဲ ထွန်းနိုင်ရှာတာပါ။ အမေရိကန် ကြီးကျုပ်ကလည်း ကျုပ်ဝန်းကျင်မှာ သုံးသလိုပဲ သုံးတာကိုး” လို့ ဘိုးမန်းက အနာဂတ်မျိုးဆက်ကို ဖြေရှင်းပါတယ်။

“ဥတုဘေးအတွက် ခင်ဗျားရဲ့စာဖတ်သူတွေကို ဘာလုပ်စေချင်သလဲ” လို့ ဘိုးမန်းကိုမေးတဲ့အခါ သူက “ရှိရှိသမျှသောအသုံးအစွဲတွေလျှော့ကြပေါ့ဗျာ။ ဘေးဒုက္ခ လမ်းကြောင်း ပြောင်းလောက်အောင်တော့ထူးမှာ မဟုတ်ဘူး။ ဒါပေမဲ့ အားလုံး လုပ်လို့ရတာလေ” လို့ ပြောခဲ့ပါတယ်။

စာရေးဆရာရွိုင်း (Roy Scranton) ဟာ ငယ်စဉ်က ရှေ့ဖြစ်ဟောဗေဒင် ဆရာလုပ်ဖို့ သင်တန်း တက်ခဲ့ဖူးပါတယ်။ သင်တန်းမှာ ပြောပြတဲ့နည်း စနစ်အတိုချုပ်က ဗေဒင်လာမေးသူကို အခြေအနေတွေကတော့ ခက်နေဦးမယ်လို့ ပြောပြီးရင် နောက်တော့ ပိုကောင်းလာ ဖို့ရှိတယ်လို့ ဆက်ပြောဖို့ပါ။ သင်တန်းအပြီး ရှေ့ဖြစ်ဟောသူလုပ်တဲ့အခါ သူသိ /-လာတာက အခြေအနေကောင်း လာမှာပါလို့ အားပေးလိုက်တဲ့ နည်းဟာ အတော်အလုပ်ဖြစ် တယ်ဆိုတာပါပဲ။ ကြီးမားလေးလံတဲ့ ပြဿနာတွေနဲ့ ရောက်လာသူတွေဟာ အားတက်ပြီး ပြန်သွားကြတယ်။ အားတက်သွားတာက လွဲလို့ တကယ့်ပြဿနာပြေလည် သွားမှာမဟုတ်တဲ့အကြောင်း ဗေဒင် ဆရာက သိနေပါတယ်။

ဥတုဘေးနဲ့ ပတ်သက်ပြီး ပြောကြတဲ့အခါ ကျုပ်တို့ဟာ ဗေဒင်ဆရာလို လုပ်နေကြသလားလို့ ရွိုင်းက မေးခွန်းထုတ်ပါတယ်။

ကမ္ဘာ့အပူချိန်က မြင့်တက်နေတယ်။ ပင်လယ်ရေကလည်း မြင့်လာနေတယ်။ ရောဂါပြန့်ပွားမှုတွေ ပိုများလာနေတယ်။ သမုဒ္ဒရာရဲ့လည်ပတ်ပုံက ပုံမှန်မဟုတ် တော့ဘူး။ တောမီးတွေ ပိုလောင်လာတယ်။ ဒုက္ခသည်တွေ ပိုများလာတယ်။

ပဋိပက္ခတွေက ပိုဖြစ်လာတယ်။ ဒီအခြေအနေတွေကြောင့် လက်ရှိအခြေအနေ တွေကတော့ ခက်ခဲဦးမယ်လို့ပြောတဲ့အခါ အမှန်နဲ့နီးပါတယ်။ “ဗေဒင် ဆရာ လို ကျုပ်တို့ဆက်ပြောလေ့ရှိတဲ့နောက်တော့ ကောင်းလာဖို့ရှိ တယ်ဆိုတဲ့ အပိုင်းကတော့ မှားပါတယ်။” လူတွေ လှုပ်ရှားပြောင်းလဲလာအောင် ပြောတယ် ဆိုစေဦးတော့ လွဲမှားတဲ့ချဉ်းကပ်ပုံလို့ သူ ကပြောပါတယ်။

ဥတုဘေးဟာ ကမ္ဘာမှာကြုံခဲ့ဖူးသမျှ ပြဿနာအားလုံးထက် ကိုပိုကြီးတယ်။ အနာခံပြီး ကမ္ဘာ့လူ့အဖွဲ့အစည်း တစ်ခုလုံးပြောင်းမှရမှာ။ ပြောင်းလဲဖို့ ဖြစ်နိုင်ခြင်း၊ မဖြစ်နိုင်ခြင်းကို ခဏထားလို့ ဒီလိုလုပ်မှရမယ်လို့ တည့်တည့် ပြောရမှာပေါ့လို့ ရွိုင်းက ဆိုပါတယ်။ “ကျုပ်တို့ကြုံနေရတာက အလွမ်းဇာတ်၊ ကြေကွဲစရာနဲ့ပဲ အဆုံးသတ်မှာ။ အလွမ်းဇာတ်မှာ ပျော်ရွှင်စွာဇာတ်ပေါင်းကြလေ သတည်းလို့ ခင်ဗျားကလုပ်ချင် နေတာလား” လို့ ရွိုင်းက မေးခွန်း ထုတ်ပါတယ်။

ဟန်ဆောင်နေတာတွေ ရပ်လိုက်ကြရင် ကောင်းမယ်လို့ ပြောခဲ့တဲ့ ဂျွန်နသန်ဖရန်ဇန်ကတော့ သူရင်ဆိုင်ဖို့ ပြင်ဆင်တဲ့ အတွေးကို ခုလိုပြောပါတယ်။

“ဥတုဘေးဖြစ်နိုင်ခြေတွေဟာ စိတ်ပျက်အားငယ်စရာတွေပါ။ ဒါပေမဲ့ ဘာသာတရားနဲ့ စဉ်းစားကြည့်တယ်။ သုခဘုံရောက်ချင်လို့ ကောင်းတာလုပ်တာဆိုရင် ဟန်မကျသေးဘူးလေ။ ကောင်းမြတ်တဲ့အလုပ်မို့လို့ လုပ်တာပါဆိုမှ ပိုအဓိပ္ပာယ်ရှိမယ် မဟုတ်လား။ ကျုပ်တို့ ဘာလုပ်လုပ် ဥတုဘေးဖြစ်စဉ် ကြီးက ပြောင်းလို့ရမှာမှမဟုတ်ဘဲဆိုပေမယ့် နည်းနည်းပါးပါးဖြစ်ဖြစ် သက်သာ စေမယ့်အလုပ်တွေကိုတော့ ကျုပ်တို့ လုပ်ရမှာပေါ့။ သုခ ဘုံရောက်ဖို့လုပ်တာ မဟုတ်ပါဘူး။ နည်းနည်းများသက်သာမလားလို့ လုပ်ကောင်းတဲ့အလုပ်မို့ လုပ်တာပါ။
ကျန်နေသေးတဲ့ သဘာဝကို ဒီထက်ပိုပြီး ယုတ်လျော့မသွားအောင် ကျုပ်တို့လုပ်ကြမယ်ဗျာ။ မြေဆီလွှာ၊ ရေရင်းမြစ်မပြုန်းတီးအောင် ထိန်းသိမ်းကြမယ်ဗျာ။ ပိုးသတ်ဆေး အလွန်အကျွံ သုံးတာ၊ အထိန်းအကွပ်မရှိ ငါးဖမ်းတာတွေ ရပ်အောင် ကျုပ်တို့လုပ်ကြမယ်ဗျာ။ သစ်တောတွေ ပြန်စိုက်ကြမယ်ဗျာ။ သဘာဝမြက် ခင်းလွင်ပြင်တွေ ပြန်ထိန်းသိမ်းမယ်ဗျာ။ အသားလျှော့ စားကြမယ်ဗျာ။ ဒါတွေက ကျုပ်တို့ လုပ်နိုင်စွမ်းထဲမှာရှိတယ်လေ။

ဥတုဘေးကို လူ့အဖွဲ့အစည်းက ရင်ဆိုင်ရမှာ။ တရားလက်လွတ်ပြုမူကြ၊ မုန်းတီးကြ၊ ခါးသီးနေကြတဲ့ လူ့အဖွဲ့ အစည်းဆိုရင် ဥတုဘေးက ဖန်တီးမယ့် ဖရိုဖရဲထဲမှာ လောကငရဲဖြစ်ပြီပေါ့ဗျာ။ ဒါကြောင့် တရားတဲ့၊ မျှတတဲ့၊ ချစ်ကြည်တဲ့လူ့အဖွဲ့အစည်းဖြစ်အောင် လုပ်ထားတာဟာ ဥတုဘေးကိုရင်ဆိုင်ဖို့လုပ်တာ လို့ မှတ်ယူလို့ရသဗျ။ အဲဒီတော့ လူ့ဂုဏ်သိက္ခာအလေးထားအောင် လုပ်တာ။ အမုန်းယန္တရား ရပ်အောင်လုပ်တာကနေ လွတ်လပ်တဲ့မီဒီယာရှိဖို့လုပ်တာအထိ ဟာ အဓိပ္ပာယ်ရှိတဲ့ဥတုရာသီအရေး လှုပ်ရှားမှု (Climate action) တွေလို့ ကျုပ် ကတော့ ယူဆတယ်ဗျာ”။

ဖရန်ဇန်က စက်မှုလယ်ယာ စနစ်တွေ၊ ကမ္ဘာ့ကုန်သွယ်ရေးတွေ ရပ်တန့်တဲ့ကာလတစ်ခုဟာ ကျုပ်တို့ထင်တာ ထက်စောပြီး ရောက်လာမယ်လို့ တွေး ပါတယ်။ ဒီစာကို ကိုဗစ်ကပ်ဘေးမဖြစ်ခင်က သူရေးခဲ့တာပါ။ “အဲဒီလိုဖြစ်လာ တဲ့အခါ ဓလေ့ထုံးတမ်းစိုက် ပျိုးရေးတို့၊ အားကောင်းတဲ့ လူ့အသိုက်အမြုံတို့ဆို တာက ရှင်သန်ဖို့မရှိမဖြစ်လိုအပ်ချက်တွေ ဖြစ်လာမှာ”။