မြောက်ကျွန်းအသည်း နောက်ဆုံးခွဲ

88
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

သဂုတ်လ ဆန်းပိုင်း။
ညစာစားရန်ပြင်ဆင်နေကြရင်း နယူးဇီလန်ကလာသည့် ရေဒီယိုသတင်း ကြေညာချက်တစ်ခုကို ကြားလိုက်ကြသဖြင့် အားလုံးလိုလိုပင် စိတ်နည်းနည်းစီ ညစ်သွားခဲ့ကြသည်။ နယူးဇီလန်၏ အကြီးဆုံးမြို့ဖြစ်သော အော့ကလန်မြို့တွင် ကိုဗစ်ရောဂါကူးစက်ခံရသူတချို့ရှိလာခဲ့ပြီး ထိုသူများမှာ ပြည်ပခရီးသွား ရာဇဝင်မရှိ၊ ရောဂါပိုးရှိသူနှင့်ထိတွေ့ခဲ့ ခြင်းလည်းမရှိသဖြင့် ဒေသတွင်း ကူးစက်မှုဟု ယူဆရသည်တဲ့။

ရောဂါပိုးတွေ့ရှိသူများမှာလည်း အားလပ်ရက်များတွင် နိုင်ငံအနှံ့ ခရီး ထွက်ခဲ့ကြသည်တဲ့လေ။ ကောင်းရော။ ထိုညက စားခဲ့သောညစာမှာ ဘာအရသာ ရှိမှန်းပင်မသိ။ ညစာစားရင်း ပြောဖြစ်ခဲ့ ကြသည်များကလည်း စိတ်မချမ်းမြေ့စရာ ကိုဗစ်ရောဂါအကြောင်းများသာ။ ညစာစားပြီး၍ အခန်းသို့ပြန်ကာ အလုပ်လုပ်ရန် ကွန်ပျူတာဖွင့်လိုက်မိသည်နှင့် ဝိတိုရိယတက္ကသိုလ်က မိမိတို့ကျောင်းသားများထံ ပို့ထားသော လျှပ်ချောစာတစ် စောင်ရောက်နှင့်နေသည်။

ကိုဗစ်သတိပေးချက်နှင့် တက္ကသိုလ်ပရဝုဏ်အတွင်း လိုက်နာရမည့် စည်းကမ်းများတဲ့။ ဖုန်းထဲသို့လည်း ကိုဗစ်နှင့် ပတ်သက်သည့် သတိပေး သတင်းစကားတချို့ရောက်နှင့် နေသည်။ ကီဝီတောမှာသည်လို သတင်း အချက်အလက်စီးဆင်းမှုက အတော်မြန် လှရဲ့။ မြန်မြန်စိတ်ညစ်ရတာပေါ့လေ။

ဤသည်က နယူးဇီလန် ကိုဗစ် ဒုတိယလှိုင်း၏ အစဟုဆိုနိုင်သည်။ သည့်မတိုင်ခင်က တစ်နိုင်ငံလုံး လော့ဒေါင်း ချရသည်အထိ ဖြစ်ခဲ့ပြီးပြီ။ နောက်တော့ အစိုးရက နိုင်ငံတွင်းကူးစက်ပျံ့နှံ့မှုမရှိဟုဆိုကာ ကပ်ရောဂါဆိုင်ရာ တပ်လှန့်မှုအဆင့်ကို အဆင့်(၁)အဖြစ် ဖြေလျှော့ သတ်မှတ်ထားခဲ့သည်။ အဆင့်(၁)ကာလအတွင်း ကိုဗစ်လူနာများရှိခဲ့သော် လည်း အားလုံးမှာ ပြည်ပမှပြန်လာသူ များနှင့် အသွားအလာကန့်သတ်ထားသူများသာ။ သည်တော့လည်း ပြည်သူများမှာ ခပ်ခွာခွာနေဖို့ အသွားအလာမှတ်တမ်း ပြုဖို့မလိုသော (ပထမလှိုင်းတွင်အစိုးရက ပြည်သူများ နှာခေါင်းစည်းတပ်ရန် မတိုက်တွန်းခဲ့) ပုံမှန်ဘဝမျိုးသို့ ပြန်ရောက်သွားကြသည်။ ဘတ်စ်ကားများ၊ စား သောက်ဆိုင်၊ ကော်ဖီဆိုင်၊ စတိုးဆိုင်များမှာ ပုံမှန်အတိုင်း ကြိတ်ကြိတ်တိုး။ သောကြာ၊ စနေညများ၏ အရက်ဘား၊ ကလပ်များမှာ ထုံးစံအတိုင်း စုစုရုံးရုံးနှင့် သောက်ကြစားကြရှိခဲ့ဆဲပင်။ မကြာပါ၊ အစိုးရက ရောဂါပျံ့နှံ့နေရာ အော့ကလန်မြို့ကို ရောဂါတပ်လှန့်မှု အဆင့် (၃) နှင့် တစ်ပြည်လုံးကို အဆင့် (၂)သို့တိုး၍ သတ်မှတ်လိုက်ပါသည်။ သည်လိုသတ် မှတ်လိုက်သည်နှင့် အဆင့်အလိုက် စည်း ကမ်းတင်းကျပ်မှုများ ရှိလာပါသည်။ သည်တစ်ခါတော့ အစိုးရက နှာခေါင်း စည်းတပ်ကြဖို့ ပြည်သူများကို ပြောလာပါသည်။

လူတိုင်း နေ့စဉ်သွားလာသော နေရာများကို ခြေရာခံနိုင်ရန် အစိုးရက ထုတ်ထားသော ဖုန်းဆော့ဝဲလ်တစ်ခုကို သုံးကြရန် တိုက်တွန်းလာသည်။ စားသောက်ဆိုင်များ၊ ဈေးဆိုင်များနှင့် နေရာတိုင်း လိုလို၌ပင် ဝင်ထွက်သွားလာရာတွင် မှတ်တမ်းထားရှိစေကာ မည်သူသည် သည်နေရာသို့ မည့်သည့်အချိန်တွင် ရောက်လာ၍ မည့်သည့်အချိန်တွင် ပြန်သည် ဟူသော အဝင်အထွက်မှတ်တမ်းများ ထားရှိစေသည်။ အော့ကလန် မြို့ကြီးကိုလည်း အစိုးရက အဝင်အထွက် တင်းကျပ်ထားလိုက်တော့သည်။ ကျန်းမာရေးဌာန၏ ထောက်ခံချက်မပါဘဲ၊ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ အော့ကလန်မြို့သို့ ဝင်ရောက်ခွင့်မရှိတော့သလို အော့ကလန်မြို့နေ ပြည်သူများသည်လည်း မြို့ပြင်သို့ထွက်ရန် မလွယ်တော့။ သတင်းများအရ ကူးစက်မှုမှာ စာသင်ကျောင်းများကဲ့သို့သော အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများမှတစ်ဆင့်ပင် ပျံ့နေသည့် သဘောပင်။

အိမ်ပြန်ခါနီး ကျွန်တော်တို့အတွက် ဒုတိယလှိုင်း၏ အစနှင့်ကြုံရခြင်းကလည်း စိတ်မသက်သာစရာပင်။ ကျွန်တော် တို့တက်နေသော အစီအစဉ်မှာလည်း မကြာခင်ပြီးတော့မည်။ မပြန်ခင် နယူးဇီလန် မြောက်ကျွန်း၏ အသည်းနှလုံး ရှိရာသို့ ခရီးထွက်မည်ဟုကြံထားခဲ့သည်။ ပြီးလျှင်တော့ ဝယ်လင်တန်မှ အော့ကလန်၊ ထိုမှတစ်ဆင့်သြစတေးလျ နိုင်ငံ ဆစ်ဒနီသို့သွားကာ မြန်မာအစိုးရ က စီစဉ်ပေးသော ကယ်ဆယ်ရေး လေယာဉ်နှင့် မြန်မာပြည်ပြန်ရမည်ဖြစ်သည်။

(မြန်မာအစိုးရကသာ လေယာဉ် မစီစဉ်ပေးခဲ့လျှင် ကျွန်တော်တို့မှာ ကီဝီတောတွင် သောင်တင်နေဖို့သာ များပါသည်။) သို့ရာတွင် ကိုဗစ်ကြောင့် အစိုးရများက အသွားအလာ စည်းကမ်း ကျပ်ထားလိုက်လေရာ ကျွန်တော်တို့ခရီး စဉ်မှာ အခြားဗာဟီရကိစ္စများလိုလာ သည်။ လေယာဉ်တွင် လူအပြည့်မတင်စေဘဲ ခပ်ခွာခွာဖြစ်စေရန် စည်းကမ်း ကန့်သတ်ထားလိုက်သည့်အတွက် လေယာဉ်လက်မှတ်အခက်အခဲကြုံရသည်။ အော့ကလန်မြို့သို့ဝင်ရန် ခွင့်ပြုချက်ထပ်လိုလာသည်။ အကြောင်းကြောင်းကြောင့် မပြန်နိုင်လျှင် နယူးဇီလန်တွင် ဆက်နေနိုင်ရန် ဗီဇာသက်တမ်း တိုးထားဖို့ လိုလာပြန်သည်။ သြစတေးလျ ဆစ်ဒနီသို့ ဝင်ခွင့်ဗီဇာ ရရေးနှင့် နှစ်ပတ် ကွာရန်တင်းကင်းလွတ်ခွင့်ရရေး အတွက်လည်း လိုအပ်လာသည်။ ဤသို့ ခေါင်းခြောက်ဖွယ်ကိစ္စများကို ကျွန်တော်တို့ကို ပညာသင်ဆုပေးသော Union Aid၊ နယူးဇီလန် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ သြစတေးလျ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ လူဝင်မှုကြီး ကြပ်ရေးဌာနနှင့် သြစတေးလျ မြန်မာ သံရုံးတို့မှ တာဝန်ရှိသူများက တတ်နိုင်သည့်ဘက်မှ ဝိုင်းကူကြသဖြင့် နောင်တွင် အစစ အဆင်ပြေသွားပါသည်။ မြောက် ကျွန်းအသည်းဆီလည်း ရောက်ဖြစ်ခဲ့ပါသည်။

ကီဝီတောဒေသခံ မွာရီတိုင်းရင်းသားများ၏ ဒဏ္ဍာရီအရဆိုလျှင် နယူး ဇီလန်‌မြောက်ကျွန်းမှာ ငါးလိပ်ကျောက် ကြီးဖြစ်ခဲ့ပြီး တောင်ကျွန်းမှာ ငါးမျှား ချိတ်ဖြစ်သည်။ ထိုငါးလိပ်ကျောက်၏ အသည်းနှလုံးနေရာမှာ ယခုအခါ မြောက်ကျွန်း၏ အလယ်ရှိ တာပိုအမည်ရ (Taupo Lake) ရေကန်ကြီး ဖြစ်နေသည်။ ရေကန်၏ ပုံစံကလည်း အသည်းပုံဆန် ဆန်ရှိသည်မို့ သူ့အရပ်နှင့် သူ့ဇာတ်တော့ ဟုတ်လှ၏။ ပင်လယ်နှင့်ဝေးရာ ကုန်းမြေအလယ်တွင် ရှိသည်မို့ ရာသီဥတုက အေးစိမ့်ကာ ညဘက်ဆိုလျှင် အပူချိန်နတ္ထိ အနုတ်ပြလျက်ရှိပါ၏။ သည်ရေကန်ကြီးနှင့်နီးသော အိမ်တစ်ဆောင်တွင် ကျွန်တော်တို့စတည်းချကြပြီးနောက် မနီးမဝေးရှိ နှင်းဖုံးတောင်ရှိရာသို့လည်းကောင်း၊ ရေစီးသန်လှသော ဟူခါချောင်းသို့လည်းကောင်း၊ မြေလွှာထဲမှ သဘာဝအတိုင်းထွက်နေသော အပူငွေ့ (Geothermal) ကိုသုံးကာ လျှပ်စစ်ထုတ်သော စက်ရုံများ၊ ရေအား လျှပ်စစ်ထုတ်ရာ စက်ရုံနှင့် ဆည်လေးများ၊ ရေပူစမ်းများ၊ တာပိုရေကန်ကြီးမှ စီးထွက်သော ဝိုင်ခါတိုမြစ်သို့လည်းကောင်း နေရာအနှံ့ ခြေဆန့်ဖြစ်ခဲ့ပါလေသည်။

ကျွန်တော်တို့ နှင်းတောင်သို့ရောက်သောနေ့က နေသိပ်မသာလှသဖြင့် ရာသီဥတုက မှိုင်းမှိုင်းနှင့် နှင်းမှုန်တဖွဲဖွဲကျကာ အေးစိမ့်နေ၏။ တောင်ခြေတွင်ပိုအေး၍ နှင်းဖြူလွလွရှိရာ တောင်ထိပ်တွင်မူ သိပ်မအေးလှ။ နှင်းထုပေါ်တွင် လမ်း လျှောက်ရသည်မှာ သိပ်တော့မလွယ်ပေ။ ပျော်စရာတော့ကောင်းသား။ ကျွန်တော်တို့လိုပင် ထိုနေ့က နှင်းတောင်သို့ရောက် နေသူများသည် ကိုဗစ်ကိုလည်းကောင်း၊ ဘဝပူပင်စရာများကိုလည်းကောင်း နှင်း၏အအေးဓာတ်ဖြင့် တဒင်္ဂငြိမ်းအေး မေ့လျော့နိုင်ခဲ့ကြသည်ထင့်။ လူတိုင်းသည် အပြုံးကိုယ်စီဆောင်ကြလျက် လှုပ်ရှားသွားလာ နေခဲ့ကြသည်လေ။

တကယ်တော့ တာပိုရေကန်ရှိရာ အရပ်ကို အမှီပြုကာ လည်ပတ်စရာ နေရာများကို စနစ်တကျ ချိတ်ဆက်ထား သည်ဟုပင်ဆိုနိုင်သည်။ ရေကန်အနီးတွင် လေယာဉ်ပေါ်မှ လေထီးခုန်ကာ ရေကန်ကြီးနှင့် သဘာဝရှုခင်းများကို ကြည့်နိုင်သော အတွေ့အကြုံမျိုးရရန် ဝန်ဆောင်မှုပေးသော လုပ်ငန်းမျိုးရှိသည်။ အတွေ့အကြုံရစေရန် ကျွန်တော်နှင့် မိတ်ဆွေအချို့ အမြင့်ပေ ကိုးထောင်မှ လေထီးခုန်ခဲ့ကြပါသည်။ တစ်ယောက်တည်း ခုန်ရခြင်းမျိုးမဟုတ်ဘဲ ကျွမ်းကျင်သော လေထီးသမားများနှင့်တွဲလျက် တစ်တွဲစီ ခုန်ချရခြင်းမျိုးဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့မှာ လေထီးနှင့် ပတ်သက်၍ နားလည်ရန်မလိုပေ။ လေယာဉ်ပေါ်မှ ခုန်ချချခြင်း လေထီးမပွင့်မီ စက္ကန့်သုံးဆယ်မှာ အင်မတန် အသည်းထိတ်ဖွယ်ပင်။

လေထီးပွင့်သွားမှပင် စိတ်သက်သာရာရကာ ဘေးပတ်ဝန်းကျင်ရှုမျှော်ခင်းများကို ကြည့်ရပါလေ၏။ တာပိုရေကန်မှ စီးထွက်သော ဝိုင်ခါတို အမည်ရမြစ်သို့လည်းရောက် ခဲ့ပါသည်။ မြစ်ရေမှာ ကြည်ပြာလဲ့လဲ့နှင့် အေးစက်လှပါသည်။ ထိုမြစ်အတွင်း ဂျက်ဘုတ်(Jet Boat) ဟုခေါ်သော စက်တပ်လှေငယ်ကို အရှိန်ပြင်းပြင်းနှင့် ရေစီးသန်သည့် မြစ်ရိုးတစ်လျှောက် အစုန် အဆန်ဝေ့ဝိုက် ခုန်ပေါက် လှည့်ပတ် မောင်းပို့သော ဝန်ဆောင်မှုမျိုးကို ရနိုင်လေရာ ကျွန်တော်တို့ မြန်မာကျောင်းသူ ကျောင်းသားတစ်စု ထိုလှေကို စီးကာ ငယ်သံပါအောင် အော်ဟစ်လန့်ထိတ်နှင့် ပျော်ခဲ့ကြပါပေသည်။ တာပိုတစ်ဝိုက်တွင် ရဟတ်ယာဉ်စီးကာ အလှအပရှုမျှော်ခင်း ကြည့်ခြင်း ဝန်ဆောင်မှုမျိုးနှင့် အခြားသော အားကစား၊ အပန်းဖြေစရာ ဝန်ဆောင်မှုများစွာ ရနိုင်ပေသည်။ သို့ရာတွင် ကျွန်တော်တို့မှာ အချိန်မရခြင်းကြောင့် ကျောက်တောင်တက်ခြင်းဟု အမည်ပေးထားသည့် နံရံရှိဘုကလေးများကို ဖက်တွယ်တက်ရသော ကစားနည်းကိုသာ တခုတ်တရ ကစားဖြစ်ခဲ့သည်။ ‌နေ့ခင်းနေ့လယ် အားလပ်ချိန်များတွင်မူ တာပိုရေကန်ရှေ့ဘက်ရှိ တောင်က မူမြက်ခင်းစိမ်းထဲတွင် ဂေါက်ရိုက်သင်ခြင်း၊ မိတ်ဆွေအချို့နှင့် ဂေါက်ရိုက် ကစားခြင်းများ လုပ်ဖြစ်ခဲ့ပါသည်။ ကီဝီတောရှိ ဝန်ဆောင်မှုလုပ်ငန်းအများစု ဥပမာ စင်းလုံးဖြတ်ကားငှားခြင်း (တစ် ရက်လျှင်ဒေါ်လာ အစိတ်)၊ လေထီးခုန် ခြင်းတို့မှာ ဈေးသိပ်မများလှဘဲ ဧည့်သည်ကို ကောင်းစွာ စိတ်ကျေနပ်စေ သည်သာဖြစ်သည်။ ဤခရီးကား ကီဝီတောမှ မပြန်ခင် နှုတ်ဆက်ခရီး ဖြစ်ပါသည်။

ထိုခရီးမှ ဝယ်လင်တန်သို့ပြန်ရောက် သော် ဝယ်လင်တန်၏ ရာသီဥတုမှာ မိုးတစ်ဖြိုက် နေတစ်လှည့်နှင့် လေအေးက ထန်ထန် မူမမှန်ဖောက်ပြန်ရကား ကျွန်တော့်မှာ ဖျားသလိုလိုခံစားရလေသည်။ နွမ်းနယ်၍ ခေါင်းကိုက်လှသည် ဖြစ်ရာ အတော်ပင်ခံရခက်ပေသည်။ ကျွန်တော်၏ မိဘများမှာ စိုးရိမ်လျက် ကျောင်းသို့ပင် မသွားစေဘဲ အိမ်တွင်သာ အနားယူစေကာ ကီဝီတို့၏ လက်စွဲ ဆေးဓာတ်စာဖြစ်သော သံပုယိုသီး၊ ချင်းနှင့် ပျားရည်တို့ပါသည့် ရေနွေးပူပူကို ကျွန်တော့်အား တွင်တွင် တိုက်ပါလေသည်။ ကံကောင်းစွာပင် ကျွန်တော့်မှာ ဖျားခြင်း၊ အရသာပျက်ခြင်း၊ နှာစေး နှာချေခြင်းမျိုးမရှိလာခဲ့ဘဲ ခေါင်းကိုက် ခြင်းသာ ခံစားရလျက် ရက်အတန်ကြာသော် သက်သာသွားခဲ့ပေသည်။

ဝိတိုရိယတက္ကသိုလ်ဝင်းထဲရှိ ရှေးကျ သော ဟန်တာအဆောက်အအုံ (Hunter Building) ကြီးထဲတွင် ကျွန်တော်တို့၏ သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ပါသည်။ (သည်အဆောက်အအုံမှာ ၁၂ ရာစုနှင့် ၁၆ ရာစုအကြား အနောက်ဥရောပဘက် တွင် တွေ့ရများသော ဂိုသစ်အကြိုခေတ် ဗိသုကာလက်ရာမျိုးဖြစ်သည်။ ဘာသာရေး အဆောက်အအုံအဖြစ် အသုံးပြုခဲ့ ဟန်တူပါ၏။) ကိုဗစ်နှင့်ပတ်သက်၍ အစိုးရကထုတ်ပြန်ထားသော စည်းကမ်း ချက်များကို လိုက်နာရသည်ဖြစ်၍ အခမ်းအနားမှာ ကျွန်တော်တို့နယ်များက ဦးရှင်ကြီးတင်ခြင်းလောက်မျှပင် မစည်လှဘဲ လူကလေးနည်းနည်းနှင့် ပြီးလိုက်ရသည်။ သည်လိုအဖြစ်မျိုးကို ကြုံရသဖြင့် ကိုဗစ်သည် လူတို့၏ ပုဂ္ဂလိကလွတ်လပ်ခွင့်များစွာကို ဆောင်ယူ သွားခဲ့ပြီဖြစ်ကြောင်း ကျွန်တော် သတိပြုမိခဲ့ပါသည်။

နောက်တော့ ကြက်သီးထဖွယ် သတင်းတစ်ခုကြားခဲ့ရပါသည်။ ကျွန်တော်တို့ သွားလည်ခဲ့သော မြောက်ကျွန်း အသည်းရှိ နှင်းတောင်သို့ ကျွန်တော်တို့ မတိုင်မီက ကိုဗစ်ပိုးတွေ့ရှိရသူတချို့ သွားလည်ခဲ့ကြသည်တဲ့လေ။ သြော် ကိုဗစ်ဟာ တယ်လည်း နှောင့်တာကိုး… ဟူ၍သာ ဆိုနေမိပါတော့သည်။

ဝေယံထွဏ်း