လာမည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုယ်တိုင် လုပ်ငန်းမလုပ်တော့ဟုဆို

0
315
Dawei Watch, Dawei News, Dawei News Media

တည်ဆောက်ရေးလုပ်ငန်းများကို လာမည့်ဘဏ္ဍာရေးနှစ်စပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနကိုယ်တိုင်လုပ်မည် မဟုတ်တော့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။

ယင်းသို့မလုပ်ဆောင်တော့ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပါဝင်သည်။

မိုးမျှော်လယ်သမားတို့အတွက် မုန်တိုင်း “နိုလ်”

ယင်းဌာနများရှိ စီမံကိန်းအထူး အဖွဲ့များမှ အင်ဂျင်နီယာများ၊ ခရိုင်မြို့နယ် အင်ဂျင်နီယာများအနေဖြင့် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်မှစတင်ကာ ကိုယ်တိုင်တာဝန်ယူဆောင်ရွက်မည် မဟုတ်ကြောင်းပါရှိသည့် ထုတ်ပြန်ချက်တစ်စောင်လည်း ထွက်ရှိထားသည်။

လာမည့်ဘဏ္ဍာနှစ်တွင် လုပ်ငန်းများကို ဌာနမှ မလုပ်ကိုင်ရန် စာထုတ်ထားပြီး ယင်းစာပါအကြောင်းအရာအတိုင်း လုပ်ငန်းများကို တင်ဒါခေါ် မည်ဖြစ်ကြောင်း လမ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးသက်ဇော်ဝင်း က ဆိုသည်။

သို့ရာတွင် ဌာန၏လုပ်ငန်းအချို့ကိုမူ တိုင်းဒေသကြီး အစိုးရနှင့် ညှိနှိုင်း လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“စာမှာပါတဲ့အတိုင်း သွားဖို့တော့ အနေအထားလေးတော့ ရှိတယ်။ ဒါပေမဲ့ တိုင်းဒေသကြီး(အစိုးရ)အနေနဲ့ လိုအပ် ချက်အပေါ်မှာမူတည်ပြီး ပြန်ဆောင်ရွက် သွားမှာပါ” ဟု ဦးသက်ဇော်ဝင်းက ဆိုသည်။

တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကမူ ယင်းကိစ္စနှင့် ပတ်သက်၍ အကြောင်းကြားသည့်စာ မရောက်သေးကြောင်း ယင်းဌာန၏ တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်မိုးဦးက ပြော သည်။

“ဘတ်ဂျက် အတည်ပြုချက်မထွက် လာသေးတော့ ထပ်ဆင့်ညွှန်ကြားစာတော့ မထွက်လာသေးဘူးခင်ဗျား” ဟု ဦးဇော်မိုးဦးက ဆိုသည်။

လက်ရှိဘဏ္ဍာနှစ်တွင် အထက်ပါ ဌာန နှစ်ခုက ပြည်ထောင်စု/ တိုင်းအစိုးရ၏ ညွှန်ကြားချက်ဖြင့် ဌာနမှကိုယ်တိုင်ဆောင်ရွက်သည့် လုပ်ငန်းများရှိခဲ့သည်။

ယင်းညွှန်ကြားချက်အတိုင်းသာ လုပ်ဆောင်မည်ဆိုပါက တင်ဒါလုပ်နေသည့် ဆောက်လုပ်ရေးကုမ္ပဏီများ အလုပ်အကိုင်အခွင့်အလမ်း ပိုရလာမည်ဖြစ်ကြောင်း ထားဝယ်မြို့ အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် အမျိုးသားတစ်ဦး က ဆိုသည်။

Dawei Watch