ဆယ်နှစ်အတွင်း တနင်္သာရီ၏လိုအပ်ချက် ဆယ်ပုံတစ်ပုံကိုပင် အစိုးရက မဖြည့်စွမ်းနိုင်ခဲ့ဟု ဒေါ်ညိုညိုသင်းပြော

0
189

တနင်္သာရီမြို့နယ်တွင် လူထုလိုအပ်ချက်များပြားလျက်ရှိနေပြီး ပြီးခဲ့သည့်ဆယ်နှစ်အတွင်း အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် လူထုလိုအပ်ချက်၏ ဆယ်ပုံတစ်ပုံကိုပင် ဖြည့်စွမ်းပေးနိုင်ခြင်းမရှိခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ ညိုညိုသင်းက ပြောဆိုသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း နှစ်ဆယ်ကျော်မှ လူပေါင်းရှစ်ရာကျော်အား စစ်တမ်းကောက်ယူခဲ့ပြီး နောက် ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရွေး ကောက်ပွဲများနှင့် လွှတ်တော်များ ပေါ် ပေါက်လာသည်မှာ ၁၀ နှစ်ဝန်းကျင်ရှိခဲ့ပြီ ဖြစ်သည်။

တနင်္သာရီမြို့နယ်တွင် လူထုလိုအပ်ချက်မြင့်မားဟု ဒေါက်တာညိုညိုသင်းပြော

“ဒီဆယ်နှစ်အတွင်း အစိုးရရဲ့ ပံ့ပိုးမှု ဆယ်ပုံတစ်ပုံတောင် မရှိသေးတာကို တွေ့ရတယ်” ဟု ၎င်းက ပြောသည်။

ယင်းအပြင် တနင်္သာရီ၏ အခြေခံလိုအပ်ချက်များအား လွှတ်တော်များမှ ဖြည့်စွမ်းပေးနိုင်စွမ်းမှာ အတော်ပင် အားနည်းနေသည်ကိုလည်း တွေ့မြင်ရသည်ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။

စစ်တမ်းအရ တနင်္သာရီလူထုတွင် လျှပ်စစ်မီး၊ သောက်သုံးရေ၊ ဆေးရုံဆေးခန်းနှင့် ပညာသင်ကြားရေးအတွက် ကျောင်းဆောင်များ စသည့်အခြေခံ လိုအပ်ချက်များ ရှိနေသည်။

တနင်္သာရီမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း နှစ်ဆယ်တစ်အုပ်စုနှင့် ကျေးရွာပေါင်း နှစ်ရာနီးပါးရှိကာ ဆေးရုံရှိသည့် ကျေးရွာမှာ သုံးရွာသာရှိသလို အခြေခံလူတန်းစား အများစုသည် မူလတန်းအဆင့် ပညာရေးသာတတ် မြောက်ကြပြီး အလယ်တန်းအောင်မြင်သူမှာ ရှားသည်ဟု စစ်တမ်းအရ တွေ့ရကြောင်း ဒေါက်တာညိုညိုသင်းက ဆိုသည်။

ယင်းကြောင့် သူ့အနေဖြင့် လွှတ်တော်အတွင်းသို့ ရောက်ရှိခဲ့မည်ဆိုလျှင် ပြီးခဲ့သည့် ဆယ်နှစ်အတွင်း နိုင်ငံတော်မှ ထောက်ပံ့ပေးမူထက် နှစ်ဆပို၍ လာမည့် ငါးနှစ်တွင် ထောက်ပံ့ပေးနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဒေါက်တာညိုညိုသင်း၏ ပြောဆိုမှုများနှင့် ပတ်သက်ပြီး တချို့တစ်ဝက်သာ လက်ခံနိုင်သည်ဟု ဒေသခံအချို့က တုံ့ပြန်ခဲ့သည်။

လာမည့်ရွေးကောက်ပွဲတွင် ဒေါက်တာညိုညိုသင်းသည် အမျိုးသားလွတ်တော် မဲဆန္ဒနယ်အမှတ် ၉ (တနင်္သာရီမြို့ နယ်) မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းနယ်မြေသည် လက်ရှိအာဏာရပါတီမှ ကိုယ်စားလှယ်ဖြစ်သည့် ဦးရဲမြင့်ဆွေ ဝင်ရောက်ယှဉ်ပြိုင်မည့် နေရာလည်း ဖြစ်သည်။

ကိုဆန်း