မိုးမျှော်လယ်သမားတို့အတွက် မုန်တိုင်း “နိုလ်”

Dawei Watch, Dawei News, Dawei News Media
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အရှေ့ဘက်မှ လာသော အပူပိုင်းမုန်တိုင်း “နိုလ်”(NOUL) သည် အနောက်ဘက်သို့ ရွေ့လျားကာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုန်လေ အားကောင်းလာရာမှ အားအလွန်ကောင်းလာနိုင်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန် ကြေညာထားသည်။

မုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာ ၁၉ ရက်မှ ၂၂ ရက်နေ့အတွင်း တနင်္သာရီတိုင်းအပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်ဆယ့်တစ်ခုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ် နိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

လက်ရှိတွင် တိုင်းအတွင်းရှိ လယ်သမားများမှာ မိုးခေါင်မှုဒဏ်ကို ကြုံနေရပြီး လယ်များမှာ ခမ်းခြောက်ကာ စပါးအထွက်နှုန်းများ ထိခိုက်မည့်ဘေးကို စိုးရိမ်နေရသည်။
မုန်တိုင်း “နိုလ်” သည် ထိုဘေးကို ကယ်တင်နိုင်ပါမည်လော။

တိုင်းအတွင်း မိုးရွာသွန်းမှုနည်းပါးသဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ရေရရှိမှုနည်းပါးပြီး စပါးပင်များ ကြီးထွားမှုနှေးကာ အပင်မသန်ဖြစ်ခြင်း၊ လောင်မီးပိုးကျခြင်း၊ ကြွက်စားခြင်းများ ဖြစ်နေသည်ဟု ထားဝယ်ခရိုင် လယ်သမားအချို့၏ ပြောပြချက်အရ သိရသည်။

မိုးများသည့်အခါ နှစ်စဉ်လိုပင် စပါးပင်များ ရေကြီးနစ်မြုပ်ဖြစ်သော်လည်း ယခုနှစ်တွင် မိုးနည်းသဖြင့် ရေ ရရှိမှုနည်းကာ စပါးပင်များ အပင်ကြီးထွားမှုနှေးပြီး နီလာသည်ဟု လောင်းလုံးမြို့၊ ပြင်ကြီးကျွန်းမှ လယ်ပိုင်ရှင် ဦးကျော်ကျော်လင်းက ပြောသည်။

“လယ်သမားတွေက အရင်းရမှာ မဟုတ်ဘူးလို့ ပြောနေကြတယ်” ဟု ဦးကျော်ကျော်လင်းက ဆိုသည်။

၎င်း လုပ်ကိုင်နေသည့် လယ်ဧက ၄၀ဝ ခန့်တွင် အချို့လယ်များမှာ လောင်မီးပိုးမွှားလည်း ကျနေသဖြင့် စိုက်ပျိုးရေးဌာနသို့ ပိုးဖမ်းကာ သွားရောက်အကူအညီတောင်းခံခဲ့သည် ဟု ၎င်းက ပြောသည်။

သို့သော် စိုက်ပျိုးရေးဦးစီးဌာနမှ လောင်မီးပိုးအမျိုးအစားအလိုက် အသုံးပြုရမည့် ပိုးသတ်ဆေးကို မိမိဘာသာ ပြင်ပဆေးဆိုင်မှ ဝယ်ယူရန်သာ ညွှန်ကြားပေးခဲ့သည်ဟု ၎င်းက ပြောသည်။

မိုးနည်းသဖြင့် စပါးပင်ကြီးထွားမှု နှေးခြင်း၊ လောင်မီးပိုးကျခြင်းကြောင့် စပါးအထွက်မလျော့နိုင်သော်လည်း မိုးဦး၊ မိုးလယ်တွင် မိုးနည်းထားသဖြင့် စပါးရိတ်ခြွေကာလတွင် ဖျက်မိုးရွာသွန်းမှုကြောင့် ဆုံးရှုံးမှုများစွာရှိလာ မည်ကို လယ်သမားများ စိုးရိမ်နေကြသည်ဟု ဦးကျော်ကျော်လင်းက ပြောသည်။

ယင်းအပြင် ရိတ်ခြွေကာလတွင် စပါးအခြောက်ခံစနစ်မရှိသဖြင့် ရာသီဥတုကိုသာ အမှီပြုလှန်းနေရရာ မိုးရေ စိုပါက စပါးအရည်အသွေးကျကာ လယ်သမားအတွက် ဆုံးရှုံးမှုများလည်း ရှိနေသေးသည်။

စော်ဝကျေးရွာမှ လယ်သမား ဦးအောင်ကြည်၏ လယ်ရှိ စပါးပင်များမှာ မိုးနည်းသဖြင့် အပင်မကြီးထွားနိုင်ဘဲဖြစ်နေပြီး ယခင် နှစ်လခွဲ၊ သုံးလ သားခန့်အရွယ်တွင် ပေါင်စောင်းလောက် ရှိသော်လည်း ယခုအခါ စပါးပင်မှာ ဒူးလောက်သာရှိသည်ဟု ပြောသည်။

“ရေမရှိတော့ ကြွက်ကလှောင်တယ်။ ဘေးနားကတော့ တောကြောင်တွေလည်းရှိတော့ စပါးပင်တွေက တက်မနိုင်ဘဲ ဖြစ်နေတယ်” ဟု ဦးအောင်ကြည် က ဆိုသည်။

လယ် လေးဧကအတွက် နှစ်စဉ် ဓာတ်ဆား လေးအိတ်သာ ကျွေးနေသော်လည်း ယခုနှစ်တွင် မိုးနည်းပြီး အပင်မကြီးထွားနိုင်သဖြင့် ဓာတ်ဆား နှစ်အိတ်ခန့် ပိုကျွေးနေရသည်ဟု သူက ဆိုသည်။

ဓာတ်ဆားတစ်အိတ်လျှင် ကျပ် သုံးသောင်းခန့်ရှိရာ နှစ်အိတ်အတွက် ကျပ်ခြောက်သောင်းဝန်းကျင် အရင်းထပ်မံစိုက်ထည့်ရခြင်း ဖြစ်သည်။

ဦးအောင်ကြည်လယ်မှာ ထားဝယ်မြစ်ကမ်းနံဘေးတွင် ရှိပြီး မိုးများပါက နှစ်စဉ်ရေကြီးနစ်မြုပ်မှုကို ကြုံခဲ့ရသည်။

ယခုနှစ်တွင် ပြီးခဲ့သည့်နှစ်ကထက် မိုးနည်းလာသဖြင့် လယ်ထဲတွင် ရေတင်နေဖို့မဆိုထားနှင့်၊ မြစ်ချောင်း အတွင်းပင် ရေနည်းလာသည်ဟု ၎င်းက ပြောသည်။ အနီးအနားရှိ အခြားလယ်များတွင်လည်း အလားတူဖြစ်နေသည်ဟု ဆိုသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် မိုးနည်းပြီး ယခုနှစ်မှ ပိုးကျသည်ဟု သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွ ကျေးရွာမှ ကိုထွန်းထွန်းလင်းက ပြောသည်။

“အခုက မိုးက ၅၀ ရာခိုင်နှုန်းတောင် မရှိဘူးလေ” ၎င်းက ဆိုသည်။

တိုင်းအတွင်း မိုးနည်းသဖြင့် စပါးပင်အချို့မှာ အပင်မကြီးထွားနိုင်ခြင်း၊ ရေမရှိသည့်လယ်များတွင် ကြွက်ကျခြင်း၊ လောင်မီးပိုးကျခြင်းတို့ကို တွေ့ရသည်ဟု သီးနှံကာကွယ်ရေးဌာနခွဲမှ တိုင်းတာဝန်ခံ ဒေါ်အေးသန္တာစိုးက ကပြောသည်။

ကိုဗစ်ကာလတွင် ကွင်းဆင်းလုပ်ဆောင်မရသဖြင့် ဖုန်းဖြင့် ညွှန်ကြားသော်လည်း တောင်သူလယ်သမားများမှာ ထိထိရောက်ရောက်လုပ်ဆောင်ခြင်း မရှိသောကြောင့် ကွင်းဆင်းကြည့်သည့်အခါ စပါးပင်များမှာ နီနေပြီဟု ၎င်းက ဆိုသည်။ အချို့လယ်များတွင် ပက်ကြားအက်များဖြစ်ကုန်သည်ဟု ၎င်းက ပြောသည်။

သူ့အဆိုအရ ပိုးကျသည့် လယ်များကို ပိုးသတ်ဆေးဖျန်းပြီးပါက လယ်ထဲရှိရေများကို ထုတ်ရန်ပြောဆိုသော်လည်း လယ်သမားများမှာ မိုးမလာသဖြင့် လယ်ထဲရှိရေများကို မထုတ်လိုကြ။

မိုးမရွာသဖြင့် တောင်သူများမှာ လယ်ထဲမှ ရေကိုထုတ်မရဲဘဲ စပါးပင်အပွားများမထွက်နိုင်ဖြစ်ကာ အချို့ လယ်ရှိ စပါးပင်များ သေကုန်သည်လည်းရှိသည်ဟု ဒေါ်အေးသန္တာစိုးက ပြောသည်။ ယခုအခါ မိုးအနည်းငယ်ခန့် ရွာနေသဖြင့် စပါးပင်များအတွက် အဆင်ပြေသွားနိုင်သည်ဟု သူက သုံးသပ်သည်။ ကြွက်ကျခြင်းနှင့် လောင်မီးပိုးကျခြင်းမှာ ထားဝယ်ခရိုင်တွင် ယခင်နှစ်ကထက် အနည်းငယ်ပိုဖြစ်များ နေသည်ဟု ၎င်းက ဆိုသည်။

ကြွက်ကျခြင်းနှင့် လောင်မီးပိုးကျခြင်းအတွက် လိုအပ်သည်များကို လုပ်ဆောင်ထားပြီဖြစ်သောကြောင့် စပါးအထွက်ကို ထိခိုက်နိုင်မှုမရှိနိုင်ကြောင်း ဒေါ်အေးသန္တာစိုးက ပြောသည်။

“မိုးကြီးလာတဲ့ အခါကျရင် အစ်မတို့က စပါးအနှံထွက်ပြီးတော့မှ စပါး ပန်းပွင့်တဲ့ အချိန်နဲ့ မတိုက်ဖို့ပဲလိုတာ၊။ နောက်တစ်ခုက ဘာပူရသေးသလဲဆိုရင် အနှံက ဝတ်ရည်တည်ပြီးမှ အောင်ရေ မရဘူးဆိုရင် အစ်မတို့ စပါးအထွက်ထိ နိုင်တယ်ပေါ့။ ကျန်တာတော့ သိပ်ပြဿနာမရှိပါဘူး” ဟု၎င်းက ဆိုသည်။

မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ ပညာရှင်များ၏ ပြောဆိုချက်အရ ရာသီတုပြောင်းလဲလာခြင်းကြောင့် မိုးရွာသွန်းမှုပုံစံများပြောင်းလာခြင်း၊ မိုးရေချိန်လက်မနည်းလာခြင်းသည် တနင်္သာရီတိုင်းတစ်ခုတည်းတွင်သာမက မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အပူချိန်များ မြင့်တက်လာခြင်း၊ မြေအောက်ရေ ခမ်းလာခြင်း၊ ရေရှားလာခြင်းများ ခပ်စိပ်စိပ်ဖြစ်ပေါ်နေသည်။

အနောက်တောင်မုန်သုန်လေသည် စက်တင်ဘာ ၁၇ ရက်မှစတင်ကာ မြန်မာနိုင်မြောက်ပိုင်းဒေသများမှ ဆုတ်ခွာလျက်ရှိပြီး တနင်္သာရီတိုင်းတွင် အောက်တိုဘာ ၁၀ ခန့်အတွင်း ရောက်ရှိနိုင်သည်ဟု တနင်္သာရီတိုင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနမှ သိရသည်။

ယခုလာမည့် အပူပိုင်းမုန်တိုင်း “နိုလ်” ၏ အရှိန်၊ မုတ်သုန် ဆုတ်ကာလ တစ်လတာအတွင်း ရရှိနိုင်မည့် မိုးရွာသွန်းမှုများကြောင့် စပါးပင်များအတွက် အောင်ရေရသွား နိုင်သည်ဟု အထက်ပါဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။

“ဒါပေမဲ့ နောက်ပိုင်းမှာ ဖြစ်လာမယ့် မိုးလွန်မုန်တိုင်းတွေရဲ့ သက်ရောက် မှုကြောင့် ဒီစိုက်ပျိုးသီးနှံတွေ သိမ်းဆည်းတဲ့အချိန်မှာ လေလွင့်မှုထပ်မဖြစ်အောင် ကြိုတင်စဉ်စားပြီးတော့ ဆောင်ရွက်ထားစေချင်တယ်” ဟု သူက သတိပေးသည်။

မိုးမြင့်