အနှိပ်ခန်းနှစ်ခုကို အသွင်ယူဖမ်းဆီး

0
237
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့ရှိ အနှိပ်ခန်းနှစ်ခုကို ရဲတပ်ဖွဲ့က အသွင်ယူဖမ်းဆီးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

အနောက်မြို့တွင်းရပ်ကွက်၊ မြို့တွင်းလမ်းရှိ ဟိုတယ်နှင့် ကမြောကင်း တံတားအနီးရှိ တိုက်ခန်းတန်းတစ်ခုတို့တွင် ခိုးဖွင့်နေသည့် အနှိပ်ခန်းနှစ်ခုကို စက်တင်ဘာလ ၁၁ ရက်နှင့် ၁၆ ရက်နေ့တို့တွင် အသွင်ယူဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဆိုင်များ နှာခေါင်းစည်းမတပ်ဘဲ ရောင်းချပါက ရောင်းခွင့်တစ်လ ပိတ်သိမ်းသည့်အပြင် ငွေဒဏ်ပါ ပေးဆောင်ရမည်

ကမြောကင်းတံတားအနီးရှိ တိုက်ခန်းတွဲတွင် Leelawadee အမည်ဖြင့် ဖွင့်ထားသည့် အလှပြင်ဆိုင်(Beauty and Spa) တွင် အနှိပ်ခန်းလုပ်နေကြောင်း သတင်းအရ စက်တင်ဘာလ ၁၁ ရက် နေ့က အသွင်ယူဖမ်းဆီးရာ အနှိပ်ခန်းလုပ်သား အမျိုးသမီး လေးဦးနှင့် အနှိပ်ခန်းပစ္စည်းများ ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထို့အပြင် အနှိပ်ခန်းပိုင်ရှင်အမျိုးသမီးတစ်ဦးနှင့် မန်နေဂျာအမျိုးသားတစ်ဦးကိုလည်း ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

၎င်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၅ ဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း အနောက်မြို့တွင်းရပ်ကွက် ၊ မြို့တွင်းလမ်းရှိ ဟိုတယ်တွင် အနှိပ်ခန်းလုပ်ကိုင်နေကြောင်း သတင်းအရ အသွင်ယူဖမ်းဆီးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့အသွင်ယူဖမ်းဆီးရာ ဟိုတယ်ရှိ Spa အခန်းတွင် အနှိပ်အလုပ်သမ လေးဦးနှင့်အတူ အနှိပ်ခန်းသုံးပစ္စည်းများဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဟိုတယ်မန်နေဂျာ အမျိုးသားတစ်ဦးနှင့် အနှိပ်သမ လေးဦးကို သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၅ ဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။

လက်ရှိ ကိုဗစ်ရောဂါကူးစက်မှုမြင့် တက်နေချိန်တွင် KTV ၊ အနှိပ်ခန်း၊ ပြည့်တန်ဆာလုပ်ငန်းများကို ပိုက်စိပ်တိုက်ရှာဖွေပြီး ဖမ်းဆီးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကလည်း ပြောဆိုထားသည်။

Dawei Watch