သုံးဘီးယာဉ်အသင်းတစ်ခုက ယာဉ်ရပ်နားစခန်းအတွက် မြေနေရာလျှောက်ထား

0
297
Dawei Watch, Dawei News, Dawei News Media

ရွှေပျံလွှားဟု အမည်ပေးထားသော ထားဝယ်မြို့အခြေစိုက် သုံးဘီးယာဉ် လိုင်းတစ်ခုမှ မြို့တွင်းငါးနေရာတွင် ယာဉ်ရပ်နားစခန်း ဖွင့်လှစ်ရန်အတွက် ထားဝယ်စည်ပင်တွင် လျှောက်ထားကြောင်း သိရသည်။

လျှောက်ထားသည့် မြေနေရာမှာ လေယာဉ်ကွင်း၊ အဝေးပြေးကားဝင်း၊ အခွန်လွတ်ဈေး၊ ကမ်းနားဈေးနှင့် မယ်ဒီလန်းဆေးရုံရှေ့ရှိ မြေနေရာတို့ဖြစ်ကြောင်း ရွှေပျံလွှားသုံးဘီးအသင်း တာဝန်ခံ ဦးအောင်စိုးက ပြောသည်။

ယင်းနေရာများများတွင် သုံးဘီး ရပ်နားစခန်းဖွင့်လှစ်ပြေးဆွဲရန် ခရိုင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဘက်မှလည်း ကန့်ကွက်ခြင်းမရှိသဖြင့် ထားဝယ် စည်ပင်ဘက်မှလည်း မြေငှားရမ်းခွင့်ပြု ချက်ပေးရန် စီစဉ်လျက်ရှိသည်။

ဟိန္ဒားမိုင်းပိတ်သိမ်းရေးစီမံချက် တင်ပြီးဟုဆို

“လမ်းဧရိယာ နယ်နိမိတ်မှာ ပေ ၂၀၊ ၁၀ ပေလောက်ကို ရပ်နားခွင့်ပေး မယ်။ အဲဒီအတွက်လည်း မြေငှားရမ်း ခတော့ သွင်းရမယ်ဆိုပြီးတော့ စည်ပင် ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ထားတယ်” ဟု ထားဝယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးသစ်ထွန်းစံက ဆိုသည်။

အိန္ဒိယနိုင်ငံထုတ် သုံးဘီးဆိုင်ကယ် မောင်းသူ ၁၅ ဦးဖြင့်ဖွဲ့စည်းထားသော ရွှေပျံလွှားအသင်းသည် GPS ဖြင့် ကွန်ရက် ချိတ်ဆက်ပြေးဆွဲရန်အတွက် သုံးဘီး ရပ်နားစခန်းမြေနေရာ အသုံးပြုခွင့် လျှောက်ထားခြင်းဖြစ်ကြောင်း ဦးအောင်စိုး က ပြောသည်။

အခြားသော သုံးဘီးမောင်းသမား အချို့ကမူ ယာဉ်ရပ်နားစခန်းတွင် ဂိတ်ထိုးပြေးဆွဲခြင်းမျိုးကို သဘောမကျ ကြပေ။

စည်ပင်က မြေအသုံးပြုခွင့်ရရှိထားသော သတ်မှတ်မြေနေရာအတွင်း အသင်းဝင်မဟုတ်သော အခြားသုံးဘီးသမားများ ဂိတ်ထိုးခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း ဦးအောင်စိုးက ပြောသည်။

ကျော်သူစိုး