တရားမဝင် ငွေတိုးချေးသူများအထဲတွင် နိုင်ငံ့ဝန်ထမ်းများပါဝင်နေ

0
296
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့အတွင်း တရားမဝင် ငွေတိုးချေးသူများတွင် နိုင်ငံ့ဝန်ထမ်းအချို့ တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်သော နည်းလမ်းများဖြင့် ပါဝင်ပတ်သက်နေကြောင်း ငွေချေးငှားနေသူအချို့ထံမှ စုံစမ်းသိရှိရသည်။

တိုက်ရိုက်ပါဝင်သည်ဆိုသည်မှာ နိုင်ငံ့ဝန်ထမ်းဆိုသူက တိုက်ရိုက်တရား မဝင်ငွေတိုးချေးခြင်းဖြစ်ပြီး သွယ်ဝိုက် သောနည်းလမ်းဆိုသည်မှာ အိမ်ထောင်ဖက် သို့မဟုတ် အခြားသူတစ်ဦးဦးက လုပ်ကိုင်ရာတွင် နိုင်ငံ့ဝန်ထမ်းက ငွေတောင်းခံခြင်း၊ စာချုပ်ချုပ်ဆိုနိုင်ရန် ဆောင်ရွက်ပေးခြင်း စသည်တို့ကို ဆိုလိုခြင်းဖြစ်သည်။

ကျောင်းဆရာမ၊ တရားရေးဝန်ထမ်း စသည်တို့ ပါဝင်နေခြင်းဖြစ်ပြီး လွန်ခဲ့သောနှစ်လခန့်ကအဆိုပါ စည်ပင်ဝန်းထမ်းလည်း ပါဝင်ခဲ့ကြောင်း ငွေချေး ငှားဖူးသူအချို့က ထုတ်ဖော်ပြောဆိုသည်။

တရားမဝင်ငွေချေးခဲ့သည့် နိုင်ငံဝန်ထမ်းဆိုသူတစ်ဦးနှင့် ငွေချေးငှားသူတို့ နှစ်ဘက်ချုပ်ဆိုထားသော “ငွေအကူအညီ ပေးထားခြင်း ကတိစာချုပ်” ဟု ခေါင်းစဉ် တပ်ထားသည့် စာချုပ်တစ်ခုအား တနင်္သာရီအပတ်စဉ်က တွေ့ရှိခဲ့ရသည်။

အဆိုပါစာချုပ် ငွေချေးသူဘက်တွင် နာမည်နှင့် မှတ်ပုံတင်နံပါတ်တစ်ခု ကိုရေးသားထားသည်။ ငွေချေးငှားသူနေ ရာတွင် နာမည်၊ မှတ်ပုံတင်နံပါတ်နှင့် လက်ဗွေတစ်ခုနှိပ်ထားသည်ကိုတွေ့ရသည်။ ယင်းအပြင် အသိသက်သေတစ်ဦး၏ အမည်နှင့် မှတ်ပုံတင်နံပါတ်ကိုလည်း ရေးသားထားသည်။

ယင်းစာချုပ်တွင် ငွေကျပ်သိန်းနှစ် ဆယ်ကျော်ကို ယုံကြည်အပ်နှံချေးထားသည့် သဘောသက်ရောက်သည့် စာများ ပါဝင်သည်။ သို့သော်ယင်းစာချုပ်သည် တံဆိပ်ခေါင်းကပ်နှိပ်ထားသော တရားဝင် စာချုပ်အမျိုးအစားမဟုတ်ဘဲ သာမန်စာရွက်ပေါ်တွင် ကွန်ပျူတာဖြင့် စာစီထားခြင်းသာ ဖြစ်သည်။

ငွေချေးခဲ့သူပြောဆိုချက်အရမူ စတင်ချေးယူစဉ်က သိန်းဆယ်ဂဏန်း ပင်မပြည့်ခဲ့ဘဲ ခန့်မှန်း ခုနစ်လဝန်းကျင်အတွင်း အတိုးအရင်းပေါင်း သိန်းနှစ်ဆယ်ကျော်ဖြစ်သွားသည်ဟု ဆိုသည်။

“မရှိတော့လည်း သွားသွားချေးနေ ရတာပေါ့” ဟု ငွေချေးခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

နာမည်၊ အသက်၊ နေရပ်လိပ်စာများကိုမှု ထည့်သွင်း မဖော်ပြရန် ယင်းအမျိုးသမီးက တောင်းဆိုခဲ့သည်။

နိုင်ငံ့ဝန်ထမ်းများသည် တရားမဝင်ငွေတိုးချေးသည့်ကိစ္စတွင်သာမကဘဲ ဥပဒေနှင့်မညီသည့် မည်သည့်ကိစ္စကိုမျှ ဆောင်ရွက်ခွင့်မရှိကြောင်း တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွန်ကြားရေးမှူး (ပညာ) ဦးဝင်းနောင်က ပြောသည်။

“သာမန်လူတွေတောင်မှ ဥပဒေကို လိုက်နာရတာ၊ ဝန်ထမ်းက မလိုက်နာဘဲ ဘယ်ရမလဲ” ဟု ဦးဝင်းနောင်က ဆိုသည်။

ယင်းကိစ္စသည် သတ်မှတ်ထားသည့် ဥပဒေအတိုင်းသာ တရားစွဲရမည်ဖြစ်ပြီး ဝန်ထမ်းစည်းကမ်းနှင့် အရေးယူရန် ညွန်ကြားချက်မရှိကြောင်း ၎င်းက ပြောသည်။

တရားမဝင်ငွေတိုးချေးလုပ်ငန်းသည် ရဲအရေးယူပိုင်ခွင့်မရှိသောကြောင့် တရားရုံးထံ တိုက်ရိုက်ဦးတိုက်လျှောက်ထား တရားစွဲဆိုရမည်ဖြစ်ကြောင်း ထားဝယ်မြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ဖူးသည်။

၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော သုတေသန စစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးသူ ငါးဆယ် ရာခိုင်နှုန်းကျော်သည် တရားမဝင်ငွေ ချေးလုပ်ငန်းများကို မှီခိုနေရဖြစ်ကြောင်း မြန်မာတိုင်း(မ်) သတင်းဌာနတွင် ဖော်ပြထားသည်။

ယင်းသုတေသန စစ်တမ်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအရင်းအနှီးရန်ပုံငွေ အဖွဲ့(UNDCF)တို့ ပါဝင်သော ပူးပေါင်းအဖွဲ့တစ်ခုက ကောက်ခံပြီး ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

ကျော်သူစိုး