ရော်ဘာရာသီအစ ကျပ်တစ်ရာခန့် ဈေးကျ

0
311

ထားဝယ်ဈေးကွက်၌ ရော်ဘာရာသီအစတွင် ကျပ်တစ်ရာခန့် ဈေးကျ လျက်ရှိသည်ဟု ရော်ဘာပွဲရုံအချို့နှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူအချို့ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က ရာသီအစတွင် မှိုင်းခံရော်ဘာ(နံပါတ်-၃) တစ်ပေါင်လျှင် ၈၀ဝ ဝန်းကျင်ခန့်ရှိပြီး ယခုနှစ်တွင် ၇၀ဝ ဝန်းကျင်ခန့် ရှိသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။

“အသစ်ထွက်လာရင် ထပ်ကျဦးမယ်။ ဒီတိုင်းတော့ ရပ်တည်နေမှာ မဟုတ်ဘူး” ဟု ထားဝယ်မြို့သစ် ၄ လမ်းရှိ ရော်ဘာပွဲရုံပိုင်ရှင် ဦးအောင်သန့်က ပြောသည်။

စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်သာရောင်းရန် ပြန်သတ်မှတ်

ပြီးခဲ့သည့်နှစ်က ရာသီအစတွင် ၈၀ဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး တဖြည်းဖြည်း ဈေးတက်လာရာမှ ကျပ်၉၀ဝ ကျော်အထိ ဖြစ်သွားခဲ့သည်ဟု ၎င်းက ဆိုသည်။

ယင်းမှ တစ်ဆင့် ကိုဗစ်စဖြစ်ချိန်တွင် ၄၉၀ ကျပ်ဝန်းကျင်ခန့်အထိ ဈေးပြန်ကျဆင်းခဲ့ရာ ယခု ရာသီအစတွင် ခုနစ်ရာဝန်းကျင်အထိ ပြန်လည်မြင့် တက်လာခြင်းဖြစ်သည်။

စက်တင်ဘာလ ၁၇ ရက်မေးမြန်းချက်အရ မှိုင်းခံရော်ဘာ(နံပါတ်-၃) တစ်ပေါင်လျှင် ထားဝယ်ဈေး ၇၂၀ ကျပ်ရှိပြီး ရော်ဘာအစေးရည် တစ်ပေါင်လျှင် ၆၉၀ ကျပ်ခန့်ရှိသည်ဟု ထားဝယ်ရွှေပြည် ကုမ္ပဏီ (ရှယ်ယာဝင်) မန်နေဂျာ ဦးထွန်းထွန်းလတ်က ပြောသည်။

“ဈေးကတော့ ဒီထက်ကို ဆိုးလာနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ခြောက်ရာငါးဆယ်၊ ခြောက်ရာ အဲဒီ ဝန်းကျင်လောက်အထိ ဆင်းသွားမလား မသိဘူး” ဟု ဦးထွန်းထွန်းလတ်က ဆိုသည်။

ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ယခု တစ်လ၊ နှစ်လအတွင်း ပြည်ပဈေးကွက်သို့ တင်ပို့ရန် အဆင်မပြေ နိုင်သေးသဖြင့် ရော်ဘာရောင်းသည့် ဈေးကွက်မရှိပါက ဈေးနှုန်းမှာ ယခုထက် ပို၍ ကျဆင်းလာနိုင်သည်ဟု ဦးထွန်းထွန်းလတ်က ခန့်မှန်းပြောဆိုသည်။

ကမ္ဘာ့ဈေးကွက်တွင် ရော်ဘာ ဈေးတက်နေသော်လည်း မြန်မာပြည် တွင်းဈေးကွက်တွင် ဝယ်လက်များပေးသည့် ဈေးနှင့်သာ ရောင်းဝယ်နေရသည်ဟု ထားဝယ်ခရိုင် ရော်ဘာစိုက်ပျိုးထုတ် လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးအောင်မျိုး က ပြောသည်။

“တို့ ဗမာပြည်က ရော်ဘာဈေးကွက် က သူတို့ လက်ထဲမှာမျိုး သွားဖြစ်နေတယ်” ဟု ဦးအောင်မျိုးက ဆိုသည်။

ယခုနှစ်တွင် မိုးနည်းသဖြင့် ရော်ဘာ အထွက်စောနေခြင်းဖြစ်သည်ဟု ပွဲရုံအချို့နှင့် တောင်သူအချို့က ဆိုသည်။

မိုးမြင့်