၀န်ထမ်းများ ရုတ်တရက် အနံ့အရသာပျောက်ဆုံးပြီး ကိုဗစ်သံသယရှိက အကြောင်းကြားပါ

0
285
Dawei Watch, Dawei News, Dawei News Media

ရုံး/ဌာနများရှိ ဝန်ထမ်းများအနေနှင့် ရုတ်တရက် အနံ့အရသာပျောက်ဆုံးပြီး ကိုဗစ်ကူးစက်ခံရမှုသံသယရှိက သက်ဆိုင်ရာ ဌာနအကြီးအကဲနှင့် နီးစပ် ရာကျန်းမာရေးဌာနသို့ ဆက်သွယ် အကြောင်းကြားရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဝန်ထမ်းများ ဖျားခြင်း၊ ရုတ်တရက် အနံ့အရသာပျောက်ဆုံးခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်ဖွယ် လက္ခဏာများ ခံစားနေရပါက ရုံး/ဌာနသို့ လုံးဝမလာရဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုဗစ်ပိုးတွေ့ရှိသူများနေထိုင်သည့် လမ်းနှစ်လမ်းအား အသွားအလာကန့်သတ်

ယင်းအပြင် လွန်ခဲ့သော ၁၄ ရက်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာ၊ စောင့်ကြည့်လူနာ၊ အသွားအလာ ကန့်သတ်ခံရသူတို့နှင့် ထိတွေ့မှုရှိခြင်း၊ ရောဂါဖြစ်ပွာမှုများပြားနေသော ဒေသများသို့ ခရီးသွားရောက်ခဲ့ခြင်းတို့ ရှိပါက ရုံး/ဌာနသို့ လာရောက်ခြင်း (လုံးဝ) မပြုရန် ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၇၀ ရာခိုင်နှုန်းကျော်သည် ရောဂါ လက္ခဏာတစ်စုံတစ်ရာမပြဘဲ လူကောင်းတစ်ဦးကဲ့သို့ ကျန်းမာစွာဖြင့် ရက်အတန်ကြာသည်အထိ နေနိုင်ပြီး အလုံပိတ်အခန်းများ၊ Air-con အခန်းများတွင် လေထဲလွင့်မျော၍ ကူးစက်ခြင်းများ ဖြစ်နိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည် အသက်ရှူထုတ်လျှင်ပင် ငါးပေခန့်အထိရောက်ရှိနိုင်ပြီး ချောင်းဆိုးပါက ခြောက်ပေခွဲ ကျော်အထိ၊ နှာချေပါက ၁၉ ပေခွဲကျော်အထိ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ချက် က ဆိုသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ရုံးသို့လာစဉ်၊ ရုံးတက်စဉ်နှင့် ရုံးပြန်ချိန်များတွင် ခြောက်ပေအကွာ နေရန်၊ ပါးစပ်နှာခေါင်းစည်းတပ်ရန်၊ ရေနှင့် ဆပ်ပြာကို အသုံးပြုပြီး စက္ကန့် ၂၀ ကြာအောင် လက်ဆေးရန် စသည့် အချက်များကို တစ်နေ့ သုံးကြိမ် အချင်းချင်း ပြောကြားရမည်ဖြစ်သည်။

အခြားသူများနှင့် ထိတွေ့မှု အများဆုံး ရှိနိုင်သည့် မျက်နှာပြင်များကို မကြာခဏ ပိုးသတ်သန့်စင်ရန်၊ အိမ်သို့ပြန် ရောက်ပါက အဝတ်အစားများကို ဆပ်ပြာဖြင့် မိနစ် ၃၀ စိမ်ပြီးမှ လျှော်ဖွပ်ရန် နှင့် ဆပ်ပြာဖြင့် ရေချိုးရန်၊ ကိုယ်လက် သန့်စင်ခြင်းမပြုမီ နေအိမ်ရှိ သက်ကြီး ရွယ်အိုများ၊ ကလေးငယ်များနှင့် အနီးကပ် ထိတွေ့ခြင်းမပြုရန် စသဖြင့် လိုက်နာရမည့် အချက်များကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးမြင့်