ဆိုင်များ နှာခေါင်းစည်းမတပ်ဘဲ ရောင်းချပါက ရောင်းခွင့်တစ်လ ပိတ်သိမ်းသည့်အပြင် ငွေဒဏ်ပါ ပေးဆောင်ရမည်

0
624
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့နယ်အတွင်း ဈေးဆိုင်ရောင်းသူများအနေနှင့် နှာခေါင်းစည်း မတပ်ဘဲ ရောင်းချပါက ဆိုင်ကို တစ်လ ပိတ်ခိုင်းမည့်အပြင် ငွေဒဏ်ပါ ပေးဆောင်ရမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီထံမှ သိရသည်။

လက်ရှိတွင် ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်လာသဖြင့် ယင်းကဲ့သို့ အရေးယူရန် လုပ်ဆောင်လာခြင်းဖြစ်သည်။

နိုင်ငံဝန်ထမ်းများ နယ်ကျော်ခရီးသွားက သွားသူနှင့်အတူ ဖုံးကွယ်ထားသူကိုပါ အရေးယူမည်

နှာခေါင်းစည်းမတပ်ဘဲ ဆိုင်ရောင်းချနေပါက ပထမအကြိမ်တွေ့ရှိပါက ဒဏ်ငွေကျပ် ငါးထောင်မှ ငါးသောင်း အထိ၊ ဒုတိယအကြိမ်ပျက်ကွက်ပါက ဆိုင်ရောင်းချခွင့် သုံးရက်ပိတ်မည်ဖြစ်ပြီး တတိယအကြိမ် ဖောက်ဖျက်ပါက အနည်းဆုံးဒဏ်ငွေ ကျပ်သုံးသောင်းမှ ကျပ်သုံး သိန်းအထိ ချမှတ်ခံရမည့်အပြင် ဆိုင်ရောင်းချခွင့် တစ်လ ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။

တတိယအကြိမ် အရေးယူမှုကို စည်ပင်သာယာရေးဥပဒေအရ တရားရုံးတင်ပြီး တရားစွဲဆိုရမည်ဖြစ်ကြောင်း စည်ပင်ကော်မတီ အတွင်းရေးမှူးက ဆိုသည်။

ယခင်ကလည်း ဈေးရောင်းချသူနှင့် ဈေးဝယ်သူများ နှာခေါင်းစည်းတပ်ရန် ဆော်သြကြပ်မတ်ခဲ့သော်လည်း လိုက်နာမှု အားနည်းခဲ့သည်။

နှာခေါင်းစည်းတပ်ရမည့် စည်းကမ်းချက်အပြင် ဈေးရောင်းသူနှင့် ဈေးဝယ်သူအကြား ခြောက်ပေအကွာမှ ဝယ်ယူရမည် ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

“ဒီအစီအစဉ်က စနေပါပြီခင်ဗျား။ အဲဒီအမိန့်ထုတ်တဲ့နေ့ကစပြီးတော့ စနေပြီ” ဟု မြို့နယ်စည်ပင်ကော်မတီ အတွင်းရေးမှူးက ပြောသည်။

အထက်ပါအချက်များအပြင် အခြားစည်းကမ်းချက်များကို စက်တင်ဘာလ ၁၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

“(စည်ပင်)ဧရိယာထဲမှာရှိတဲ့ ပုဂ္ဂလိက ဈေးရော၊ (စည်ပင်သာယာရေး) အဖွဲ့ပိုင် ဈေးရောပေါ့နော်၊ အဖွဲ့တွေ ခွဲထားတာရှိတယ်” ဟု စည်ပင်ကော်မတီဝင် ဦးကျော် ကျော်ဦးက ဆိုသည်။

ထိုစည်းကမ်းချက်များ လိုက်နာမှု ရှိ/ မရှိကို စည်ပင်သာယာရေးဝန်ထမ်းများ၊ ကိုယ်ပိုင်ဈေးပိုင်ရှင်များနှင့် ပျံကျ ဈေးကောက်လိုင်စင်ရထားသူများနှင့် ဈေးကော်မတီများမှ ကြီးကြပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဈေးများအပြင် အိမ်ဆိုင်နှင့် ကွမ်းယာ ဆိုင်များတွင်လည်း နှာခေါင်းစည်းတပ်ရန် အပါအဝင် အခြားစည်းကမ်းချက် များကို လိုက်နာရန် ပျက်ကွက်ပါက အရေးယူမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူးက ဆိုသည်။

Dawei Watch